မန်ယူနှင့် ချဲလ်ဆီးကို အနိုင်ယူနိုင်ဟု တောရက်စ် ပြောကြား

alt

ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ အတွက် မန်ချက်စတာ ယူနိုက်တက် နှင့် ချဲလ်ဆီး တို့သည် မိမိတို့ အတွက် ပြဿနာများ မဟုတ်ပါကြောင်း လီဗာပူး တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်က ပြောဆိုလိုက်သည်။

၎င်းတို့ အသင်းသည် ယခုရာသီတွင် ယူနိုက်တက် လက်မှ ချန်ပီယံဘွဲ့ ကို လွှဲယူမည်ဖြစ်ပြီး ယမန်နှစ်ကာ အာဆင်နယ် အား (၄)ဂိုးစီ သရေကျပြီး ဖလား ရရေး မျှော်လင့်ချက်ကို လက်လွှတ် လိုက်ရသည့် အမှားမျိုး ယခု တဖန် ထပ် မဖြစ်စေရဟု တောရက်စ်က ဆိုသည်။

အသက် (၂၅)နှစ်ရှိ စပိန် လက်ရွေးစင်က ယူနိုက်တက်ရော၊ ချဲလ်ဆီးပါ ဆက်လက် တောင့်တင်းနေဆဲ ဖြစ်သည့်တိုင် မိမိတို့ အသင်း၏ အင်အားကို အပြည့်အဝ ယုံကြည်ထားကြောင်း ၀ံ့ကြွား ပြောဆိုခဲ့သည်။ တောရက်စ်က ပရီးမီးယား လိဂ် အဖွင့် ပွဲစဉ်အဖြစ် တော့တင်ဟမ် ဟော့စပါးနှင့် အဝေးကွင်းတွင် သွားရောက် ယှဉ်ပြိုင်ရမည့် ပွဲစဉ်အပေါ် အာရုံ စိုက်ထားကြောင်းလည်း ပြောဆို သွားခဲ့သည်။

လီဗာပူးသည် လက်ရှိ လူအင်အား၊ လက်ရှိ ခြေစွမ်းတို့ဖြင့် ယူနိုက်တက် ကိုရော၊ ချဲလ်ဆီး ကိုပါ အနိုင်ယူ နိုင်စွမ်းရှိပြီး နှစ်ပေါင်းများစွာ ဝေးကွာနေသော အမှတ်ပေး ချန်ပီယံ ဆုဖလားကြီးကို အရယူရန် ယုံကြည်မှု အပြည့်ရှိကြောင်း တောရက်စ်က ပြောကြားခဲ့သည်။

ယူနိုက်တက် သည် ပြီးခဲ့သည့် နောက်ဆုံး (၃)နှစ် ဆက်တိုက် ချန်ပီယံ ဖြစ်ပြီးနောက် အမှတ်ပေး ချန်ပီယံဘွဲ့ကို (၁၈)ကြိမ် တိုင်တိုင် ရယူထားသည့် လီဗာပူး နှင့် စံချိန်တူကာ အင်္ဂလန်၏ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here