သခင်ဖြစ်သူ ရုပ်အလောင်းအား ရှာဖွေနိုင်ရန် ကူညီခဲ့သည့်ခွေး

alt

မွန်ဂရယ် အမျိုးအစား ခွေးလေး တကောင်က ခွေးများသည် လူသားများ အတွက် အကောင်းဆုံး မိတ်ဆွေများ ဖြစ်ကြောင်း သက်သေပြနိုင် ခဲ့သည်ဟု ဩစတြေးလျ သတင်းစာ များက ချီးကျူး ရေးသားခဲ့ကြသည်။

ထိုခွေးလေးသည် မတော်တဆ ယာဉ်တိုက်မှု တခုအတွင်း သေဆုံး သွားရှာသည့် သခင်၏ ရုပ်အလောင်းကို လူများ ရှာဖွေနိုင်အောင် ကူညီခဲ့သည့် ကျေးဇူး သိတတ်သည့် တိရစာ္ဆန် လေးလည်းဖြစ်သည်။ မိုဂျာခေါ် ခွေးကလေးသည် ပိုင်ရှင်ဖြစ်သူ ဟင်နရီဒရူး မောင်းနှင်နေသည့် ကုန်တင်ကားကြီး ကွင်းစလန်ရှိ အဝေးပြေး လမ်းတွင် တိမ်းမှောက် သွားစဉ်က ပိုင်ရှင်နှင့် အတူ ရှိနေခဲ့သည်။

ကားသည် လမ်းဘေးရှိ ချံုထူသော နေရာအတွင်း ကျရောက် ပျောက်ကွယ်သွားပြီး လူမမြင်နိုင် ဖြစ်နေသည့်တိုင် ခွေးကလေး မိုဂျာသည် သခင့်အလောင်း ရှိနေသည့် နေရာကို နှစ်ရက်လုံးလုံး ဟောင်နေခဲ့သည်။ ထို့နောက် တွင်တော့ အနီးအနားမှ ဖြတ်သွားသည့် လယ်သမား တဦးက ခွေးလေး၏ ထူးခြားသော အပြုအမူကို သတိပြုမိပြီး စုံစမ်းခဲ့ရာမှ ကွယ်လွန်ခဲ့ပြီ ဖြစ်သော ဒရူးအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

AGL ကယ်ဆယ်ရေး အဖွဲ့က ခွေးလေးကြောင့်သာ မဟုတ်ပါက ၎င်းတို့သည် အလောင်းကို တွေ့ရှိရန် မလွယ်ကြောင်း၊ ကားတစင်းလုံးကို သစ်ပင်နှင့် ချံုနွယ်များက ကာဆီးထားသဖြင့် လမ်းပေါ်မှ မတွေ့နိုင် သလို ရဟတ်ယာဉ် ဖြင့်လည်း မမြင်နိုင်ကြောင်း ၀န်ခံ ခဲ့ကြသည်။ အစာမစား၊ ရေမသောက်နိုင်ဘဲ သခင့်ဘေးတွင် စောင့်ရှောက်နေသည့် ခွေးလေးအား ကယ်ဆယ်ရေး လုပ်သားများက အလွန်အံ့ဩ ချီးကျူးခဲ့ကြသည်။

ဒရူး၏ မိုဘိုင်းလ်ဖုန်းသို့ ဇနီးသည်က လှမ်းဆက်ပြီး ဒရူးက ပြန်မဖြေခဲ့သဖြင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြား ခဲ့သော်လည်း ဒရူး၏ အလောင်းရှိရာ နေရာကို ရဟတ်ယာဉ်က အကြိမ်ကြိမ် ရှာဖွေသော်လည်း မမြင်တွေ့ခဲ့ဘဲ ထိုအနီးရှိ သင်ကာမကင်း ဖြစ်သော လယ်သမားက အကြောင်းကြားမှသာ အလောင်းကိုရော၊ ခွေးကလေး ကိုပါ ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here