မြန်မာ့ လူမှုဘဝများ နှင့် စင်္ကာပူက ပီဖင်းဂိုးလ်

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် (လှိုင်းဘွဲ့)

အခုတလော မြင်ရ ကြားရ သည်များက စိတ်မချမ်းမြေ့ ဖွယ်ချည်းသာ ဖြစ်နေ ရသည်။ ဆင်းရဲသော လူနေ ရပ်ကွက်မှာ ဖွင့်ထားသော ဆိုင်မို့ လာသူ အများစုမှာ ဆင်းရဲသော လူတန်းစား များသာ ဖြစ်သည်။ ပီဖင်းဂိုး ဆိုင်ပိုင်ရှင်သည် စင်ကာပူနိုင်ငံကို တမိနစ်လျှင် ကျပ်ငါးဆယ် မျှသာ ကောက်ခံပြီး သူ့စီးပွား တခုသာ ကြည့်သည့် စီးပွားရေးသမား မဟုတ်သောကြောင့်

ဆင်းရဲသားတို့ သူ့ဆိုင်ကို အလာများသည်။

သူသည် အချိန် မိနစ်လည်း အတိအကျသာ ယူသည်။ ငွေကြေးလည်း အတိအကျသာ ယူသည်။ လာရောက် သုံးစွဲသူ၏ အဆင့်အတန်း လူနေမှု ပုံစံကို ကြည့်၍ လျော့ပေါ့ယူသည်ကို မကြာခဏ တွေ့ရသဖြင့် ဆိုင်ရှင်ကို လူများ လေးစား ချစ်ခင်ကြသည်။

သူ့ဆိုင် အဝင်ဝတွင် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံနှင့် ဆိုင်ရှင့် ဓါတ်ပုံကို တွဲလျက် ချိတ်ဆွဲထားသည်။ ထို ဓါတ်ပုံကို ဆိုင်လာသူတိုင်းက အားရပါးရ ကြည့်လေ့ရှိသည်။ အချို့က မရဲတရဲ ကြည့်သည်။ အချို့က ခေါင်းငုံ့သွားသည်။ အချို့ က နောက်မလာတော့။ ဗိုလ်ချုပ်အောင်ဆန်း ဆိုသူ အာဇာနည်ကြီး၏ ဓါတ်ပုံသည် သူ အသက်စွန့်၍ လွတ်လပ်ရေး ရယူပေးခဲ့သော မြန်မာပြည်တွင်း လူမြင်ကွင်းတွင် မြင်ရန် မလွယ်ကူတော့သော ပြယုဂ် တခုနှယ် ဖြစ်နေသောကြောင့် ဆိုင်အဝင်ဝတွင် ဗြောင် ချိတ်ဆွဲထားသော ဗိုလ်ချုပ်အောင်ဆန်း ပုံကို မြန်မာ လူဆင်းရဲတို့ အားကျ လေးစားစွာ လာရောက်ကြည့်ရှု ကြသည်။ သူတို့ အိမ်များတွင်တော့ ချိတ်ဆွဲဖို့ရန် သတ္တိ အတော် မွေးယူရအုံးမည် ဟု ဆိုသူက ဆိုသည်။

အဘယ်ကြောင့် ဆိုသော် ခေတ်များနှယ် အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံ ကိုင်ဆောင်မှုဖြင့် ဖမ်းဆီး အရေးယူ ထောင်ချခံရသော သာဓကများ လက်တွေ့ မျက်မြင်များ မကြာခဏ တွေ့မြင်နေကြရသော မြန်မာပြည်တွင်းမှ မြန်မာ လူထုသည် သူတို့ ချစ်ခင်လေးစားသော ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံကို ဤသို့ ဤနှယ် လာရောက် ကြည့်ရှုကြရသည်တဲ့။ ပီဖင်းဂိုး မြန်မာပြည်သား တို့ကို လွန်စွာ သနားသည်။ ထို့အတူ လွန်စွာမှလည်း အားမရ ဖြစ်မိသည်။ အဘယ်ကြောင့်များ ဒီလောက် ကြောက်တတ် နေလေသနည်း ဟုလည်း တွေးမိသည်။

ဤသို့ ကိုယ့်ခေါင်းဆောင် ကိုယ့် ကယ်တင်ရှင်ကိုပင် ချောင်ထိုးနှိမ့်ချ ပစ်ပယ်ခြင်း ပြုလုပ်နေသော လက်ရှိ စစ်အာဏာပိုင်တို့သည် လူထု အသည်းနှလုံးကို မွချေနှိမ်ချိုးသည့် စစ်ရာဇဝတ်ကောင်များ ဖြစ်သည်ဟု ပီဖင်းဂိုးတို့ ဆိုင်ကို လာသော အဖိုးအို တယောက်က အာဘောင်အာရင်းသန်သန် ပြောဖူးသည်။ ဒီလို မျိုး တိုင်းပြည်တွင်း မတရားမှု ဖြစ်စဉ်များ ဘယ်လိုမှ မဖြစ်သင့်သည့် သမိုင်းချီ သည့် ဖျောက်ဖျက် ဖယ်ရှားမှုများ တွင်တွင်ကျယ်ကျယ် ဆက်ဖြစ်လာလျှင် မြန်မာတို့ လူမျိုးပျောက်ဖို့ သေချာလေပြီဟု အဖိုးအိုပြောသည့် စကားကို အမှတ်ရနေမိ တော့သည်။ ထိုသို့ အကြောက်တရားများ ရေလိုက်လွဲမှုများ သိသိနှင့် မြံုနေကာ၊ လူမသိ တိတ်တခိုး ပွင့်အန် ရင်ဖွင့်မှုများနှင့်ပင် ရေစုန်မျောရင်း တိုင်းသူပြည်သားတို့ ဘယ်အခြေ ရောက်နေ ခဲ့ပါသနည်း။ ပီဖင်းဂိုး အခု ရက်ပိုင်းအတွင်း ကြားသိရ သမျှက ဖွင့်ဆိုနေလိမ့်မည်ဟု ထင်သည်။

ဖုန်းလေးကို ခေါ်နေပါပြီ။ တီးလုံးသံလေး အဆုံး စတင် ထွက်ပေါ်လာသည်က အဖွားအို ရှိုက်ငိုသံ

အဖွားအိုသည် လပေါင်းများစွာ အဆက်သွယ် မလုပ်သော သားငယ်ကို ဂရုဏာဒေါသဖြင့် ပြောရင်း ၀မ်းနည်းပက်လက်ဖြင့် ရှိုက်ငိုနေသည်။ သားရယ် … သားလေး … အမေတို့ ဘယ်လို ဆက်နေရမှာလဲ သားရယ်။ သားကလည်း ပစ်ထား အမေတို့မှာလည်း ဘဏ်က နို့တစ်စာ ရောက်နေပြီ သားရဲ့ အိမ်ကနေ ဖယ်ပေးရမလား ရောင်းချပြီး အကြွေးဆပ် ရမှာလား။ အမေတို့ ဘာဆက် လုပ်ရမှာလည်း သားရဲ့……..။ အိမ်ပေါင်ပြီး သားကို မလေးရှားကို ပို့လိုက်တာ ။ သားက ငွေလည်း မပို့ အဆက်သွယ်လည်း မလုပ် အခု အမေတို့ ဘယ်မှာ ဆက်နေရတော့ မှာလည်း သားရဲ့ ဟီး….. ဟီး။ အဖွားအို စကား မဆိုနိုင်တော့အောင် ရှိုက်နေပြီမို့ အဖိုးအိုက ဖေးကူရင်း သူ့သားဖြစ်သူကို ဆက်လက် စကားဆိုနေသည်။ သူသည်လည်း ယောင်္ကျားမို့ မငိုမိအောင် ထိန်းနေရပုံ ပေါ်သည်။ မေးရိုး အကြောပြိုင်းပြိုင်းပေါ်အောင် အံကြိတ်ပြီး စကားပြောနေသည်မှာ သူတို့ ဇရာအို နှစ်ဦးအပေါ် လောကဓံသည် ပြင်းထန် ရက်စက်စွာ ထောင်းထုနေမှန်း သိသာ နေစေသည်။ မြန်မာပြည် သားတို့သည် ငယ်ရွယ်ခိုက် ပေါ့တန်စွာ နေမိတတ်ကြပြီး ဇရာထောင်းမှ အရွယ်လွန်မှ ဤသို့ ဒုက္ခ ရောက်ရှာကြသည့် သူ ဘယ်လောက်များ နေမည် မသိနိုင်။ မည်သူကမျှလည်း ဇရာအိုတို့ ဗျာပါထိုကို စနစ်တကျ တွေးတောဆင်ခြင် ကြပုံ မပေါ်ပေ။

ပီဖင်းဂိုး မှတ်တမ်းပြု သတိထား လိုက်မိသည်မှာ ထိုပိန်လှီး ချိနဲ့နေသော အဖိုးအဖွား နှစ်ဦးသည် စားဝတ်နေရေး အရ လွန်စွာ ကြပ်တည်း ဆင်းရဲနေကြောင်းနှင့် ရီဝေမှုံမှိုင်းနေသော သူတို့ မျက်ဝန်း တွဲတွဲလေးများသည် မနက်ဖြန် ဆိုသည့် အနာဂတ်အပေါ် ခါးသည်း မုန်းတီးနေကြသည်ဟု ဆိုနိုင်ခြင်းတို့ပင် ဖြစ်သည်။ မမြင်ရက် မရှုစိမ့်ဖွယ် ဖြစ်နေသည့် မြင်ကွင်းပေါ် သုံးသပ်ချက်အရ သူ့သားသည် သားမိုက်ပင်လော။ အလုပ်အကိုင် တကယ်ပင် အဆင်မပြေ ရှာသောကြောင့် သူ့မိဘ နှစ်ပါးကို အဆက်သွယ် မလုပ်နိုင်ခြင်း ပင်လော။ သူ မဟုတ် ။ သူတို့လို လူဆင်းရဲ နိုင်ငံသားတွေ ရှိစုမဲ့စုကို ပေါင်နှံပြီး တိုင်းတပါးကို သွားအလုပ်လုပ်မှ အသက်ဆက်နိုင်မည့် တိုင်းပြည် စီးပွားရေး နိမ့်ကျမှုသည် အပြစ်လား။ လက်တွေ့ခါးစည်း ခံစားနေရ သူတွေသာ သုံးသပ် နိုင်ကြပေတော့မည်။

ဆိုင်ရှင် အကိုသည် နွမ်းပါးလှသော လူဆင်းရဲ အဖိုးအဖွားတို့အား ဖုန်းဖိုးငွေကို လျော့ပေါ့ ယူလိုက်သည်ကို ပီဖင်းဂိုး သတိထားမိ လိုက်သည်။ တုန်တုန်ရင်ရင် တယောက်ကို တယောက် ဖေးကူရင်း ပြန်ထွက်သွားသော အဖိုးအဖွားတို့ နောက်ကျောကို ကြည့်ရင်း သက်ပြင်းမောကြီး တချက်ကို ရှိုက်ထုတ် လိုက်သည်မှာ ကွန်ပြူတာထဲမှ ပီဖင်းဂိုး ကျနော့်ကိုပင် အပူလာဟပ် သလို ခံစားလိုက်ရသည်။

ထို အဖိုးအဖွား နှစ်ယောက် ငိုကြွေး မြည်တမ်းကာ သူတို့သားကို ပြောနေချိန်တွင် အခြားသော ကွန်ပြူတာမှ တဆင့် စကားပြောနေသော အဖွားအို ကမူ စင်ကာပူမှ သူ့သားအား အကြောင်းအရာ တခုခုကို ထပ်ကာ တလဲလဲ တဖွဖွ မှာနေလေသည်။ ဘာများမှာနေသည် ထင်ပါသနည်း။ သူတို့ ကိုးကွယ်သော ဘိုးတော် ဗေဒင်ဆရာက ပြောသည့် ဆောင်ရန် ရှောင်ရန် ယတြာ ကိန်းခန်းများကို နိုင်ငံခြားမှ သူ့သားဖြစ်သူအား မဖြစ်မနေ လုပ်ဆောင်ဖို့ မှာနေခြင်းပင်။

သား မမေ့နဲ့နော်။

ပုလင်းထဲမှာ ဆန်တဆုပ်နဲ့ မီးခြစ်ဆံ ကိုးချောင်းကိုထည့် ….. ။

အဲဒီ အပေါ်ကို ပဲကြီးလှော် သုံးစေ့ ဖိုခနောက်ဆိုင် …တင်။

ပြီးရင် အမွေးတိုင် သုံးချောင်းကို စိုက် မီးမရှို့သေးခင် အမေ ပါဆယ်နဲ့ ပို့ပေးထားတဲ့ အရုပ်ကလေးကို ရေမွှေး နာနာဆွတ်လိုက်အုံး။

ပြီးမှ အမွှေးတိုင်ကို မီးရှို့ရမယ်တဲ့ သား သေချာလိုက်ရေး …နော်။

ဟဲ…ဟဲ… အမွှေးတိုင် မီးခိုးကို ရှုပြီး ဘယ်ခြေလှမ်းနဲ့ အရှေ့ဘက်ကို ခြေစလှမ်း ပြီး သုံးလှမ်း လျှောက်ရမယ်လေ။ အဲဒီအချိန် … သားလိုချင်တာတွေ ဆုတောင်းရင် အားလုံး အောင်မြင်မယ်တဲ့ သားရေ …. သေချာလုပ်နော် အမေမှာတာ မမေ့နဲ့နော်။ ကြားလား သား သား။

တရွေ့ရွေ့ တတုန်တုန် ခြေလက် ဒရွတ်ဆွဲမတတ် အိုမင်းနေပြီဖြစ်သော စောစောက အဖိုးအဖွား စုံတွဲကို ပင့်သက်မောများဖြင့် ငေးကြည့်နေသော ဆိုင်ရှင် အကိုကြီး၏ မနှစ်မြို့မှုစွာ ပြောင်းလဲသွားသည့် အကြည့်သည် သူ့နံဘေး ဖုန်းပြောနေသော အဒေါ်ကြီးဆီ ရောက်သွားလေတော့သည်။

အဒေါ်ကြီးက ဆက်ပြောနေဆဲပင်။ အမွှေးတိုင် မီးငြိမ်းသွားတာနဲ့ အမေထည့် ပေးလိုက်တဲ့ ဇီးရွက်ခြောက် ကိုးရွက်ကို အဲဒီ ပုလင်းထဲထည့် ။ ပုလင်းကို လုံအောင်ပိတ် သားအိပ်ယာ ခေါင်းရင်း မြင့်မြတ်တဲ့ နေရာမှာ တင်ထား ရှိခိုးနော် …သား။ အဲဒါ အဘဘိုးတော် သေချာမှာလိုက်တယ်။ ယုံယုံကြည်ကြည်နဲ့ လုပ်ပါတဲ့။ ဒါမှ အခု အဆင်မပြေဖြစ်နေတဲ့ …. သား အလုပ်တွေ …. ပြန်အဆင်ပြေလာမယ်တဲ့…. သူဌေးနဲ့လည်း အဆင်ပြေ လာမယ်တဲ့။ တကယ်လို့ အဆင်ပြေလာခဲ့ရင် အမေမှာထားတဲ့ ပိုက်ဆံ နှစ်သိန်းလောက် ပို့ပေးပါအုံး … သားရယ်။ အမေ့မှာလဲ ဟိုလက တင်ထားတဲ့ အကြွေးလေး ဆပ်လိုက်ချင်လို့ နို့မို့ အတိုးက မသေးဘူး ….ရယ်။ ဘာလဲ သား။ အော် အဲဒီ အကြွေးတွေထဲမှာ အမေဆော့တဲ့ နှစ်လုံးအကြွေး မပါပါဘူး သားရယ် ။ အမေ့ကို ယုံပါ။ နှစ်လုံးအကြွေးတွေကို အမေ့ဘာသာ ရှာကြံဆပ်မှာပါ။ လောလောဆယ်တော့ သားကိုအဘ ဘိုးတော်မှာတဲ့ အတိုင်း လိုက်လုပ်ပေးပါလို့ အမေမှာ လိုက်ချင်တယ်။

အန်တီကြီး ဟိုဘက်က ဖုန်းချသွားပြီ ….. ။

ဆိုင်ရှင် အကိုကြီးသည် အင်မတန်မှ စိတ်မသက်သာသော အကြည့်ဖြင့် ထိုအမျိုးသမီးကြီးကို ကြည့်ကာ ကျသင့်သော ဖုန်းဖိုးငွေကို တကျပ်မှ အလျော့မပေးဘဲ ယူလိုက်လေသည်။

ပီဖင်းဂိုး လေး ကျနော် စိတ်အာရုံထဲတွင် ငိုနေသော အဖွားအို အိမ်မရှိတော့မည့် အရေး။ ထိုအရေးအထဲ ဆန်တဆုပ်နဲ့ မီးခြစ်ဆံ ကိုးချောင်း ပဲကြီးလှော်သုံးစေ့။ အမွေးတိုင် သုံးချောင်းနှင့် ဇီးရွက်ခြောက် ကိုးရွက်ကို ကန်တော့နေမည့် စင်ကာပူမှ မြန်မာယောင်္ကျား အလုပ်သမားကြီး အရေး တွေးရင်း၊ အတွေးတို့ ၀ဲလည်ရှုပ်ထွေး ဖြစ်ကုန်တော့သည်။ မြန်မာပြည် ဆင်းရဲတာ မတရားမှုတွေ ကြီးစိုးနေတာ တွေထဲ ဒါတွေကြောင့်လည်း ဖြစ်လိမ့်မယ်ဟု တွက်နေမိသည်။

ဟော … မိုးလေး နှစ်ဖျောက် သုံးဖျောက်မျှ ကျလာသည်။ ထိုစဉ် မိုးဒါဏ် လေဒါဏ်ကို လျှပ်စစ်မီးကြိုး လိုင်းတို့က ကြောက်လန့်ဘိသည့် အလား။ မိုးသံလေသံ ကြားဖန်မျှဖြင့် ပတ်ဝန်းကျင်သည် ရုတ်ခြည်း အမှောင်ထု ကြီးစိုးသွားချေပြီ မီးပျက်သွားလေပြီ …. ဒီနေ့ အတွက်က ခွဲတမ်း ကုန်သွားပြီမို့ မနက်ဖန်ကျမှ ပြန်ဆုံတွေ့ ကြစို့ ရယ်နော့။

ရွှေဘန်း (ရန်ကုန်သစ်)

LEAVE A REPLY

Please enter your comment!
Please enter your name here