အမေရိကန် နှင့် ဆွေးနွေးရန် မြောက်ကိုရီးယား အမြဲ အဆင်သင့် ဟုဆို

alt

အမေရိကန် နှင့် ဆွေးနွေးရန် မြောက်ကိုရီးယား ဘက်မှ အမြဲ အဆင်သင့် ရှိကြောင်း မြောက်ကိုရီးယား အစိုးရ ထိပ်တန်း တာဝန်ရှိသူ တဦးက ပြောကြား လိုက်သည်။

ဩဂုတ်လ (၁၄)ရက် နေ့က မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ကင်ယွန်အီက ဟနွိုင်းမြို့သို့ ရောက်ရှိနေစဉ် အမေရိကန် နှင့် ဆက်ဆံရေး အခြေအနေ တိုးတက်မှု ရှိမရှိ သတင်းထောက် များက မေးမြန်းခဲ့ရာ ယခုလို ဖြေကြားသွားခြင်း ဖြစ်သည်။

ညှိနှိုင်းမှုများ ပြုလုပ်ရန် တံခါးများကို အမြဲဖွင့်ထားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။ အမေရိကန် သတင်းထောက် (၂)ဦးအား မြောက်ကိုရီးယားက ဖမ်းဆီးထားသည်ကို အမေရိကန် သမတဟောင်း ဘီကလင်တန် က ပြံုယမ်း အထိ သွားရောက်ညှိနှိုင်း ကယ်တင် ခဲ့ပြီးနောက် မြောက်ကိုရီးယားသည် မိမိတို့နှင့် ဆက်ဆံရေး တိုးမြှင့်လိုသည့် အလားအလာ ရှိနေကြောင်း အမေရိကန် ဘက်မှလည်း သဘောထား ထင်မြင်ချက် ကြေညာထားခဲ့ပြီး ဖြစ်သည်။

နိုင်ငံခြားရေး ဒုတိယဝန်ကြီး ကင်သည် နှစ်နိုင်ငံ မူဝါဒ ဖလှယ်ရေး ဒုတိယဝန်ကြီးများ ညီလာခံအတွက် ဗီယက်နမ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ မြောက်ကိုရီးယားသည် အမေရိကန် ပါ၀င်သော နျူကလီးယား မပြန့်ပွားရေး (၆)နိုင်ငံ အစည်းအဝေး ကိုမူ အယုံအကြည် မရှိတော့ကြောင်း ပြောကြားလိုက်ပြီး သို့သော်လည်း ဘာရက် အိုဘားမား၏ အမေရိကန် အစိုးရအဖွဲ့ နှင့်မူ ပိုမို ကောင်းမွန်သော ဆက်ဆံရေးမျိုး တည်ဆောက်ရန် ကွန်မြူနစ် နိုင်ငံဘက်မှ အရိပ်အခြေများ ပြသလျှက် ရှိကြောင်း အိမ်ဖြူတော်မှ သုံးသပ်ထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here