တိုင်ဝမ် မုန်တိုင်းအတွင်း ပျောက်ဆုံးသူ ခြောက်ရာကျော်ရှိ

alt

တိုင်ဝမ်တွင် ၀င်ရောက် တိုက်ခတ်သွားသည့် မိုရာကော့ တိုင်ဖွန်း မုန်တိုင်းကြီးကြောင့် ပျောက်ဆုံးသူနှင့် သေဆုံးသူ အရေအတွက် သည် (၆၀၀)ကျော် အထိ ရှိနေကြောင်း တိုင်ဝမ် အစိုးရ အာဏာပိုင်များက ဩဂုတ်လ (၂၁)ရက် နေ့က ကြေညာလိုက်သည်။

နိုင်ငံသမိုင်း တလျှောက် အကြီးကျယ်ဆုံး ရေလွှမ်းမိုးမှုများကို ကြံုခဲ့ရပြီးနောက် စစ်သည် များသည် ရွှံနှင့် ကျောက်တုံးများအား တူးဖော်ကာ အရှင်လတ်လတ် နစ်မြုပ်သွားရှာ သူတို့၏ ရုပ်အလောင်းများကို ဖော်ထုတ် နေရဆဲ ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံ၏ တောင်ပိုင်းရှိ တောင်စွယ် တောင်တန်းများ ထူထပ်ရာ နေရာများအနီး ကျေးရွာများတွင် မြေပြို ကျမှုများကြောင့် လူ(၁၅၃)ဦး သေဆုံးခဲ့ရသလို (၄၆၄)ဦး မှာလည်း ယခုတိုင် ပျောက်ဆုံးနေဆဲဟု စာရင်းများတွင် ဖော်ပြထားခဲ့ပြီး၊ တိုင်ဝမ်နိုင်ငံ မီဒီယာများက ဩဂုတ် (၇)ရက် နှင့် (၈)ရက် နေ့တို့က အပြင်းအထန်စွာ မွှေနှောက် တိုက်ခတ်သွားသည့် မုန်တိုင်းကြီး အပြီး အစိုးရ၏ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ချက်များ နှောင့်နှေးနေခြင်း အတွက် ပြစ်တင် ပြောဆိုမှုများ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်သည်။

တိုင်ဝမ် သမတ မာယင်ဂျောင်က ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရာတွင် စစ်သည် အမြောက်အမြားကို အသုံးပြု ထားကြောင်း ပြောကြားခဲ့ပြီး၊ စစ်တပ်မှ တာဝန်ရှိသူ တဦးဖြစ်သည့် ဗိုလ်မှူးချုပ် ဟူဂျီချောင်က ၎င်းတာဝန် ကျနေသည့် ဟာဆင်ကိုင် ကျေးရွာတွင် လူ(၃၂)ဦး ခန့်သည် ရွှံနွံများ အောက်တွင် မြှုပ်နှံပြီးသား ဖြစ်သွားပြီဟု ယုံကြည်ရကြောင်း ၀န်ခံ ပြောဆိုသွားပြီး သေဆုံးသူ အရေအတွက် ဆက်လက် မြင့်တက် လာဦးမည်ဟုလည်း ခန့်မှန်း သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here