ရန်ကုန် အနီး လှည်းကူးမီး သေကြေ ပျက်စီးမှုများပြား

alt

စီးပွားရေး မြို့တော် ဖြစ်သော ရန်ကုန်မြို့ ဆင်ခြေဖုံး လှည်းကူး၌ ယမန်နေ့ (စနေနေ့) ညဦးပိုင်းတွင် I.B.T.C ကုမ္မဏီပိုင် Grand Royal Whiskey အရက်ချက် စက်ရုံတခုမှ ကြီးမားသော မီး လောင်ကျွမ်းမှု တခု ဖြစ်ပွားသည်ဟု

မျက်မြင်သက်သေ တဦးက လူထုအသံ အား ပြောကြား လိုက်သည်။

ရန်ကုန်မြို့ မြောက်ဖက် ကီလိုမီတာ ၅၀ခန့် ကွာဝေးသော လှည်းကူးတွင် ညနေ ၆ နာရီခန့်မှ စတင်ကာ Grand Royal Whiskey  စက်ရုံမှ မီးတောက် မီးလျှံကြီးများ ထိုးတက်လာသည်ကို တွေ့မြင်ကြရသည် ဟု ပြောကြားလိုက်ပြီး၊ အခင်း ဖြစ်ပွားမှုှတွင် လူ ၃ဦး သေဆုံး၍ ၁ဦး ပျောက်ဆုံးကာ၊ ၈ဦး အပြင်းအထန် ဒဏ်ရာ ရရှိသည်ဟု ဆိုသည်။

ထိုစက်ရုံမှ အလုပ်သမား ၃ဦး သေဆုံးကာ တဦးမှာ မည်သူ မည်ဝါမှန်း မသဲကွဲပဲ လောင်ကျွမ်း သေဆုံးခဲ့ရသည်ဟု ဆိုသည်။ မီးလောင်ရာ၌ ဒဏ်ရာ အပြင်းအထန် ရရှိသော လူနာ ၅ဦးမှာ ရန်ကုန် အထွေထွေကု ဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျှက်ရှိပြီး၊ ကျန် ၃ဦးမှာ လှည်းကူးတိုက်နယ် ဆေးရုံတွင် တက်ရောက်၍ ဆေးကုသမှု ခံယူလျှက်ရှိသည်ဟု သိရှိရသည်။

ဤ မီးလောင်ကျွမ်းမှုအား ရန်ကုန်မြို့ အနီး ဝန်းကျင်မှ မီးသတ်ကား ၄၇စင်းဖြင့် ငြိမ်းသတ်ရန် ကြိုးပမ်း ခဲ့ကြသော်လည်း မီးပြင်းထန်၍ စက်ရုံမီးလောင်ရာ မီးငြိမ်းသတ်နေသော မီးသတ် ကားတစင်းမှာ မီးကူး၍ လောင်ကျွမ်း ပျက်စီးခဲ့ရသည်ဟု သိရှိရသည်။ အရက်ချက်စက်ရုံ ၂ရုံရှိသည့် အနက် ၁ရုံ လောင်ကျွမ်းပြီး ဘွိုင်လာအိုးများမှ စတင် လောင်ကျွမ်းသည်ဟု သိရှိရသည်။

ဒဂုံမြို့သစ် တောင်ပိုင်းမှ အမည်မဖေါ်လိုသူ တဦးက လူထုအသံအား ပြောကြားရာတွင် “ ဖြစ်တာက လှည်းကူးမှာ ဖုန်းဆက် အကြောင်းကြားတာက ဒဂုံမြို့သစ်က …. ဒီတော့ မှောင်စပျိုးချိန် မီးကလည်း မလာတော့ မီးသတ်ကားတွေက  မပြုပြင်လို့ ပျက်ဆီး ကြမ်းတမ်းတဲ့ ဒဂုံမြို့သစ်ထဲမှာ အိပဲ့အိပဲ့ လည်နေတာ ၁နာရီလောက် ရှိတယ်၊ အဆိုးဆုံးက မီးလောင်ရင် လက်ခမောင်း ခတ်တဲ့ တောကြောင်တွေပဲ၊ ကျုပ်ကိုယ်တိုင် သူတို့ ဖွင့်ပြောနေတာကို ကြားခဲ့တာ၊ လုမယ် … ယက်မယ် .. ဆိုတာကြီးပဲ သူတို့က မီးသတ်ကား သွားတဲ့နောက်ကို စက်ဘီးတွေနဲ့ လိုက်နေကြတာလေ…” ဟု ပြောဆိုသွားပါသည်။

အဆိုပါ အရက်ချက် စက်ရုံမှာ ပြည်တွင်းဖြစ် နံမည်ကျော် အရက်ချက် စက်ရုံ ဖြစ်ပြီး အစုစပ် ၅ဦး ပိုင်ဆိုင်ကာ မန်နေဂျင်း ဒါရိုက်တာမှာ ဥဿာယူနိုက်တက် ဘော်လုံးအသင်း ပိုင်ဆိုင်သူ  ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here