ပန်ဒါ ဝက်ဝံများ ရှာဖွေ တွေ့ရှိခြင်း အခမ်းအနား တရုတ်နိုင်ငံတွင် ကျင်းပမည်

alt

တိုင်းပြည်၏ အထိမ်းအမှတ် ပြယုဂ် တခုသဖွယ် သတ်မှတ်ထားသည့် ပန်ဒါ ၀က်ဝံလေးများ ရှာဖွေ တွေ့ရှိခြင်း နှစ်ပေါင်း (၁၄၀)ပြည့် အခမ်းအနားကို ကျင်းပ ပြုလုပ်ရန် တရုတ်နိုင်ငံက စီစဉ် နေသည်ဟု သိရှိရသည်။

(၁၈၆၉) ခုနှစ်က တရုတ်နိုင်ငံ၊ အနောက် တောင်ပိုင်းရှိ ယာအန်မြို့ အနီးတွင် ပြင်သစ်လူမျိုး ကက်သလစ် ခရစ်ယာန် သာသနာပြု ပုဂ္ဂိုလ် ပီရီဂျင်း ပီရေးအာမန် ဒေးဗစ်က အဖြူနှင့်အနက် စပ်ထားသော လှပသည့် ၀က်ဝံများကို ပထမဆုံး အကြိမ် တွေ့ရှိခဲ့ရာမှ နောက်ပိုင်းတွင် ပန်ဒါများသည် တရုတ်နိုင်ငံ၏ အထိမ်းအမှတ် တိရစာ္ဆန်များ ဖြစ်လာ ခဲ့ရတော့သည်။

တရုတ်နိုင်ငံ၊ ကမာ္ဘလှည့် ခရီးသွား ဗြူရိုမှ ဒုတိယ အကြီးအကဲ လီရယ်မီးက ကီလိုမီတာ (၃၅၀)အရှည်ရှိ တောတွင်းသဘာဝ ခရီးစဉ်တခုနှင့် ရုပ်ရှင်ပွဲတော် တခုတို့ကို ယခုလ အတွင်း စီစဉ်ပေးမည်ဟု အတည်ပြု ပြောဆိုခဲ့သည်။ တောတွင်း ခရီးစဉ်ကို လိုက်ပါ လိုသူများသည် Sina.com မှတဆင့် လျှောက်ထားနိုင်ပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက် တခု လိုအပ်မည်ဟု သိရသည်။

ဩဂုတ် (၁၅)ရက် နေ့မှ စတင်မည့် အဆိုပါ ခရီးစဉ်သည် တရုတ်နိုင်ငံ အနောက်ပိုင်း ဆီချွမ် ဆေးတက္ကသိုလ်မှ စတင်မည်ဖြစ်ပြီး အာမန်ဒေးဗစ် ယာအန်သို့ ဦးတည်ခဲ့သော ခရီးစဉ်အတိုင်း သွားရမည် ဖြစ်သည်။ ခရီးစဉ်အတွင်း သဘာဝ တောတွင်း အလှအပများကို ခံစားရမည် ဖြစ်ပြီး ရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် တရုတ်နိုင်ငံ ပန်ဒါ ၀က်ဝံများ ကာကွယ်ရေးနှင့် သုတေသန စင်တာသို့ ရောက်ရှိရန် အချိန် (၁၀) ရက်မျှ ကြာမြင့်မည်ဟု သိရသည်။

တပါတ်ကြာ ကျင်းပမည့် ရုပ်ရှင်ပွဲတော် တွင်မူ ပန်ဒါများနှင့် အခြားသော တောတွင်း သတ္တဝါများ၏ အလေ့အထကို မှတ်တမ်း တင်ထားသည့် ရုပ်ရှင်ကားပေါင်း (၄၀)ကျော်အား ပြသမည်ဖြစ်ပြီး ဩဂုတ်(၁၉)ရက် နေ့မှ စတင်မည်ဟု တာဝန် ရှိသူများက ဆိုသည်။ တရုတ်နိုင်ငံတွင် သဘာဝအလျောက် နေထိုင်သည့် ပန်ဒါ(၁၅၉၀)မျှသာရှိပြီး ဆီချွမ်နှင့် အနောက်မြောက်ဘက် ရှင်ဇီးနှင့်ဂန်ဆူး ခရိုင်များတွင် အများဆုံး နေထိုင်လျက် ရှိသည်။

အခြားသော ကောင်ရေ (၁၈၀)ကိုမူ စနစ်တကျ ထိန်းသိမ်းထားပြီး တရုတ် အစိုးရသည် ပန်ဒါများအား ဘေးမဲ့တော များအတွင်း အေးချမ်းစွာ ထားရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here