ခြေလေးချောင်း တော်လှန်ရေး

စာအုပ်အညွှန်း ( ကိုကို )

ဆရာကြီး သခင်ဗသောင်း မြန်မာမှု ပြုထားတဲ့ George Orwell ရဲ့ "Animal Farm" စာအုပ်အကြောင်း ကို စာဖတ်သူတွေ အတွက် ဝေမျှ ပေးချင်ပါတယ် မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း ကနေ ပြီးတော့ ထုတ်ဝေခဲ့တဲ့ စာအုပ်ကောင်းတွေ ထဲက တအုပ်လဲ ဖြစ်ပါတယ်။

စာအုပ်က တော်တော်လေးဘဲ ဟောင်းနေပြီ ဖြစ်သည့် အတွက်၊ စာအုပ် ရိုက်နှိပ် ထုတ်ဝေတဲ့ ရက်စွဲကိုတော့ ရှာဖွေ မတွေ့ရှိမိပါဘူး။ နဂိုရ် ကတည်းက ပါမလာခဲ့ဘူး လို့တော့ မထင်မိပါ။ မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း ကနေ ထုက်ဝေတာ ဖြစ်တဲ့အတွက် ဒီစာအုပ် ဟာ (ဖဆပလ) အစိုးရ လက်ထက် မှာ ထုတ်ဝေခဲ့တယ် လို့ပဲ အကြမ်းဖျင်းမှတ်ယူ နိုင်မယ်လို့ ထင်ပါတယ်။

ဒီစာအုပ်ကလေးရဲ့ ထူးခြားချက် ကတော့ အခြား ဝတ္တုတွေလို ဇါတ်ရုပ်၊ ဇါတ်ကောင်တွေ ကို လူပုဂ္ဂိုလ်တွေ မပါဘဲ တိရိစာ္ဆန် ဇါတ်ရုပ်၊ တိရိစာ္ဆန် စကားပြော ဟန်တွေနဲ့ သရုပ်ဖော် ခြယ်မှုန်းခဲ့ပြီး၊ အရေးအသားပိုင်း မှာလဲ ထူးခြားတယ်လို့ ပြောနိုင်တယ်တဲ့ ဘာသာပြန် စာအုပ်ကောင်း လေးတခု ဖြစ်တာကို တွေ့ရှိရပါတယ်။ ဒီစာအုပ်ရဲ့ အနှစ်သာရ ကတော့ လွပ်လပ်မှု၊ ဒီမိုကရေစီ နဲ့ ညီညွတ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ခေါင်းဆောင် အချင်းချင်း မသင့်မြတ်ရာကနေ အာဏာရှင်စနစ်ကို ကူးပြောင်းသွားပုံ အကြောင်းကို ရေးထား ပြန်ဆိုခဲ့တာလေးပါ။

မသင့်မြတ် ဖြစ်တဲ့ အခြေအနေတခုမှာ အာဏာရှင် စနစ်ကို ကျင့်သုံးချင် အာဏာရှင်စနစ် ကို အကောင်အထည် ဖော်ချင်တဲ့ သူတစု ရဲ့အကောက်ကြံမှုကြောင့် ဒီမိုကရေစီ ဆိတ်သုဉ်းသွားပြီး အာဏာရှင် စနစ် ထွန်းကားလာတဲ့ အကြောင်း ကို ဆရာကြီးရဲ့ မြန်မာဆန်ဆန် ကလောင် အစွမ်း နဲ့ ခြယ်မှုန်း သရုပ်ဖော် တင်ပြထားတာ ဆိုရင် ပိုမှန် ပါလိမ့်မယ်။ ဒီ စာအုပ်ဟာ ဆရာကြီး သခင်ဗသောင်း က စစ်ပြီးခေတ် မြန်မာနိုင်ငံ ရဲ့ပကတိ အခြေအနေ ကို သုံးသပ်ပြီး တင်ပြ ခြယ်မှုန်း ထားတာလို့ ယူဆ နိုင်တာမို့၊ သုံးသပ်သူ အမြင်အရ စစ်ပြီးခေတ် မြန်မာနိုင်ငံ ရဲ့ ပကတိ အခြေအနေ ကို စာပေအဖြစ် ကူးပြောင်း တင်ပြ ထားတာထက် အနာဂါတ် မြန်မာနိုင်ငံ ရဲ့ ကံကြမ္မာ ဟောကိန်း တရပ်ကို ကြိုတင် ပြီးတော့များ ဟောပြော ခဲ့လေ သလားလို့ များ ထင်မိတယ်။ ဒီ စာအုပ်မှာ ဆိုရင် ဒီမိုကရေစီစနစ်၊ အာဏာရှင် စနစ်ရဲ့ သရုပ်မှန် သဘောတရားတွေ ကို ထင်ထင်ရှားရှား ပီပီပြင်ပြင် ဖော်ပြထား သလို အာဏာရှင်တွေ ရဲ့ ပြည်သူလူထု ကို မတရားသဖြင့် အမျိုးမျိုး ဖိနှိပ်၊ ကြောက်ရွံ့ နေအောင် လုပ်ကာ၊ ပြည်သူလူထု ကို အာဏာရှင် လက်ထဲမှာ ဒုက္ခ ပင်လယ်ဝေကာ အမြဲ အထိတ်တလန့် နဲ့ ရပ်တည်နေရတဲ့ ဘဝ လိုမျိုး ကနေ၊ အာဏာရှင်တွေ ရဲ့ ရက်ရက်စက်စက် အကြမ်းဖက်တဲ့ နည်းနဲ့ ဖယ်ရှား သုတ်သင် ရှင်းလင်း ခံရတဲ့ ဘဝကနေ စိက်ဓါတ်ခွန်အား အပြည့်ဖြင့် ငြိမ်းချမ်း ညီညွတ်စွာဖြင့် အာဏာရှင် စနစ်ကို တော်လှန်ဖြိုခွဲ နိုင်ပုံကို ရုပ်လုံး ပေါ်လာအောင် ဆရာကြီး သခင် ဗသောင်း က အနုပညာ စွမ်းအား အပြည့် နဲ့ အားထုတ် ခြယ်မှုန်း ထားတဲ့ စာအုပ်ကောင်း တအုပ် အဖြစ် ဖတ်ရှု မှတ်သား တွေ့ရှိ ရပါတယ်။ အာဏာရှင်တွေ ရဲ့ အမူအကျင့် နဲ့ စရိုက် ကို ပီပြင်အောင် ခြယ်မှုန်းထားတဲ့ စာအုပ် ကောင်းတအုပ် မို့လို့ ဒီမိုကရေစီ ကို ချစ်မြတ်နိုး လိုလားပြီး၊ အာဏာရှင် စနစ်ကို မုန်းတီးသော သူတိုင်း ဖတ်ရှု မှတ်သားရန် သင့်သော စာအုပ်ကောင်း တအုပ် ဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ်။

ကိုကို

LEAVE A REPLY

Please enter your comment!
Please enter your name here