ပါးပါးလှီး ခံရသူများ

ဆောင်းပါး သရုပ်ဖေါ် © မင်းကျော်

ထိုင်းနိုင်ငံထဲတွင် မြန်မာ အလုပ်သမားများ သန်းနှင့်ချီပြီး အလုပ် လုပ်နေကြခြင်းကို မီဒီယာတွေ မှတဆင့် စာရှုသူတို့ သိရှိကြပြီး ဖြစ်သည်။ သို့သော် ထိုနိုင်ငံရပ်ခြား ရွှေ့ပြောင်း အလုပ်သမား များသည် နေရာခပ်သိမ်း လျှောက်လှမ်းရသော ခရီးတို့၌ အစစ အရာရာတွင် ခေါင်းပုံဖြတ် ခံရခြင်း များစွာ ပြုကျင့် ခံနေရသည်ကို လည်းကောင်း၊ ဘယ်သူ သေသေ ငတေ မာရင်ပြီး ရော

ဟူသော ပွဲစားလူလည် တို့၏ ပါးပါးလှီး ခံနေကြရခြင်းကို လည်းကောင်း သိသူ၊ ဂရုစိုက် သူတို့မှာကား လွန်စွာနည်းနေ ပေဦးမည်။

သာမန်အားဖြင့် အလုပ်သမား တစ်ယောက်သည် နယ်စပ်မှနေ၍ ထိုင်းနိုင်ငံ ထဲသို့ ၀င်လာရာတွင် ဦးဆောင် လမ်းပြသော ကယ်ရီ (ခ) ပွဲစားရှိမှသာ မိမိသွားလိုရာသို့ ချောမွေ့စွာ ရောက်ရှိနိုင်မည် ဖြစ်သည်။ ထိုသို့မဟုတ်ပဲ မိမိဖာသာ မိမိ သွားမည်ဆိုပါက စစ်ဆေးရေး ဂိတ်များ ကို မကျော်နိုင်ပဲ အဖမ်း ခံရမည်မှာ မလွဲ ဧကန်မုချပင်။ ထို့ကြောင့် ထိုင်းနိုင်ငံသို့ စတင် ၀င်ရောက်လာစဉ် ကတည်းက ထိုလူများမှာ ပွဲစားဆိုသူ များနှင့် မချစ်သော်လည်း အောင့်ကာနမ်း ရမည် ဖြစ်သည်။

ပွဲစားဟု ဆိုရာတွင်လည်း ဖြစ်ကတတ်ဆန်း သဘောမျိုးထက် အဆင့်ဆင့် ချိတ်ဆက်ပြီး စနစ်တကျ လှုပ်ရှား နေကြသူများက အများစု ဖြစ်ပြီး မြန်မာ လူမျိုး နှင့်ထိုင်း  လူမျိုး ထိုမှတဆင့် ထိုင်း ဝန်ထမ်းများ ဖြစ်ကြသော ရဲ၊ လူဝင်မှု ကြီးကြပ်ရေး၊ ဒေသဆိုင်ရာ အာဏာပိုင် အစရှိသည်ဖြင့် တို့နှင့် ပေါင်းစပ်ကာ လှုပ်ရှားနေကြရ သူတို့ ဖြစ်ကြသည်။

ထိုင်းနိုင်ငံ အတွင်းသို့ ၀င်ရောက်လိုပါလျှင် မိမိနေထိုင်ရာ ဒေသတွင်ရှိနေသော ပွဲစား သို့တည်းမဟုတ် ထိုင်း-မြန်မာနယ်စပ်တွင် ရှိသော ပွဲစားကို ရှာဖွေ၍ ဆက်သွယ်ရမည် ဖြစ်သည်။ ထိုပွဲစားနှင့် ဈေးညှိပြီး နှစ်သက်ပါက ခရီး စနိုင်ပြီ ဖြစ်သည်။ ၎င်းက နယ်စပ်သို့ ကိုယ်တိုင်ဖြစ်စေ ကားသမားနှင့် ဖြစ်စေ ပို့ဆောင်၍ နယ်စပ်မှ ပွဲစားက လာရောက် ခေါ်ဆောင်သွားမည် ဖြစ်သည်။ ထို့နောက် နယ်စပ်ကို ဖြတ်ကျော်ပြီး မိမိသွားလိုရာသို့ ပို့ဆောင်ပေးမည့် ထိုင်းပွဲစားထံ အပ်နှံပေးမည် ဖြစ်သည်။ ထိုပွဲစားများသည် ပွဲစားခကို ၎င်းတို့ ကြိုတင် ညှိထားကြသည့် အတိုင်း အချိုးကျ ခွဲဝေရရှိကြပေမည် ဖြစ်သည်။ မိမိသွားလိုရာသို့ ရောက်ရှိပြီ ဆိုပါက အလုပ်ရှာပေးမည့် ပွဲစားကို ထပ်မံ ဆက်သွယ်ရဦးမည် ဖြစ်သည်။ အလုပ် ရှာပေးခ အပြင် နောက်ထပ် အလုပ် လုပ်ခွင့်လက်မှတ် ( Work Permit ) အတွက်လည်း ထပ်မံ အကုန်ကျခံရမည် ဖြစ်သည်။

ဖေါ်ပြထားသည့် အဆင့်တိုင်းသည် ချောမွေ့ လွယ်ကူနေလျှင် အလုပ်သမားများ အတွက် ယခုကဲ့သို့ အလုပ်လုပ်ရင်း ကုန်ကျထားသမျှကို အနည်းဆုံး ခြောက်လမှ တစ်နှစ်အတွင်း ပြန်လည်ရှာဖွေ ရရှိနိုင်သော်လည်း တစုံတခု မှားယွင်းမှု … ဥပမာ – ပွဲစားက ငွေလိမ်ခဲ့လျှင်၊ သို့တည်းမဟုတ် လမ်းခရီး၌ မိမိ ချိတ်ဆက်သူများ မဟုတ်ပဲ လျှပ်တပြက် စစ်ဆင်ရေး လုပ်သူများ၏ အဖမ်းအဆီး ခံရလျှင် ထိုသူ အဖို့ နာလံ မထူနိုင်အောင် ခံကြရတော့မည် ဖြစ်သည်။ ထို့ ထက်ဆိုးသည်မှာ ရောင်းစား ခံရခြင်းပင်ဖြစ်၍ အများအားဖြင့် မိန်းကလေးများကို ပြည့်တန်ဆာ၊ အိမ်ဖေါ်အဖြစ် လည်းကောင်း ယောကျ်ားလေးများကို ငါးဖမ်းလှေတွင် လည်းကောင်း ရောင်းစားခံရပါက ဘဝအတွက် ကြီးမားသော ထိခိုက် နစ်နာမှုမျိုး ကြံုရပေမည်။ ထိုအဖြစ်များသည် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကြံုခဲ့ပြီး၊ ကြံုနေဆဲ၊ ကြံုတွေ့ ကြရဦးမည့် ပြဿနာများ ဖြစ်နေသည်။ ထို့အတူ ထိုင်း မြန်မာပွဲစားများ အတွက်လည်း ထိုရွှေ့ပြောင်း မြန်မာအလုပ်သမား များသည် လွန်စွာ ငွေရှာရ လွယ်ကူသော သားကောင်များ  ၊ စားကျက်များ၊ သတ်ကွင်းများနှင့် ငွေတွင်းများပင် ဖြစ်လို့နေသည်။

လွန်ခဲ့သည့် ဇူလိုင်လ အတွင်း၌ ထိုင်းအစိုးရက ထိုင်းနိုင်ငံတွင် ရှိနေသော အလုပ်လုပ်ခွင့် လက်မှတ် မရှိသည့် မြန်မာ အလုပ်သမားများကို အလုပ် လုပ်ခွင့် လက်မှတ်လုပ်ရန် ခွင့်ပြုခဲ့သည်။ ထိုင်းနိုင်ငံ အနှံ့တွင် လာရောက် မှတ်ပုံတင်သည့် မြန်မာ အလုပ်သမား ဦးရေမှာ တစ်သန်းခန့် ရှိလေရာ၊ ထိုင်းအစိုးရက ထိုလက်မှတ် အတွက် သတ်မှတ်ထားသော ဈေးနှုန်းမှာ ကျန်းမာရေး အာမခံလက်မှတ် နှင့် အလုပ်လုပ်ခွင့် လက်မှတ် နှစ်မျိုးပေါင်း ၃၈၈၀ ဘတ်ဖြစ်သော်လည်း မိမိကိုယ်တိုင် အကြောင်းအမျိုးမျိုးကြောင့် သွားလာရန် ခက်ခဲသော၊ ရုံးပြင်ကန္နား ကိစ္စအတွက် ခက်ခဲသော၊ မြန်မာ အလုပ်သမားများမှာ ထုံးစံအတိုင်း အလုပ်ရှင်နှင့် ပွဲစားများကို ထိုင်းငွေ ၅၀၀၀ မှ ၉၀၀၀ ဘတ် အထိ ပေးဆောင်ခဲ့ရသည်။ ပျမ်းမျှအားဖြင့် အလုပ်သမား တစ်ဦးသည် ဘတ်ငွေ ၃၀၀၀ နှုန်း ခေါင်းပုံဖြတ် အမြတ်ထုတ် ခံရသည် ဆိုပါက အလုပ်သမား တစ်သန်းအတွက် ဘတ်ငွေ သန်း ၃၀၀၀ ( ဒေါ်လာသန်း ၁၀၀ခန့် ) အမြတ်ထုတ်ခြင်းကို တလအတွင်း ခံခဲ့ရ ပေတော့သည်။ ပွဲစားများ အတွက် မည်သို့မျှ အားစိုက် ထုတ်ရခြင်း မရှိပဲ မြောက်များလှသော ငွေကြေးများ ကို တစ်လအတွင်း ရရှိ သွားခဲ့ပါသည်။

ထိုသို့ ဆင်းရဲသား မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အပေါ် ခေါင်းပုံဖြတ်ခြင်း ခံနေရမှုသည် ရပ်တံ့နေ ခြင်းမရှိပဲ နေ့စဉ်နှင့်အမျှ ကြီးထွား၍သာ တိုးတက် လာနေပေသည်။ ယခုအခါ ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက် အရ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများကို နယ်စပ်ဒေသ သုံးနေရာတွင် ယာယီပတ်စ်ပို့များ ထုတ်ပေးနေလျှက် ရှိသည်။ ကုန်ကျငွေမှာ ယာယီပတ်စ်ပို့ အတွက် မြန်မာငွေ ၃၀၀၀ကျပ် (ဘတ် ၁၀၀ခန့်) နှင့် ထိုင်းတွင် နေထိုင်ရန် နှစ်နှစ်သက်တမ်းရှိ ဗီဇာကြေး ဘတ် ၂၀၀၀ စုစုပေါင်း ဘတ်ငွေ ၂၁၀၀ သာရှိသည်။ သို့သော် ယခုအခါ ပွဲစားများက အကျိုးဆောင် ကုမ္ပဏီကြီးများပင် ဖွင့်၍ ဘတ်ငွေ ရ၀၀၀ မှ ၁၂၀၀၀ အထိ လည်သလို လုပ်စားကာ မသိနားမလည်သူ မြန်မာ အလုပ်သမားများကို အမဲ ဖျက်နေကြပြန်ပြီ ဖြစ်သည်။

မြန်မာ အလုပ်သမားများ အဖို့မှာကား မိအေး အခါခါ နာကြရမည့် ကိန်းဆိုက်နေပြီ ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာ အလုပ်သမားပေါင်း တစ်သန်းကျော် တို့သည် လူလည် ပွဲစားများအတွက် သွားရည် တမြားမြားကျစရာ အမဲကောင်များ သားစားကျူးသည့် စီးပွားရေး ဘီလူးတို့၏ စားကျက် ဖြစ်နေပေတော့သည်။ မြန်မာနိုင်ငံတွင် ဆင်းရဲ ကြပ်တည်း၍ ထွက်ပေါက် ရလိုရငြား ထွက်လာကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားတို့သည် လူသား ဂုဏ်သိက္ခာ ကင်းမဲ့နေရပြီး သားကောင်များ သဖွယ်ဖြစ် နေရခြင်းမှာ လွန်စွာ စိတ်မချမ်းမြေ့ဖွယ် နိစ္စဓူဝ မြင်တွေ့ကြား နေရတော့သည်။ ယုံကြည်ရသော အထောက်အထားများ အရ နိုင်ငံရပ်ခြား နိုင်ငံ အသီးသီးသို့ ထွက်ပြီးအလုပ် လုပ်နေကြသူ မြန်မာများထဲတွင် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား များသည် ၀င်ငွေ အနည်းဆုံး သူများဖြစ်ကာ ပျှမ်းမျှအားဖြင့် တစ်လလျှင် ၀င်ငွေ ဒေါ်လာ ၂၀၀ အောက်သာ ရရှိ နေကြသူများသာ ဖြစ်သည်ဟု အစိုးရ မဟုတ်သော အဖွဲ့အစည်းမျာ၏ မှတ်သားထားသော စစ်တမ်းများက ဆိုသည်။

ထိုသူတို့မှာ မဖြစ်စလောက်သော ၀င်ငွေ ရရန်အတွက် ဋ္ဌာနေဒေသတွင် မိမိတို့၏ လက်ငုတ်လက်ရင်း များအား ရှိသမျှ ပေါင်နှံရောင်းချ၊ အတိုး ခပ်ကြီးကြီးပေးပြီး ချေးငှား၊ ရင်းနှီး ထားကြရသူများ သာဖြစ်ကြသည်။ ထိုသို့ ရင်းနှီးထားရသည်ကို များမကြာသေးခင်တွင် နောက်ထပ် ပတ်စ်ပို့ ကိစ္စဖြင့် ထပ်မံ ခေါင်းပုံဖြတ်ခြင်း ခံရဦးမည် ဆိုပါက ထိုသန်းနှင့်ချီသော မြန်မာ အလုပ်သမားတို့ အဖို့ မည်သို့ ရှေ့ဆက် ရပ်တည်ကြဦးမည်ကို မသိနိုင်တော့ချေ။

ထိုသို့ တွေးရင်း၊ တောရင်း လောကကြီးတွင် မိမိဉာဏ်နှင့် မမီသော စနစ်ဆိုး၏ ရလဒ်၊ ခေါင်းပုံဖြတ် အမြတ်ကြီးစားသော စရိုက်ဆိုးတို့၏ ပုစ္ဆာများက များလှချေ တကားဟု ညည်းတွား နေမိရုံ မှတပါး။

မော်ဖိုးစိန်

LEAVE A REPLY

Please enter your comment!
Please enter your name here