သကြင်္န် မင်းသားကြီး ဇော်ဝမ်း ကွယ်လွန်ပြီ

alt

စွယ်စုံရ အနုပညာ ရှင်ကြီး တဦး ဖြစ်သော အဆိုတော်၊ ရုပ်ရှင် မင်းသားကြီး ဦးဇော်ဝမ်း (ခ) အတာ သည် ဩဂုတ်လ (၁၂)ရက် နေ့ည (၈း၃၀)နာရီက အင်းစိန် မြို့နယ်၊ သီရိစန္ဒာ

ဆေးခန်းတွင် အစာအိမ် သွေးကြော ပေါက် ရောဂါဖြင့် အသက်(၆၄)နှစ် အရွယ်တွင် ကွယ်လွန် အနိစ္စ ရောက်ခဲ့ပြီ ဖြစ်သည်။

ဘုရားပေးသော အသံဖြင့် သကြင်္န် သီချင်းများ သီဆိုရာတွင် ထင်ရှား လှသော သကြင်္န် မင်းသားကြီးဟု ပရိသတ် များက သတ်မှတ်ခဲ့ကြသည့် အနုပညာရှင်ကြီးသည် တခေတ် တယောက်ဟု ဆိုရမလောက်ပင် ရေဒီယို သီချင်းများ၊ ရုပ်ရှင် သီချင်းများ သီဆိုရာတွင် ထူးချွန် ပြောင်မြောက်သလို သရုပ်ဆောင် အနုပညာတွင်လည်း ပါရမီ ရင့်သန်လှသည့် ပုဂ္ဂိုလ်ကြီးဖြစ်သည်။

ဦးဇော်ဝမ်းသည် ရှုမဝရုပ်ရှင်၏ “စေလိုရာစေ” ရုပ်ရှင် ဇါတ်ဝင်ခန်းတွင် “ကျောက်ခဲ”သီချင်းဖြင့် ထိုခေတ် အခါက အလွန် အောင်မြင်ခဲ့ပြီး “အပြန်လမ်း” အမည်ရှိ တေးစီးရီးမှာလည်း အောင်မြင်မှုများ ရရှိခဲ့သေးသည်။ ဦးဇော်ဝမ်း၏ နာမည်ကြီး ဇာတ်ကားများဖြစ်သော လူ့မနော၊ နေထွက်သောည၊ ရွှေသမက်ငွေသမက်၊ တို့နှစ်ယောက်နဲ့ မိငြိမ်းချမ်း၊ ပလက်ဖောင်းမင်းသား၊ ပုစာ္ဆဆန်သောမိန်းကလေး၊ ဘယ်သူပြိုင်လို့ လှပါတော့နိုင် စသည့် ရုပ်ရှင်ကားပေါင်း ၁၅၀ခန့် တို့ကို ရိုက်ကူးခဲ့ပြီး အအောင်မြင်ဆုံးမှာ မြန်မာ့ ရုပ်ရှင်လောကတွင် ဂန္တဝင်မြောက် ဇာတ်ကားအဖြစ် သတ်မှတ်ခံထားရသည့် “သကြင်္န်မိုး” ဇါတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့ခြင်းပင် ဖြစ်သည်။

ထိုဇာတ်ကား ကပင် ဦးဇော်ဝမ်းအား သကြင်္န် မင်းသားအဖြစ် ထင်ရှားစေခဲ့သလို နောက်ပိုင်းတွင် ရှာပုံတော် မင်းသားကြီးကဲ့သို့ သီချင်းများဖြင့် သကြင်္န်မင်းသား ဂုဏ်ပုဒ်ကို ပိုမို ခိုင်ခံ့ လာစေခဲ့သည်။ သကြင်္န်မိုး ဇါတ်ကား ရိုက်ကူးသည့် မြန်မာ ရုပ်ရှင်လောကတွင် နာမည်ကျော် အကယ်ဒမီ ဒါရိုက်တာ မောင်တင်ဦး မှာ ဦးဇော်ဝမ်း၏ အကိုအရင်း ဖြစ်သည်။

မင်းသားကြီး ဇော်ဝမ်းကို ၁၉၄၅ ခုနှစ် ဩဂုတ်လ ၂၀ ရက် နေ့တွင် တိုင်းချစ် သခင် သိန်းဖေ၊ ဒေါ်မြမြ တို့က မန္တလေးတွင် ဖွားမြင်ခဲ့ကာ၊ ကွယ်လွန်ချိန်တွင် ဇနီးနှင့် သားသမီး ၃ဦး ကျန်ရစ်ပြီး၊ ယခုလ ၁၆ ရက် နေ့တွင် ရန်ကုန်မြို့ ရေဝေး သုသာန်တွင် မီးသဂြင်္ိုဟ်မည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here