ကင်ဒေးဂျုံ၏ ဈာပနသို့ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်

alt

ကွယ်လွန် သွားရှာပြီ ဖြစ်သည့် တောင် ကိုရီးယား သမတ ဟောင်း ကင်ဒေးဂျံု ၏ ဈာပန အခမ်းအနားသို့ မြောက် ကိုရီးယားမှ အထူး ကိုယ်စားလှယ် အဖွဲ့ တက်ရောက်မည် ဖြစ်ကြောင်း သိရှိ ရသည်။

သမတ ကင်သည် သမိုင်းတလျှောက် မြောက်ကိုရီးယားနှင့် ပထမဆုံး အကြိမ် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ် နိုင်ခဲ့သည့် တောင်ကိုရီးယား ခေါင်းဆောင် ဖြစ်ပြီး ၎င်း၏ လုပ်ဆောင်မှု အတွက် (၂၀၀၀)ပြည့်နှစ် ငြိမ်းချမ်းရေး နိုဘယ်ဆု ကိုပင် ရရှိခဲ့သည့် ပုဂ္ဂိုလ်ဖြစ်သည်။ မြောက်ကိုရီးယားက ကင်၏ မိသားစုထံ Fax ဖြင့် စာပို့ကာ ကိုယ်စားလှယ် အဖွဲ့တစု စေလွှတ်ခွင့်ပြုရန် တောင်းဆိုခဲ့ကြောင်း ကင်၏ အရင်းနှီးဆုံး မိတ်ဆွေ ပက်ဂျီဝမ်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ကင်၏ စွမ်းဆောင်မှု များကို လေးစား ဂုဏ်ပြုသည့် အနေနှင့် ကိုယ်စားလှယ် (၅)ဦး ပါ၀င်သော အထူးသံ အဖွဲ့ကို စေလွှတ်မည် ဖြစ်သည်။ မြောက်ကိုရီးယား၏ ချစ်ကြည်ရေး ဆန်သော ကမ်းလှမ်းမှုသည် တောင်ကိုရီးယား အစိုးရအား အလွန် အံ့အားသင့် သွားစေကြောင်း ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က အတည်ပြု ပြောဆိုခဲ့သည်။

ကင် ကွယ်လွန်ပြီးနောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျံုအီကလည်း ကျန်ရစ်သူ ဇနီးသည် လီဟီဟို ထံ စာနာကြောင်း သဝဏ်လွှာ ရေးသား ပေးပို့ခဲ့သေးကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here