ဒေါ်အောင်ဆန်းစုကြည် အမှုနဲ့ လူငယ့် အမြင်

ဆောင်းပါး သရုပ်ဖေါ် © မင်းကျော်

ယမန်နေ့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား မြန်မာ စစ်အာဏာပိုင် များမှ ထောင်ဒါဏ် သက်တမ်း တိုးမြှင့်သည့် အပေါ် ပြည်တွင်း ပြည်ပမှ မြန်မာ လူငယ်များ၏ အမြင်အား ဆန်းစစ်ရာ လူထုအသံ ဆောင်းပါးရှင် ဝိုင်းတော်သား ဘလော့ဂ်ဂါ ထွန်းတောက်နေ မှ

အင်တာနက် အွန်လိုင်းများပေါ်မှ မေးခွန်းများကို  ဖြန့်ဝေခဲ့ပြီး အချိန်ပိုင်းအတွင်း တုန့်ပြန် ဖြေကြားခဲ့သော ပြည်တွင်း ပြည်ပမှ လူငယ်၁၀ဦး ၏ အမြင်ရှုထောင့်များ၊ သဘောထားများအား ပြန်လည်ဖေါ်ပြ လိုက်ရပါသည်။

ဒေါ်အောင်ဆန်းစုကြည် အမှုနဲ့ လူငယ့် အမြင်!

ဆိုသော ခေါင်းစဉ်နှင့် လူငယ်ပီပီ မိမိတို့ စိတ်ကြိုက် အမြင်တွေကိုု တင်ပြနိုင်ပါသည်ဟု ဦးစွာ ပဏာမ စကားဦး ကမ်းလှမ်းလိုက်ပြီး၊ လုံခြံုရေး အခြေအနေအရ အမည်ရင်း မဖေါ်ပြလို သူများအနေနှင့် မိမိတို့ စိတ်ကြိုက် ( Nick Name/ Pen Name ) အမည်တခုကို ရွေးချယ်ခွင့် ပြုကာ လူငယ်ထု၏ ရဲဝ့ံသော အမြင်များအား ယခု အောက်ပါအတိုင်း ဖေါ်ပြလိုက်ပါသည်။

  • အခု ဒေါ်စုကိုု အမှု ချလိုက်ပြီပေါ့။ ဒါနဲ့ ပတ်သက်ပြီးကော ဘယ်လိုမျိုး မြင်မိသလဲ?
  • အခုလို အမှု စီရင်လိုက်တာဟာ ဒီမိုကရေစီ အရေးအတွက် လမ်းစ ပျောက်တာ ဖျောက်တာမျိုးများ လား?
  • ဒေါ်စုက ဒီမိုကရေစီ လမ်းစအတွက် ဘယ်လောက် အရေးကြီးတယ် ထင်မိသလဲ?
  • တချို့က ဒေါ်စုရဲ့လမ်းစဉ်က ငြိမ်းချမ်းရေး လမ်းစဉ်ပေါ့။ ဒီ့အတွက်ကြောင့် ဒီမိုကရေစီ ရဖို့ ကြန့်ကြာ ရတယ်လို့ ပြောလာကြတယ်။ လက်နက်ကိုင်ကော ငြိမ်းချမ်းရေး ကိုကော တွဲလုပ်သင့်ပြီလို့ ထင်ကြတယ်။ အဲဒီ့ အပေါ်မှာကော ဘယ်လိုု မြင်သလဲ?
  • ဒေါ်စု မရှိတော့ရင် မြန်မာပြည် ဒီမိုကရေစီ မရတော့ဘူးလို့ကော ထင်သလား?  ထင်တယ်ဆိုရင် ဘာကြောင့်လဲ ? မထင်ဘူးဆိုရင် ဘာကြောင့်လဲ?
  • ဒေါ်စု မရှိတော့ရင် ဘယ်သူက ဒီမိုကရေစီ အရေးကိုု ဦးဆောင်နိုင်မယ် ထင်သလဲ? ( ပြည်တွင်းမှာပေါ့)

စသော အထက်ဖေါ်ပြပါ မေးခွန်း ၆ခုကို အဓိကထား မေးမြန်းထားခြင်း ဖြစ်ပါသည် ။

ပထမဆုံး ဖြေဆိုသူက ဘလော့ဂ်ဂါ Better Tomorrow ဖြစ်ပါတယ်။ သူက …..

အခု ဒေါ်စုကိုု အမှု ချလိုက်ပြီပေါ့။ ဒါနဲ့ ပတ်သက်ပြီးကော ဘယ်လိုမျိုး မြင်မိသလဲ?

ဒေါ်အောင်ဆန်းစုကြည် အမေစု ကို အမှုချလိုက်ပြီ ဆိုတာသိရတော့ အားလုံးက ၀မ်းနည်းကြတယ်။ ဒါကလည်း အမှုချဖို့အတွက် သူတို့ဘက်က ကြိုတင် ပြင်ဆင်ထားကြတယ်လို့ ကျွန်တော် တို့ပြည်သူ တရပ်လုံးက တွက်ပြီးသား လျှက်ကိုက ၀မ်းနည်း ကြတာပါ။ ဘယ်လို မြင်သလဲဆိုတဲ့ မေးခွန်းကို ဖြေရမယ် ဆိုရင်ဖြင့်။ အင်ယားကန် ပတ်ဝန်းကျင်မှာ ကြီးပြင်းလာသူ တယောက်အဖို့ မှာတော့ အမှုစ ဖြစ်ကတည်း အနေအထား တွေကို တွက်ကြည့်တယ်။ အစိုးရ သူခိုးအလုပ် လုပ်တာ သိသာတယ်။ ကျွန်တော့်ကို ၈၈ အရေးအခင်းမှာ ကိုယ်တိုင်ပါ၀င်ပြီး ထောင်ကျ အလုပ်တွေပြုတ် ဘဝပျက်သွားတဲ့ ပြည်တွင်းက နိုင်ငံရေးသမား တဦးက ပြောဖူးတယ်။ သူခိုးကြီးရင် ဒါးပြ၊ ဒါးပြကြီးရင် သူပုန်၊ သူပုန်ကြီးတော့ အစိုးရတဲ့ ကျွန်တော်တို့ အစိုးရက သူခိုးမှ တကယ့် အဆင့်အတန်းမရှိတဲ့ သူခိုးဗျ။ ဘယ်နေရာ၊ ဘယ်ရှုထောင့် ကနေ ကြည့်ကြည့် လေးစားစရာ ယုံကြည်စရာကို မရှိဘူး။ ၂၀၀၃ ဒီပဲရင်း မတိုင်ခင် ၉၆ နို၀င်ဘာမှာ အမေစုကို ကုက္ကိုင်း လမ်းဆုံ နဲ့ ဂွတ္တလစ် နားမှာ ၀ုိင်းရိုက်ကြသေးတယ် မဟုတ်လား။ အဲဒီအထဲ ကြံ့ခိုင်ရေးအဖြစ် ကျွန်တော့ညီပါတယ်။ လ္ဘက်ရည်ဆိုင်မှာ ခေါ်သွားတာ။ ကြံ့ခိုင်ရေး ၀တ်စုံ ပြန်လဲဖို့ပြောတော့ အကျင်္ီအဝတ်အစား လဲဖို့မလိုဘူးတဲ့ နောက်တော့ …. အားလားလား ကလိမ်ကကျစ် သူခိုးကျင့် သူခိုးကြံနဲ့ အလုပ် လုပ်ဖို့ ဖြစ်နေတယ်။ လူ့သိက္ခာ၊ လူ့ကျင့်ဝတ်တွေ တပြားသားမှ မရှိဘူး။

အခုလို အမှု စီရင်လိုက်တာဟာ ဒီမိုကရေစီ အရေးအတွက် လမ်းစ ပျောက်ဖို့ ဖျောက်တာမျိုးများ လား?

အမေစု ရှိနေသေးသ၍ ဘယ်တော့မှ လမ်းစ မပျောက်ဘူးလို့ ကျုပ်ယုံတယ်။ ဒါပေမယ့် ကျုပ် အမြင်အရ အချို့လူတွေ အတွက်တော့ မှုန်ဝါး သွားမှုမျိုး တွေတော့ ဖြစ်နိုင်တယ်။ နှောင့်နှေး သွားနိုင်တယ်။ ၈၈ ကနေ ယနေ့အထိ ၂၁ နှစ်ကြာ ကာလအတွင်းမှာ အမေစုဟာ နေအိမ် အကျယ်ချုပ်နဲ့ ၁၃ နှစ်ကျော်ကြာ နေထိုင် နေရတာပါ။ ဒါကြောင့် မို့လို့လည်း ၂၁ နှစ် ဖြစ်သွားတယ်လို့ ကျွန်တော် အခိုင်အမာ ပြောရဲပါတယ်။

ဒေါ်စုက ဒီမိုုကရေစီ လမ်းစအတွက် ဘယ်လောက် အရေးကြီးတယ် ထင်မိသလဲ?

အမေစု ….လား! ဒီမိုကရေစီ လမ်းစအတွက် သိပ်ကို အရေးကြီးတာပေါ့ … ဗျာ။ ၂၀၀၇ စက်တင်ဘာ ကာလမှာ အမေစုကို အပြင်ထွက် စည်းရုံး ခွင့်သာ ပေးလိုက်ကြည့်ပါလား။ ဒီထက်မက အဆပေါင်းများစွာ ပြောင်းလည်းမှု ဖြစ်သွားနိုင်တယ်။ ၈၈တုန်း ကလို လူတွေအားလုံး လမ်းပေါ် ရောက်ကုန်မယ်။ ဆိုလိုတာက အခု လက်ရှိ ပြည်တွင်း၊ ပြည်ပ မှာရှိကြတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများထက် ပြည်သူ လူထုတရပ်လုံးက အမေစုကို ပိုမို ယုံကြည်တယ်။ ဒီမိုကရေစီအရေး ဖြစ်တဲ့ အတွက် တိုင်းရင်းသား အရေးကိုပါ ပြောရရင် ဒီနေရာမှာ ကရင်အဖွားကြီး တယောက် ပြောတဲ့ စကားကိုသွား သတိရမိတယ်။ “ အောင်ဆန်း သေတော့ အဖီး(အဖွား)မှာ အဖီးတို့ ခေါင်းဆောင် မဟုတ်ပဲ ငိုလိုက်ရတာ တဲ့ ” အဲဒီ စကားကို ကြားရစဉ် ကထက် အခု ပြန်တွေးတိုင်း ကြက်သီး တဖြန်းဖြန်း ထတယ်။ အမေစုကိုလည်း တိုင်းရင်းသားတွေ က ဗိုလ်ချုပ်အောင်ဆန်း ထက် မလျော့တဲ့ ချစ်ခြင်းမေတ္တာတွေ ရှိတယ်ဆိုတာ တိုင်းရင်းသားဒေသ စည်းရုံးရေး ခရီးစဉ်တွေမှာ တွေ့ရမှာပါ။ အနှစ်ချုပ် ပြောရရင် မြန်မာပြည် ဒီမိုကရေစီ ခရီးလမ်း (သို့) မြန်မာပြည် ဒီမိုကရေစီ ရဖို့အတွက် အမေစုက မရှိရင်မဖြစ် တဲ့ ခေါင်းဆောင် တဦးပါ။

တချို့က ဒေါ်စုရဲ့လမ်းစဉ်က ငြိမ်းချမ်းရေး လမ်းစဉ်ပေါ့။ ဒီ့အတွက်ကြောင့် ဒီမိုကရေစီ ရဖို့ ကြန့်ကြာ ရတယ်လို့ ပြောလာကြတယ်။ လက်နက်ကိုင်ကော ငြိမ်းချမ်းရေး ကိုကော တွဲလုပ်သင့်ပြီလို့ ထင်ကြတယ်။ အဲဒီ့ အပေါ်မှာကော ဘယ်လို မြင်သလဲ?

အမေစုရဲ့ ငြိမ်းချမ်းရေး လမ်းစဉ်က အောင်မြင်ပြီးသားလေ ၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူလူထု တရပ်လုံးက အမေစုတို့ ပါတီကို သူတို့ရဲ့ ရင်ထဲက ဆန္ဒနဲ့ ထုတ်ဖော်ပေးခဲ့တဲ့ မဲဆန္ဒတွေ မနည်းမှ မနည်းပဲ။ အဲဒါက တကမ္ဘာလုံးက အသိ စစ်တပ်က ဒါးပြတိုက်ပြီး အခု အစိုးရကိုး လုပ်နေကြတာ။ ဒီမိုကရေစီရဖို့ ကြန့်ကြာတာ ငြိမ်းချမ်းရေး လမ်းစဉ်ကြောင့် မဟုတ်ဘူး။ ဒါးပြတိုက် လူသတ်ဖို့ ၀န်မလေးတဲ့ စစ်အစိုးကြောင့်ပဲ။ ဘေးကပြောနေတဲ့ လူကပြောနေတယ်။ ပြောတာပဲရှိတယ်လေ။ လုပ်မှ မလုပ်ကြပဲ။ လက်နက်ကိုင် တိုက်ပွဲဝင်တဲ့ လူများလည်းပဲ အသက်ပေးပြီး တိုက်ပွဲ ၀င်နေကြတယ်၊ ငြိမ်းချမ်းရေး နည်းလမ်းနဲ့လည်းပဲ ဆန္ဒပြ ထောင်ထဲ ၀င်နေကြတာပဲ။ အမေစု ကိုယ်တိုင် နေအိမ်အကျယ်ချုပ်နဲ့ ၁၃ နှစ်ကျော် နေခဲ့ပြီးပြီပဲ။ ကျွန်တော်ကိုယ်တိုင် အေကေ ၄၇ ကြီးကို ကိုင်ပြီး တောထဲနေခဲ့ဖူးလို့ သိပါတယ်။ လက်နက်ကိုင်တယ် ဆိုတာ လွယ်တာမှတ်လို့ အခုခင်ဗျား တို့ပြောနေတဲ့ အချိန်မှာ KNU ရဲ့ KNLA တပ်မဟာ (၇) ကျသွားပြီလေ ခင်ဗျားတို့ အသိပဲ။ ဝေါလခီး ဟာ မရှိတော့ဘူး ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေ ရဲ့ မြေပုံဘေးမှာ ခြေစုံရပ်ပြီး ဦးညွတ်ခွင့်တောင် မရတော့ဘူး။ ဒီလိုအချိန်မှာ ဘေးပြောသူက ပြောတုန်းပဲ။ ဆက်ပြောရင် ရှည်နေပါ့မယ်ဗျာ။ အားလုံး ဘက်ပေါင်းစုံကနေ ၀ုိင်းဝန်း ပူးပေါင်းကြပါ။

ဒေါ်စု မရှိတော့ရင် မြန်မာပြည် ဒီမိုကရေစီ မရတော့ဘူးလို့ကော ထင်သလား?  ထင်တယ်ဆိုရင် ဘာကြောင့်လဲ ? မထင်ဘူးဆိုရင် ဘာကြောင့်လဲ?

စကားတွေလည်း ထပ်ကုန်ပြီ ထင်ပါတယ်။ ကျုပ်ကတော့ ယုံကြည်တယ်။ အမေစု မရှိတော့ရင် အမေစုရဲ့ ဦးဆောင်မှု ပျောက်မယ် ဆိုရင် တောင်းယူ၊ တိုက်ယူရတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ မရတော့ဘူး။ သူတို့ပေးတဲ့ ဆုပ်လည်းဆူး စားလဲရူး ဒီမိုကရေစီ အတုပဲ ရမယ်။ လာတော့မယ်လေ အခု ၈ လပိုင်း ၂၀၁၀ ဟာ ဘာလိုတော့လို့လည်း။ အမေစု အကျယ်ချုပ် ကျနေတဲ့ ကာလမှာ ဘယ်သူတွေက ပြည်သူလူထု တရပ်လုံး လမ်းထွက်လာအောင် ဦးဆောင်မှု ပေးနိုင်လို့လဲ။ ဒီအတိုင်းပဲ အချိန်တွေ တရိပ်ရိပ်နဲ့ ကုန်ခဲ့တာပဲလေ။

ဒေါ်စု မရှိတော့ရင် ဘယ်သူက ဒီမိုကရေစီ အရေးကိုု ဦးဆောင်နိုင်မယ် ထင်သလဲ? ( ပြည်တွင်းမှာပေါ့)

ကျုပ်ကတော့ အခုထိ ဘယ်သူ့မှ မမြင်ဘူး။ သူတို့ စွန့်စား လုပ်ကိုင်နေတာပဲ ရှိတယ် အနောက်က ဘယ်သူမှ မှ မပါပဲ။ အမေစုလောက် ပြည်သူလူထု နှလုံးကို သိမ်းကျုံးနိုင်သူ မတွေ့မိသေးဘူး။ ၂၀၀၇ ခုနှစ် စက်တင်ဘာ ဟာ မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ လူဦးရေ အများဆုံး ယုံကြည်ကိုးကွယ် ဆည်းကပ်တဲ့ ရဟန်းသံဃာတွေ အရှေ ့ထွက် လာတာတောင် တနိုင်ငံလုံး အတိုင်းအတာနဲ့ ၈၈ လို မဖြစ်လာပါဘူး။

ဒုတိယ ဖြေကြားတဲ့ မသိရိ ကတော့ ……..

အခု ဒေါ်စုကိုု အမှု ချလိုက်ပြီပေါ့။ ဒါနဲ့ ပတ်သက်ပြီးကော ဘယ်လိုမျိုး မြင်မိသလဲ?

စစ်အစိုးရ အနေနဲ့ ဒေါ်စုကို ကြောက်တယ် ဆိုတာ ထင်ရှားတယ်။ သဘောထားကြီး သလိုနဲ့ သူတို့ ဒေါ်စုအပေါ် အကြမ်းနည်းနဲ့ နှိပ်စက်လို့ မရမှန်း လူမသိအောင် ဖုံးကွယ် ချင်တယ် (ခုလဲ အကျုယ်ချုပ်နဲ့ ဒေါ်စုကို ဆက်လက် ထိန်းသိမ်းခြင်းအားဖြင့် လူထုကို ချွေးသိပ်သလိုနဲ့ နားလှည့်ပြီး ပါးရိုက်တာပါပဲ) ကောင်းမွန်စွာ နေထိုင်ရင် လွတ်ငြိမ်းခွင့် ပေးမယ်ဆိုတာ သူတို့ ရွေးကောက်ပွဲ ပြီးမှလေ လုံးဝကို မကျေနပ်ဘူး ( ထောင်ချပြီး အမိန့်ချတယ် ဆိုတာကိုက လုံးဝကို မဖြစ်သင့်တဲ့ အရာပါ)

– ဒီမိုကရေစီ လမ်းကြောင်း ပျောက်လား ဆိုတဲ့ မေးခွန်း အတွက်တော့

အမိန့်ချတာနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်။ ဒေါ်စုအ မှုမရှိခဲ့ရင်လည်း မြန်မာ့ ဒီမိုကရေစီ အရေးလမ်းကြောင်းက ပျောက်စရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ်။

ဒေါ်စုက ဒီမိုကရေစီ လမ်းစအတွက် ဘယ်လောက် အရေးကြီးတယ် ထင်မိသလဲ?

ဒေါ်စုက မြန်မာ့ ဒီမိုကရေစီ အတွက် ၁၀၀% အရေးပါတယ်လို့ ပြောချင်ပါတယ်၊ ရှင်းရှင်း ၀န်ခံရရင် ဒေါ်စုကြောင့်သာ လူတွေက ဒီမိုကရေစီ အရေးကို စိတ်ဝင်စားကြ၊ ပိုမို စိတ်ဝင်စားကြတာပါ ဒေါ်စုကြောင့်သာ မဟုတ်ခဲ့ရင် လူတွေက ဒီလောက် အားရှိပါ့မလား မသေချာပါဘူး ကိုယ်တိုင် အပါအဝင်ပေါ့၊ ဒေါ်စုသာ မရှိတော့ရင် ဒီမိုကရေစီ တိုက်ပွဲအတွက် နည်းနည်း ရင်လေးမိတာ အမှန်ပဲ၊ ဘာလို့လဲ ဆိုတော့ လုပ်ရဲကိုင်ရဲ စွန့်စားရဲ သူတိုင်းက အဝေးမှာ မဟုတ်ရင် တောင်၊ ထောင်ထဲမှာ အကုန်နီးပါး ဆိုတော့။

တချို့က ဒေါ်စုရဲ့လမ်းစဉ်က ငြိမ်းချမ်းရေး လမ်းစဉ်ပေါ့။ ဒီ့အတွက်ကြောင့် ဒီမိုကရေစီ ရဖို့ ကြန့်ကြာ ရတယ်လို့ ပြောလာကြတယ်။ လက်နက်ကိုင်ကော ငြိမ်းချမ်းရေး ကိုကော တွဲလုပ်သင့်ပြီလို့ ထင်ကြတယ်။ အဲဒီ့ အပေါ်မှာကော ဘယ်လို မြင်သလဲ?

ငြိမ်းချမ်းရေးနဲ့ လက်နက် ဆိုတာ ပြဒါးတစ်လမ်း သံတစ်လမ်း ဆိုတော့ မတွဲသင့်ဘူးလို့ မြင်ပါတယ်၊ အဲ … တကယ်လို့ ငြိမ်းချမ်းစွာ တောင်းဆိုလို့မှ မရရင်တော့ လက်နက်ကို ရွေးသင့်ပီလို့ မြင်ပါတယ်၊  လက်နက်နဲ့ မှ ဒီမိုကရေစီ ရမယ် ဆိုတာကတော့ ပို မသေချာဘူးလို့ မြင်မိပါတယ်။

ဒေါ်စု မရှိတော့ရင် မြန်မာပြည် ဒီမိုကရေစီ မရတော့ဘူးလို့ကော ထင်သလား? ထင်တယ်ဆိုရင် ဘာကြောင့်လဲ ? မထင်ဘူးဆိုရင် ဘာကြောင့်လဲ?

ဒေါ်စု မရှိတော့ရင်လည်း ဒီမိုကရေစီ အရေးက မရပ်တန့် သွားနိုင်ပါဘူး၊ ဆက်လက် ရှင်သန်နေဦး မှာပါ (စစ် အာဏာရှင်တွေ အုပ်ချုပ်နေသမျှ လူတိုင်းကတော့ လိုလား တောင့်တ နေကြဦးမှာ) အင်အားတော့ လျှော့သွားမလား? ဆိုတာပဲ ရှိပါတယ်။

ဒေါ်စု မရှိတော့ရင် ဘယ်သူက ဒီမိုကရေစီ အရေးကိုု ဦးဆောင်နိုင်မယ် ထင်သလဲ? ( ပြည်တွင်းမှာပေါ့)

ဒေါ်စုသာ မရှိတော့ရင် ပြည်တွင်းမှာ ဒီမိုကရေစီ အရေးကို ကျောင်းသား မျိုးဆက်သစ် တွေက ဆက်လက် လှုပ်ရှားမယ်လို့ မျှော်လင့် ယုံကြည််မိပါတယ်၊ သံဃာတွေလည်း ပါ၀င်နိုင်ပါတယ် ဒါပေမယ့် ဦးဆောင် လှုပ်ရှားမှုမှာတော့ ကျောင်းသားတွေကိုပဲ မြင်ပါတယ်၊ ကျမကတော့  နိုင်ငံရေးအကြောင်း သိပ်မသိပါဘူး၊ ကိုယ့် ခံစားချက်ကို ရေးလိုက်တာပါ၊  သူငယ်ချင်းတို့ရဲ့ ခံစားချက်ကိုလည်း သိချင်ပါသေးတယ်။

တတိယ ဖြေကြားသူ မနှင်းပွင့်ဖြူ ကတော့ ……..

အခု ဒေါ်စုကိုု အမှု ချလိုက်ပြီပေါ့။ ဒါနဲ့ ပတ်သက်ပြီးကော ဘယ်လိုမျိုး မြင်မိသလဲ?

နှင်းပွင့်ဖြူ – အဲဒါနဲ့ ပတ်သက်ပြီး ကျမအမြင် ကတော့ န.အ.ဖ အစိုးရရဲ့ တရားစီရင်မှု စနစ်က မယုံကြည် နိုင်စရာ ကောင်းလောက်အောင်ကို ယိုယွင်း ပျက်စီးနေတယ် ဆိုတာ အခု ဒေါ်အောင်ဆန်းစုကြည် အမှုကို ကိုင်တွယ် ေဖြေရှင်းပုံ၊ ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် စီရင်ပုံကို ကြည့်ရုံနဲ့ မြင်နိုင်သလို ကမာ္ဘကိုလည်း န.အ.ဖ ကနေ မြန်မာပြည်ရဲ့ တရား စီရင်မှုစနစ်ဟာ ပြည်သူ လူထုအပေါ် ဘယ်လိုရှိတယ်၊ ဘယ်နည်းလမ်းနဲ့သွား နေတယ်ဆိုတာကို မြင်နိုင်ပါတယ်။ မြန်မာ ပြည်သားတွေရော၊ နိုင်ငံတကာ ကရော ဒီစီရင်ချက်ဟာ မတရားတဲ့ စီရင်ချက်ဆိုတာ သိသာ ထင်ရှား မြင်နေတာပဲ။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည် မတရားတဲ့နည်းနဲ့ ထောင်ချ လိုက်တာပဲလို့ မြင်ပါတယ်။

အခုလို အမှု စီရင်လိုက်တာဟာ ဒီမိုကရေစီ အရေးအတွက် လမ်းစ ပျောက်ဖို့ ဖျောက်တာမျိုးများ လား?

ဒေါ်စုကို အခုလို အမှု စီရင်လိုက်တာဟာ ဒီမိုကရေစီရေး အတွက် လမ်းစ ပျောက်သွားသလား ဆိုတော့  အဲဒီလို ပြောလို့ မရပါဘူး။ ဒေါ်စုဟာ ကျမတို့ တိုင်းပြည်အတွက် ငြိမ်းချမ်းသောနည်းနဲ့ တိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင်တဦး ဖြစ်တယ် ဆိုတာကို ပြည်သူများက လက်ခံ ထားကြသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး လမ်းစဉ်အတိုင်း ငြိမ်းချမ်းသော နည်းနဲ့  မြန်မာတပြည်လုံးက လုပ်ဆောင်နေတယ် ဆိုတာကိုလည်း မျက်မြင်ကိုယ်တွေ ့ပါပဲ။ ပြည်သူတွေ ကလည်း ဒေါ်စုအပေါ် မတရား စီရင်မှုတွေကို သိနေတဲ့အတွက် ခေါင်းငုံ့ ခံနေကြမှာ မဟုတ်သလို ရတဲ့နည်းနဲ့ တိုက်ပွဲ ၀င်ကြမယ်လို့ မြင်ပါတယ်။ နိုင်ငံတကာ ကလည်း ဒီအတိုင်း ကြည့်နေမှာ မဟုတ်သလို ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အမှု စီရင်လိုက်တာဟာ ဒီမိုကရေစီရေး အတွက် လမ်းစတခုပဲလို့ မြင်ပါတယ်။

ဒေါ်စုက ဒီမိုကရေစီ လမ်းစအတွက် ဘယ်လောက် အရေးကြီးတယ် ထင်မိသလဲ?

ဒေါ်စုဟာ ဒီမိုကရေစီ လမ်းစအတွက် အလွန်အရေးကြီး ပါတယ်။ ဒေါ်စုဟာ အများဆိုသလို ပြည်သူထဲက ပြည်သူတယောက်လို့ ဆိုနိုင်ပေမယ့် ပြည်သူက ရွေးကောက် တင်မြောက်ထားတဲ့ ခေါင်းဆောင် တယောက်၊ ပြည်သူတွေအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး တိုင်းပြည် ဒီမိုကရေစီရေး အတွက် ကြိုးပမ်း လုပ်ဆောင်နေတဲ့ ခေါင်းဆောင်ကောင်း တယောက်လို့ မြင်ပါတယ်။ သူဟာ ဒီမိုကရေစီရေး အတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာကို သူလက်ကိုင်ထားပြီး လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေက သက်သေပြ သွားလိမ့်မယ်လို့ မြင်ပါတယ်။

တချို့က ဒေါ်စုရဲ့လမ်းစဉ်က ငြိမ်းချမ်းရေး လမ်းစဉ်ပေါ့။ ဒီ့အတွက်ကြောင့် ဒီမိုကရေစီ ရဖို့ ကြန့်ကြာ ရတယ်လို့ ပြောလာကြတယ်။ လက်နက်ကိုင်ကော ငြိမ်းချမ်းရေး ကိုကော တွဲလုပ်သင့်ပြီလို့ ထင်ကြတယ်။ အဲဒီ့ အပေါ်မှာကော ဘယ်လို မြင်သလဲ?

ကျမ အနေနဲ့ ကတော့ ဒီမိုကရေစီအရေး အတွက် ငြိမ်းချမ်းသော နည်းနဲ့ပဲ တိုက်တိုက်၊ လက်နက်ကိုင် ပြီးတော့ တိုက်တိုက် အဓိက ကတော့ စည်းလုံး ညီညွတ်မှု ရှိဖို့နဲ့ ဟန်ချက်ညီညီ တိုက်ပွဲဝင်ဖို့ပဲ လိုတယ်လို့ မြင်ပါတယ်။

ဒေါ်စု မရှိတော့ရင် မြန်မာပြည် ဒီမိုကရေစီ မရတော့ဘူးလို့ကော ထင်သလား? ထင်တယ်ဆိုရင် ဘာကြောင့်လဲ ? မထင်ဘူးဆိုရင် ဘာကြောင့်လဲ?

ကျမတော့ မထင်ပါဘူး။ ဒေါ်စုဟာ မြန်မာပြည် ဒီမိုကရေစီအရေး အတွက် ဦးဆောင်တိုက်ပွဲဝင် နေသူတဦးပါ။  ဒေါ်စုအတွက် မြန်မာ ဒီမိုကရေစီ တိုက်ပွဲဝင်နေတာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဒေါ်စုရှိမှ ဒီမိုကရေစီအရေး အတွက် လုပ်ဆောင်လို့ ရမယ်လို့ မြင်လို့ မရသလို ဒေါ်စု မရှိလည်း ဒီမိုကရေစီ အရေးလုပ်ဆောင်လို့ ရတယ်ဆိုပြီး  ဒီမိုကရေစီ ခေါင်းဆောင်တဦးကို ပစ်ပယ်ထားပြီး လုပ်လို့ မရပါဘူး။ အစိုးရက ဘယ်လောက်ပဲ ဖမ်းဆီး ချုပ်နှောင်၊ တားဆီး ပိတ်ပင်မှုတွေ လုပ်နေပါစေ၊ တိုင်းပြည်အတွက် လှုပ်ရှား ဆောင်ရွက်နေသူတွေကို နည်းလမ်း ပေါင်းစုံနဲ့  ပြုလုပ်နေပါစေ အဓိကကတော့ လူတဦး တယောက်ချင်းစီရဲ့ တိုင်းပြည် အပေါ် တာဝန် သိတတ်မှုနဲ့ ဆိုင်လိမ့်မယ်လို့ မြင်ပါတယ်။ ကိုယ်က တိုင်းပြည်အပေါ် ဘယ်လောက်ချစ်လဲ၊ တိုင်းပြည်အတွက် ကိုယ့်ဘက်ကနေ ဘယ်လောက် ပေးဆပ်ပြီးပြီလဲ ဲဆိုတဲ့ အသိပေါ်မှာ မူတည်မယ်လို့ ထင်မြင်ပါတယ်၊ တတ်နိုင်တဲ့ နည်းလမ်းတွေကို သုံးပြီး တိုင်းပြည် ဒီမိုကရေစီ ရရှိရေးအတွက် အဖက်ဖက်ကနေ၊ ဘက်ပေါင်းစုံကနေ ကိုယ့်ရဲ့ အသိစိတ်နဲ့ ကျရာနေရာကနေ လုပ်ဆောင်သွားမယ် ဆိုရင် ဒီမိုကရေစီ ရရှိဖို့ မဝေးတော့ဘူးလို့ ကျမ ထင်ပါတယ်။

ဒေါ်စု မရှိတော့ရင် ဘယ်သူက ဒီမိုကရေစီ အရေးကိုု ဦးဆောင်နိုင်မယ် ထင်သလဲ? ( ပြည်တွင်းမှာပေါ့)

အခုချိန်မှာ ဒေါ်စုမရှိတော့ရင် ဆိုတဲ့ စကားကို ကျမ သိပ်သဘော မကျပါဘူး။ အခုချိန်မှာ ဘယ်သူ ဘယ်ဝါဖြစ်မယ် ဆိုတာကို မပြောနိုင်ပေမယ့် ဒေါ်စုလို တိုင်းပြည်အတွက် အနစ်နာခံလုပ်ဆောင်နိုင်တဲ့ ခေါင်းဆောင်တွေပေါ် ထွက်လာ နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

စတုတ္ထမြောက် ဖြေကြားသူ ရောင်ပြန် … မှာတော့

အခု ဒေါ်စုကိုု အမှု ချလိုက်ပြီပေါ့။ ဒါနဲ့ ပတ်သက်ပြီးကော ဘယ်လိုမျိုး မြင်မိသလဲ?

ဒေါ်စုကို အပြစ်မရှိ အပြစ်ရှာပြီး အမှုဆင် ထောင်ချတယ် ဆိုတာက လယ်ပြင်မှာ ဆင်သွားသလို ထင်းနေတာပဲ။ သူတို့က သူတို့ အာဏာတည်မြဲဖို့ ဆိုရင် ငါ့ခွေး ငါစီးပြီး ငရဲပဲ ရောက်ရောက် အဝီစိပဲ ရောက်ရောက် ဘာမှ မကြောက်တဲ့ သူတွေလေ။ ဥပဒေ ကိုလည်း သူတို့လက်ထဲမှာ သွန်လိုသွန် မှောက်လိုမှောက် လုပ်နေကြတာ။ ခုလည်း ၂၀၁၀ မှာ ၁၉၉၀ ရွေးကောက်ပွဲလို ဖြစ်မှာစိုးလို့၊ သူတို့ ကိုယ်သူတို့ မယုံလို့ ပုဒ်မတွေ တသီကြီး တပ်ပြီး အပြစ်ရှာတာလို့ပဲ မြင်ပါတယ်။ တကယ်တမ်း အမှုကို ပြန်သုံးသပ် ကြည့်မယ်ဆိုရင် သူတို့ဆင်တဲ့ အမှုတွေမှာ ဟာကွက်တွေ အများကြီးပါ။ မတရားဘူး ဆိုတာက ဖုံးလို့ မလုံအောင် ပေါ်နေတာပါပဲ။ အခု သူတို့လုပ်ပုံက တကမာ္ဘလုံးရဲ့ လှောင်ရယ်စရာ ဖြစ်နေခဲ့ရပြီ။

အခုလို အမှု စီရင်လိုက်တာဟာ ဒီမိုကရေစီ အရေးအတွက် လမ်းစ ပျောက်ဖို့ ဖျောက်တာမျိုးများ လား?

ဒေါ်စုကို အမှုစီရင် လိုက်တာဟာ ဒီမိုကရေစီအရေး အတွက် လမ်းစ မှေးမှိန်ကောင်း မှေးမှိန် သွားနိုင်ပါတယ်။ ဒါပေမယ့် ဒါကို လမ်းစ ပျောက်တယ်လို့ မခေါ်နိုင်ပါဘူး။ အဆိုးဘက်က ကြည့်ရင်တော့ ဒေါ်စုလို ခေါင်းဆောင်ကြီး တယောက် ဒီလို ဖြစ်တာကြောင့် အားလျော့ သွားနိုင်တယ်။ ဒါပေမယ့် စစ်အစိုးရ အော်နေတဲ့ ဒီမိုကရေစီ ဆိုတာကြီးကို နိုင်ငံတကာ သာမက ပြည်သူတွေကပါ ကွက်ကွက်ကွင်းကွင်း မြင်လာကြပြီး အသိ တရားတွေ၊ မခံချင် စိတ်တွေနဲ့ အကြောက်တရားတွေ ကြားက သတ္တိတွေ မွေးဖွားပြီး နိုးကြား တက်ကြွစွာနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာ ပါ၀င် လာနိုင်ပါတယ်။

ဒေါ်စုက ဒီမိုကရေစီ လမ်းစအတွက် ဘယ်လောက် အရေးကြီးတယ် ထင်မိသလဲ?

ဒေါ်စုဟာ တမျိုးသားလုံးရဲ့ စံပြခေါင်းဆောင် ဖြစ်သလို မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက် ရှေ့ဆောင် လမ်းပြတဦးလည်း ဖြစ်ပါတယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အဖြစ် အသိအမှတ် မပြုဘူးဆိုရင် ဒါဟာ စစ်မှန်တဲ့ ဒီမိုကရေစီ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ဒေါ်စုကို ဒီမိုကရေစီရေး အရ ပြည်သူတွေက လိုလိုလားလား ရွေးကောက် ထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီ လမ်းစအတွက် လေးစားထိုက်တဲ့၊ အရေးကြီးတဲ့ အလင်းပြ မီးအိမ်တခုသာမက အကြီးဆုံးကြယ်တပွင့် ဆိုရင်လည်း မမှားပါဘူး။

တချို့က ဒေါ်စုရဲ့လမ်းစဉ်က ငြိမ်းချမ်းရေး လမ်းစဉ်ပေါ့။ ဒီ့အတွက်ကြောင့် ဒီမိုကရေစီ ရဖို့ ကြန့်ကြာ ရတယ်လို့ ပြောလာကြတယ်။ လက်နက်ကိုင်ကော ငြိမ်းချမ်းရေး ကိုကော တွဲလုပ်သင့်ပြီလို့ ထင်ကြတယ်။ အဲဒီ့ အပေါ်မှာကော ဘယ်လို မြင်သလဲ?

ဒီမိုကရေစီ ရဖို့ကို နည်းလမ်း ပေါင်းစုံသုံးရမယ် ဆိုတာကိုတော့ လက်ခံပါတယ်။ တခါတလေ သွယ်ဝိုက်တဲ့ လုပ်ဆောင်မှုက အထိမိဆုံး ဖြစ်နိုင်သလို တိုက်ရိုက် လုပ်ဆောင်မှုကလည်း အကျိုးမယုတ် နိုင်ပါဘူး။ ဒါပေမယ့် နည်းလမ်းတိုင်းမှာ အားသာချက်တွေ ရှိသလို အားနည်းချက်တွေလည်း ရှိတာပါပဲ။ ဘယ်လမ်းစဉ်မှ အစွန်းရောက်လွန်းတာ မကောင်းပါဘူး။ အကုန်လုံး ဟန်ချက်ညီညီနဲ့ မျှမျှတတ လုပ်ဆောင်နိုင်လေ ကောင်းလေပါပဲ။

ဒေါ်စု မရှိတော့ရင် မြန်မာပြည် ဒီမိုကရေစီ မရတော့ဘူးလို့ကော ထင်သလား?  ထင်တယ်ဆိုရင် ဘာကြောင့်လဲ ? မထင်ဘူးဆိုရင် ဘာကြောင့်လဲ?

ဒေါ်စု မရှိတော့ရင် ဒီမိုကရေစီ မရတော့ဘူး ဆိုတာက တွေးကို မကြည့်မိသင့်တဲ့ ကိစ္စတခုပါ။ ဒေါ်စုရဲ့ ရုပ်ခန္ဓာကိုပဲ အကျဉ်းချထားလို့ ရချင်ရမယ် ဒေါ်စုရဲ့ စိတ်ဓါတ်ကိုတော့ ဘယ်တော့မှ တားဆီး ရိုက်ချိုးလို့ မရပါဘူး။ ပြီးတော့ ဒေါ်စု အပြင် တခြား ဒီမိုကရေစီ ခေါင်းဆောင်တွေ၊ ဒီမိုကရေစီအရေး လှုပ်ရှား တက်ကြွသူတွေ အများကြီး ရှိပါသေးတယ်။ ဒီမိုကရေစီရေး လှုပ်ရှားသူတွေဟာ ခိုင်မာတဲ့ စိတ်ဓါတ်တွေနဲ့ အသက်ရှင် နေထိုင် သူတွေပါ။ ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်မယ့် မျိုးဆက်တွေက ဆက်လက် ကျန်ရှိနေသေးသလို မျိုးဆက်သစ် တွေလည်း အများကြီး ဆက်ပြီးတော့ ပေါ်ထွက် နေအုံးမှာပါ။ အာဏာရှင်ရဲ့ နေဝင်ချိန် ကတော့ မဝေးတော့ပါဘူး။ ဗိုလ်ချုပ် မရှိတော့ပေမယ့် ဗိုလ်ချုပ်လျှောက်ခဲ့တဲ့ လမ်းအတိုင်း လွတ်လပ်ရေးကိုတောင် အရယူ နိုင်ခဲ့သေးတာပဲ။ တနေ့တော့ စစ်ကျွန်ဘဝ ကလွတ်ပြီး ဒီမိုကရေစီ ဆိုတာကို အပြည့်အဝ စံစားရမှာပါ။

ဒေါ်စု မရှိတော့ရင် ဘယ်သူက ဒီမိုကရေစီ အရေးကိုု ဦးဆောင်နိုင်မယ် ထင်သလဲ? ( ပြည်တွင်းမှာပေါ့)

ဒီမိုကရေစီ အရေးကို ဘယ်သူ ဦးဆောင်မလဲ ဆိုတာ တွေးနေတာထက် ဒီမိုကရေစီအရေး အတွက် ဘယ်သူတွေမှာ တာဝန် ရှိသလဲ ဆိုတာကိုပဲ ပြန်စဉ်းစား သင့်ပါတယ်။ ပြီးတော့ ဒီထက်ပိုပြီး လှုပ်ရှားမှု အရှိန်အဟုန် မြင့်လာအောင်၊ စနစ်ကျ လာအောင် ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာကိုပဲ အဓိက ထားသင့်ပါတယ်။ ၈၈ မျိုးဆက်တွေ ကျန်ရှိနေသလို သူတို့ချပေးတဲ့ မျိုးစေ့တွေ အောက်မှာ မျိုးဆက်သစ်တွေ ဒုနဲ့ဒေး ပါပဲ။ အားလုံး လက်တွဲညီညီနဲ့ အတူတကွ ပူးပေါင်း ဆောင်ရွက်သွားကြ ရမှာပါ။ လူထု တရပ်လုံး အသာစံဖို့ အတွက် အနစ်နာခံကြမယ့် မျိုးချစ်တွေ၊ နိုင်ငံချစ်တဲ့ သူတွေလည်း အများကြီးပါပဲ။ ဒေါ်စုရဲ့ လမ်းစဉ် နည်းလမ်းတွေနဲ့ အတူ ကောင်းတဲ့ နည်းလမ်း အသစ် အသစ်တွေနဲ့ နည်းလမ်း ပေါင်းစုံသုံးပြီး အချိတ်အဆက် မိမိ အကောင်းဆုံး လုပ်ဆောင် လှုပ်ရှား သွားကြမှာပါ။ သေချာတာ ကတော့ ဒီမိုကရေစီ အရေး လှုပ်ရှားမှုဟာ ဘယ်တော့မှ ရပ်တန့်နေမှာ မဟုတ်ဘူး ဆိုတာပါပဲ။

ပဥ္စမမြောက် ဖြေကြား လာသူကတော့ ဖြေကြားသူ – ကိုကူး (ချင်းမိုင်) ဖြစ်ပြီး ……..

အခု ဒေါ်စုကိုု အမှု ချလိုက်ပြီပေါ့။ ဒါနဲ့ ပတ်သက်ပြီးကော ဘယ်လိုမျိုး မြင်မိသလဲ?

အားလုံး ကြိုတွေး ထားတဲ့အတိုင်း ဖြစ်လာတာပါပဲ။

အခုလို အမှု စီရင်လိုက်တာဟာ ဒီမိုကရေစီ အရေးအတွက် လမ်းစ ပျောက်ဖို့ ဖျောက်တာမျိုးများ လား?

ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ အဟန့်အတား ဖြစ်အောင် န.အ.ဖ က အကွက်ဆင် လိုက်တာပဲ ဖြစ်ပါတယ်၊ တဖက်က ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးအတွက် နိုင်ငံတကာ က ပိုမိုအာရုံ စိုက်လာအောင် န.အ.ဖ က လုပ်လိုက်သလိုလဲ ဖြစ်သွားတယ်၊ ဘာကြောင့်လဲဆိုရင် ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း တခုလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ပြတ်ပြတ်သားသား တောင်းဆို နေချိန်မှာ ယခုလို ဒေါ်အောင်ဆန်းစုကြည်အား ပုံသဏ္ဍာန် တမျိုးနဲ့ ဖမ်းဆီးထား လိုက်တာဟာ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ အဝန်းအဝိုင်ကို မထီမဲ့မြင် ပြုလိုက်တာပဲ ဖြစ်တယ်။

ဒေါ်စုက ဒီမိုကရေစီ လမ်းစအတွက် ဘယ်လောက် အရေးကြီးတယ် ထင်မိသလဲ?

ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာပြည် ဒီမိုကရေးစီအရေး အတွက် အဓိက နေရာကနေ ပါဝင် နေတာ ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုရင် သူဟာ မြန်မာပြည ်ဒီမိုကရေစီ အရေးအတွက် လူထ ုခေါင်ဆောင်ဖြစ်လို့ပဲ။

တချို့က ဒေါ်စုရဲ့လမ်းစဉ်က ငြိမ်းချမ်းရေး လမ်းစဉ်ပေါ့။ ဒီ့အတွက်ကြောင့် ဒီမိုကရေစီ ရဖို့ ကြန့်ကြာ ရတယ်လို့ ပြောလာကြတယ်။ လက်နက်ကိုင်ကော ငြိမ်းချမ်းရေး ကိုကော တွဲလုပ်သင့်ပြီလို့ ထင်ကြတယ်။ အဲဒီ့ အပေါ်မှာကော ဘယ်လို မြင်သလဲ?

လက်နက်ကိုင် လမ်းစဉ်ကို အားသန်တဲ့သူက လက်နက်ကိုင် လမ်းစဉ်ကို လုပ်မှာပဲ ငြိမ်းချမ်ရေး လမ်းစဉ်ကို အားသန်တဲ့ သူက ငြိမ်းချမ်ရေး လမ်းစဉ်နဲ့ လုပ်ရမှာပဲ၊ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ကိုယ် သန်ရာ သန်ရာ ဖက်က ဝိုင်ဝန်းကြိုးပမ်း ကြရမှာပဲ။ ကြာတာ မကြာတာဟာ ငြိမ်းချမ်ရေး လမ်းစဉ်နဲ့မဆိုင်ပါဘူး။

ဒေါ်စု မရှိတော့ရင် မြန်မာပြည် ဒီမိုကရေစီ မရတော့ဘူးလို့ကော ထင်သလား?  ထင်တယ်ဆိုရင် ဘာကြောင့်လဲ ? မထင်ဘူးဆိုရင် ဘာကြောင့်လဲ?

ဒေါ်အောင်ဆန်းစုကြည် မရှိတော့ရင်လည်း မတရားမှု ရှိနေသရွှေ့ အဲဒီ မတရားမှုကို ရင်ဆိုင် တိုက်ဖျက်မဲ့ လူထု ခေါင်းဆောင်တွေဟာ ရှိနေကြမှာပဲ၊ ဒါကြောင့်မို့လို့ ဒီမိုကရေစီဟာ တချိန်ချိန်မှာ ရမှာပဲ။

ဒေါ်စု မရှိတော့ရင် ဘယ်သူက ဒီမိုကရေစီ အရေးကိုု ဦးဆောင်နိုင်မယ် ထင်သလဲ? ( ပြည်တွင်းမှာပေါ့)

ကျွန်တော် ခုနက ပြောခဲ့သလိုပါပဲ။

ဆဋ္ဌမမြောက် ဖြေကြားသူကတော့ မေလေး ပါ၊ သူမ ကတော့ ……

အခု ဒေါ်စုကိုု အမှု ချလိုက်ပြီပေါ့။ ဒါနဲ့ ပတ်သက်ပြီးကော ဘယ်လိုမျိုး မြင်မိသလဲ?

ယက်တော အမှုစဖြစ်တဲ့ အချိန်မှာ မကျေနပ်မှုတွေက ရင်ထဲမှာ အများကြီးပါ။ လူတွေ ပြောကြတာလည်း အများကြီး ဆိုတော့ စဉ်းစားစရာတွေက တခုပြီး တခုပါပဲ။ သေချာတာတော့ ကျတော်နဲ့ တိုက်ရိုက် ပါတ်သက်သလိုမျိုး ခံစားချက် ဖြစ်တာပါ။ အခု ချလိုက်တဲ့ အမိန့်ကိုလည်း မကျေနပ်ပါဘူး။ ကျတော်က ဥပဒေ နဲ့ ကျောင်းပြီးတာ ဆိုတော့ ဥပဒေအကြောင်း နည်းနည်း လောက်တော့ တီးခေါက်မိတာက လူတစ်ယောက်ရဲ့ ဖြူစင်မှုမှာ တရားရုံးရဲ့ အပြစ်ဒဏ်ချတာ ခံရရင် ဘယ်လို အမှုမျိုးမဆို အမည်းစက်ကတော့ ဖြစ်ရတာပဲ။ တရားရုံးက ဘာအမိန့် ချမယ်ဆိုတာ စစ်ခေါင်းဆောင်တွေ ကြိုသိနေသလား လို့ မေးစရာမလိုတော့ တာက ကြိုသိနေလို့ပါပဲ၊ ပြည်ထဲရေး ၀န်ကြီးဆီက မရှေးမနှောင်းမှာပဲု စာထုတ် နိုင်တာပေါ့။

တရားရုံး အမိန့်ကို ကြိုမသိရင် ပထမအမိန့် ချမယ်လို့ကြေညာထားတဲ့ ၃၁ရက်နေ့ ထဲက ပြည်သူကို အသိပေး သင့်တယ်။ ဒါဆိုရင် ဆန္ဒပြကြဆိုတဲ့လှုံ့ဆော်သံတွေကို ကြားရမှာ မဟုတ်ဘူး။ မတော်လို့ ဆနပြပြီဆိုရင် ဒီနေ့ချထားတဲ့ လုံခြံုရေးတွေက လူမသတ်ဘူးလို့ မပြောနိုင်ဘူး။ ဘယ်လိုပဲဆိုဆို ချလိုက်တဲ့ အမိန့်က ၂၀၁၀ ရွေးကောက်ပွဲမှာ အိမ်ထဲမှာ နေပေတော့။ ကောင်းကောင်း မနေရင် ဆိုင်းငံ့အမိန့် ရုတ်ပြီး ထောင်ထဲပို့မယ်။ ကောင်းကောင်းနေမှ အိမ်ပြင်ထွက်ခွင့် ပေးမယ် ဆိုတာမျိုးပဲ။ နိုင်ငံတကာက ဘာပြောပြော ရွေးကောက်ပွဲမှာ ၀င်ခွင့် မပေးဘူးဆိုတာ သေချာနေပြီ။

အခုလို အမှု စီရင်လိုက်တာဟာ ဒီမိုကရေစီ အရေးအတွက် လမ်းစ ပျောက်ဖို့ ဖျောက်တာမျိုးများ လား?

ဒေါ်စုကို ဒီလို အမိန့်ချလို့ ဒီမိုကရေစီ လမ်းစ မပျောက်ပါဘူး။ သက်သေအနေနဲ့က စက်တင်ဘာ အရေးအခင်းမှာ လမ်းမထွက်ပြီး ဆန္ဒပြခဲ့ ကြတဲ့ လူငယ်တွေက သက်သေပဲ။ မထွက်ရဲတဲ့ သူမရှိပါဘူး။ မထွက်နိုင်အောင် ကန့်သတ် ခံထားရတာပါ။ လူငယ်တွေက သူတို့ရဲ့ဆန္ဒကို စက်တင်ဘာ အရေးအခင်းမှာ လမ်းမထွက်ပြီး ရဲရဲဝင့်ဝင့် ပြခဲ့ ပြီးပြီ။ ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်လုပ်တဲ့ သူတွေထဲက ထက်မြက်တဲ့ ဦးဆောင်မှု ပေါ်မလာတာ စက်တင်ဘာ အရေးအခင်း ရဲ့ အားနည်းချက်ပဲ။ ဒေါ်စုကို ထောင်ချပေမယ့် လက်ဆင့်ကမ်း ခေါင်းဆောင် ရှိနေသင့်တယ်။

ဒေါ်စုက ဒီမိုကရေစီ လမ်းစအတွက် ဘယ်လောက် အရေးကြီးတယ် ထင်မိသလဲ?

ဒေါ်စုက ဒီမိုကရေစီ လမ်းကြောင်း အတွက် အရေးကြီးတဲ့ နေရာမှာ ရှိနေတာ အစိုးရက ပြောနေသလို နိုင်ငံတကာက အားပေးမှုကြောင့်လို့ မထင်ပါဘူး။ ပြည်သူတွေက အားပေး နေတာကြောင့်ပါ။ ပြည်သူရဲ့ အားပေးမှုကို ဒေါ်စုထံကနေ လွှဲပြောင်း ယူရမယ်လို့ မဆိုလိုဘူး။ ဒေါ်စုလို ပြည်သူယုံကြည်ရတဲ့ ခေါင်းဆောင်တွေ အများကြီး လိုနေတာ။ ဒေါ်စုလွှတ်ဖို့ နှစ်ပေါင်း (၂၀) လုပ်ခဲ့တဲ့၊ ပြောခဲ့တဲ့ အချိန်မှာ ကိုယ့်တိုင်း ကိုယ့်ပြည်သူတွေရဲ့ ယုံကြည်မှုကို ရအောင်လုပ်ခဲ့တဲ့ သူ မရှိသလောက်ဆိုတော့ စိတ်မကောင်း စရာပါ။ သေချာတာက စက်တင်ဘာမှာ လူငယ်တွေ ဟိုတစု ဒီတစု နဲ့ ခေါင်းဆောင်ရှာတယ် ဆိုတာပါပဲ။ ပြည်သူ့ လွှတ်တော်အမတ် ဆိုပြီး အလံထောင်လာတော့ လက်ခုပ်တီးပြီး ပြည်သူတွေ အားပေးပါတယ်။ လုပ်ရင် လုပ်သလို အားပေးတယ် ဆိုတာကို ပြောချင်တာပါ။ ဂမ်ဘာရီ လာလည်း ပြည်သူတွေ မျှော်လင့်ရ၊ ဘန်ကီမွမ်း လာတော့လည်း မျှော်လင့်ရနဲ့ ပင်ပန်းပါတယ်။ ဒေါ်စု ကလည်း ဂမ်ဘာရီကို ထွက်မတွေ့တော့ဘူးလေ။

တချို့က ဒေါ်စုရဲ့လမ်းစဉ်က ငြိမ်းချမ်းရေး လမ်းစဉ်ပေါ့။ ဒီ့အတွက်ကြောင့် ဒီမိုကရေစီ ရဖို့ ကြန့်ကြာ ရတယ်လို့ ပြောလာကြတယ်။ လက်နက်ကိုင်ကော ငြိမ်းချမ်းရေး ကိုကော တွဲလုပ်သင့်ပြီလို့ ထင်ကြတယ်။ အဲဒီ့ အပေါ်မှာကော ဘယ်လို မြင်သလဲ?

ပြည်ပ သတင်းတွေကို စက်တင်ဘာ အရေးအခင်းမှာ လမ်းမ ထွက်ပြီး အပြန်မှာ နားထောင်တော့ လက်နက်ကိုင်တွေရဲ့ အကူအညီ အင်အားကို မျှော်လင့်ပါသေးတယ်။ ပြည်သူတွေ၊ ဘုန်းကြီးတွေ သေကျေပေမယ့် ဘယ် လက်နက်ကိုင်ကမှ သေနတ်တချက် ဖောက်သံ မကြားရဘူး။ အခု လတ်တလော အစိုးရက ပေးလာတဲ့ ဖိအားတွေ ခံရမှ ပစ်ဖို့ ခတ်ဖို့ ပြန်သတိရတယ် ထင်တယ်။ ကျတော် ကတော့ ဘဝင်မကျဘူး။ တကယ် ဒီမိုကရေစီ လိုလားသူတွေ လက်ထဲကို လက်နက်တွေ ပေးမယ်ဆိုရင် တမျိုးပေါ့။ လက်နက်ကိုင် ထားပြီးတော့ ငြိမ်းချမ်းရေး နာမည်ဆက်ခံပြီး စစ်အစိုးရနဲ့တွဲ စီးပွါးရေး လုပ်နေတဲ့ သူတွေကိုတော့ မအားပေးဘူး။

ဒေါ်စု မရှိတော့ရင် မြန်မာပြည် ဒီမိုကရေစီ မရတော့ဘူးလို့ကော ထင်သလား?  ထင်တယ်ဆိုရင် ဘာကြောင့်လဲ ? မထင်ဘူးဆိုရင် ဘာကြောင့်လဲ?

ဒေါ်စု မရှိရင် နိုင်ငံတကာကရော ဘယ်သူကို ဆက်အားပေးမှာလဲ။ ပြည်သူတွေက လက်ခံနိုင်တဲ့ သူ ဘယ်သူတွေ ရှိလဲ။ ကျတော် ကတော့ ပြည်ပကနေ ပြောဆိုနေတဲ့ ဆရာတွေထက်၊ ထောင်ထဲက ဆရာတွေကို အားပေးချင်တယ်။ ယုံကြည်ချက်ကြောင့် ထောင်ထဲမှာ နေရတယ်ဆိုတဲ့ သူတွေရှိနေတာကြောင့် မြန်မာ့ ဒီမိုကရေစီအရေးက မှေးမှိန်မယ် မထင်မိဘူး။ သူတို့တွေကို နိုင်ငံတကာက အသိအမှတ် ပြုလာဖို့ပဲ လိုပါတယ်။

ဒေါ်စု မရှိတော့ရင် ဘယ်သူက ဒီမိုကရေစီ အရေးကိုု ဦးဆောင်နိုင်မယ် ထင်သလဲ? ( ပြည်တွင်းမှာပေါ့)

ကျတော် ကတော့ မင်းကိုနိုင်ကို သဘောကျတယ်။ ၈၈ ခေါင်းဆောင်တွေလို ပေးရင်ပေး၊ မပေးရင်ချ စိတ်ဓါတ်နဲ့ လွတ်နေတဲ့ NLD ခေါင်ဆောင်ကြီးတွေ လက်ဆင့်ကမ်း လုပ်စေချင်တယ်။ ရုံးထဲကနေ ကြေညာချက်တွေပဲ ထုတ်နေရင်တော့ ပျင်းစရာလို့ပဲ မြင်မိတယ်။ သူတို့လို ခေါင်းဆောင်တွေကို ဝေဖန်တာ မဟုတ်ရပါဘူး။ လူတွေကြားမှာ ရဲဝံ့စွာပြောမယ့် မိန့်ခွန်းကို နားထောင်ချင်နေတာပါ။

သတ္တမမြောက် ဖြေကြားသူက ဘလော့ဂ်ဂါ ကိုသင်ကာ ကတော့ တိုတိုတုတ်တုတ် ဖြေကြား သွားသည်မှာ …

ပြစ်ဒဏ် ချတာကို မအံ့ဩပါဘူး။ နောက်ဆုံး ဒီဘူတာ ဆိုက်မယ်ဆိုတာ သိပြီးသားပဲ။ န.အ.ဖ ဟာ အရှက်မရှိ၊ မျက်နှာပြောင်တယ် ဆိုတာ ပြတာပဲ။ ဘာဖြစ်ဖြစ် ၂၀၁၀ သူတို့လုပ်မယ် လံကြုတ်ပွဲမှာ ဒေါ်စုကို တနည်းနည်းနဲ့ ပထုတ် ထားမှာပဲ။ သူတို့ ကနေတဲ့ ဇာတ် ဘယ်လောက် ဆက်ကနိုင်မလဲ ကြည့်ရမှာပဲ။ သူတို့ လှုပ်ရှားနိုင်တဲ့ ခွင် ဟာ တဖြည်းဖြည်း ကျဉ်းလာပြီလို့ မြင်ပါတယ်။

အဋ္ဌမမြောက် ဖြေဆိုသူက မေလေး (၁၉၇၁) ဖြစ်ပါသည်။

အခု ဒေါ်စုကိုု အမှု ချလိုက်ပြီပေါ့။ ဒါနဲ့ ပတ်သက်ပြီးကော ဘယ်လိုမျိုး မြင်မိသလဲ?

အစ ကတည်းက ပြင်းထန်တဲ့ စီရင်ချက်မျိုးဘဲ ချမယ်ဆိုတာ ယုံကြည် ထားပြီးသားပါ။ ဒီအပေါ်မှာ ဘာမှ မပြောလိုတော့ ပါဘူး။

အခုလို အမှု စီရင်လိုက်တာဟာ ဒီမိုကရေစီ အရေးအတွက် လမ်းစ ပျောက်ဖို့ ဖျောက်တာမျိုးများ လား?

ဒီမိုကရေစီ အရေးအတွက် လမ်းစ ပျောက်တာလို့ မဆိုနိုင်ပေမဲ့ အချိန်အတိုင်းတာ တခုအထိ လမ်းပေါ်ပြန်ရောက်ဖို့ ကြန့်ကြာ သွားစေတယ်လို့ ယူဆမိပါတယ်၊ သူတို့ မျှော်လင့်တာလဲ ဒါဘဲ ဖြစ်မယ် ထင်ပါတယ်။

ဒေါ်စုက ဒီမိုကရေစီ လမ်းစအတွက် ဘယ်လောက် အရေးကြီးတယ် ထင်မိသလဲ?

ဒေါ်စုက အရေးကြီးတယ် မကြီးဘူး ဆိုတာထက် ဒီမိုကရေစီ အတွက် တကယ်ကို စွန့်ပြီး လုပ်နေတဲ့သူ ဘယ်နှစ်ဦး ရှိလဲဆိုတာ က ပိုအရေးကြီးမယ် ထင်ပါတယ်။ အခုတော့ ဒီမိုကရေစီ ဆိုတာ အကြောင်းပြချက် သက်သက်လားလို့ ထင်မိပါတယ်။

တချို့က ဒေါ်စုရဲ့လမ်းစဉ်က ငြိမ်းချမ်းရေး လမ်းစဉ်ပေါ့။ ဒီ့အတွက်ကြောင့် ဒီမိုကရေစီ ရဖို့ ကြန့်ကြာ ရတယ်လို့ ပြောလာကြတယ်။ လက်နက်ကိုင်ကော ငြိမ်းချမ်းရေး ကိုကော တွဲလုပ်သင့်ပြီလို့ ထင်ကြတယ်။ အဲဒီ့ အပေါ်မှာကော ဘယ်လို မြင်သလဲ?

ဒေါ်စုကို ဒီနေရာမှာ အပြစ် မပြောလိုပါဘူး။ ဒေါ်စုမှ မဟုတ်ဘူး မည်သူ့ကိုမဆို ငြိမ်းချမ်းရေး လမ်းစဉ်ဘဲ သုံးသုံး လက်နက်ကိုင် လမ်းစဉ်ဘဲ သုံးသုံး၊ မပေးချင်လို့ နည်းအမျိုးမျိုးနဲ့ အကောက်ကြံ နေသူတွေ ကတော့ ကြန့်ကြာအောင် လုပ်နေမှာပါ။ ဒီမိုကရေစီ သာရမယ် ဆိုရင်တော့ ရဖို့အတွက် လက်နက်ဘဲ ကိုင်ရကိုင်ရ ငြိမ်းချမ်းရေး လမ်းစဉ်ဘဲ သုံးရသုံးရ ရဖို့ဆိုတာ အဓိကပါ။

ဒေါ်စု မရှိတော့ရင် မြန်မာပြည် ဒီမိုကရေစီ မရတော့ဘူးလို့ကော ထင်သလား?  ထင်တယ်ဆိုရင် ဘာကြောင့်လဲ ? မထင်ဘူးဆိုရင် ဘာကြောင့်လဲ?

ဒီမေးခွန်း အပေါ်မှာတော့ ဒေါ်စု မရှိတော့ရင်လဲ မြန်မာပြည် ဒီမိုကရေစီ မရတော့ဘူး ဆိုတာကို လက်မခံ နိုင်ပါဘူး။ အခု ကော ဒေါ်စု ရှိနေတုန်း ဒီမိုကရေစီ ရသလား။ နောက် ဒီမိုကရေစီ ဟာ ဒေါ်စု တယောက်ထဲ အတွက်ဘဲ အရေးပါတာလား။ ကျန်တဲ့နိုင်ငံသား အားလုံးအတွက်ကော အရေးမပါဘူးလား။ သူ မရှိတော့ရင် ကျန်တဲ့ သူတွေကကော ဒီမိုကရေစီ အရေးအတွက် ဆက် မလုပ်ကြတော့ဘူးလား။ ဒီတော့ ဒီမိုကရေစီ ရခြင်း မရခြင်းဟာ ဒေါ်စုရှိခြင်း မရှိခြင်းနဲ့တော့ တိုက်ရိုက် မသက်ဆိုင်ဘူးလို့ ယူဆပါတယ်။ ပေးမဲ့သူက မပေးချင်တဲ့ အတွက် လိုချင်တဲ့သူတွေ ကတော့ ဆက်ပြီး တိုက်ပွဲ ၀င်နေရဦးမှာပါ။

ဒေါ်စု မရှိတော့ရင် ဘယ်သူက ဒီမိုကရေစီ အရေးကိုု ဦးဆောင်နိုင်မယ် ထင်သလဲ? ( ပြည်တွင်းမှာပေါ့)

နေအိမ် အကျယ်ချုပ် ကနေ အပြင်က လူတွေကို ဦးဆောင်နိုင်မယ်လို့ ထင်ပါသလား လို့ ပြန်မေးချင်ပါတယ်။ ဒီမိုကရေစီရဲ့ ပြယုဒ် တခုဆိုရင် ပိုမှန်မယ်လို့ ပြောချင်ပါတယ်။ အတိုင်းအတာ တခုအထိ ဦးဆောင်မှု ပေးခဲ့တယ် ဆိုတာကို လက်ခံနိုင်ပေမဲ့ လုံးဝ ဦးဆောင်တယ်လို့ မယူဆမိတဲ့ အတွက် ဖြေရတော်တော် ခက်ပါတယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ အစရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသား များကို လေးစား မိပါတယ်။။ သူတို့ဟာ ဒီမိုကရေစီ အရေးကို ဦးဆောင်နိုင်မဲ့သူတွေ ဆိုတာကို ယုံကြည်မိပါတယ်။

နဝမမြောက် ဖြေဆို လာသူကတော့ အိနိ္ဒယဘက် အခြမ်းက မမာန် ပါ။

အခု ဒေါ်စုကိုု အမှု ချလိုက်ပြီပေါ့။ ဒါနဲ့ ပတ်သက်ပြီးကော ဘယ်လိုမျိုး မြင်မိသလဲ?

အဓိက ကတော့ နိုင်ငံတကာ ကိုရော ကုလသမဂ္ဂ ကိုရော လုံးဝ ထီမထင်ဘူး ဆိုပြီး မျက်နှာဗြောင်တိုက် လုပ်ပြ လိုက်တာပဲ။ ဒါဟာ သူတို့ အန်တီစုကို ဘယ်လောက်တောင် ကြောက်သလဲဆိုတာ ပြလိုက်တာပါပဲ။ အန်တီစုကို လွှတ်လိုက်မယ် ဆိုရင် သူတို့ လုပ်မယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲက လုံးဝ ပျက်မှာပဲ။ နောက်ပြီးတော့ အဲလို လုပ်မယ် ဆိုရင် သူတို့ ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်း စွတ်တာလိုမျိုး ဖြစ်သွားမယ်။ မလွှတ် ပြန်ရင်လည်း နိုင်ငံတကာက ၀ိုင်း ဖိအားပေးမယ်။ အဲဒီလို ဆုတ်လည်းစူး စားလည်းရူး အခြေအနေမှာ ကလေးကလား ကစားပြတဲ့ အကွက်က ပထမ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်လို့ဆိုတယ်။ ချက်ခြင်းပဲ နိုင်ငံတော် ဥက္ကဌကြီး သန်းရွှေက ထောက်ထား ညှာတာသော အားဖြင့် ၁နှစ်ခွဲကို လျှော့ချပေးပြီး ဆိုင်းငံ့ပြစ်ဒဏ် အနေနဲ့ နေအိမ်မှာပဲ အကျယ်ချုပ်နဲ့ နေစေ ဆိုတာပါပဲ။ ဒီအကွက်ဟာ ကျမ အမြင်မှာတော့ ၂၀၁၀ မှာလည်း အန်တီစုကို အိမ်ထဲ ပိတ်လှောင်ထားမယ်။ နောက် ၃ နှစ် အတွင်းမှာလည်း မင်းဘာမှ မလုပ်နဲ့ ငြိမ်ငြိမ်နေ မငး်လှုပ်တာနဲ့ အလုပ်ကြမ်း ထောင်ဒဏ်ထိမယ် ဆိုပြီး လုပ်ထားတာပါပဲ။

အခုလို အမှု စီရင်လိုက်တာဟာ ဒီမိုကရေစီ အရေးအတွက် လမ်းစ ပျောက်ဖို့ ဖျောက်တာမျိုးများ လား?

အန်တီစုကို အခုလို လုပ်ရုံနဲ့ ဒီမိုကရေစီ အရေးအတွက် လမ်းစ လုံးဝ (လုံးဝ) မပျောက်ပါဘူး။ ပျောက်လည်း ပျောက်နိုင်မှာ မဟုတ်ပါဘူး။ ကျမတို့ လူငယ်တွေ သာမက ပြည်သ ူလူထုတရပ်လုံး ရင်ထဲမှာ ရှိနေတဲ့ လွတ်လပ်လို စိတ်ကို ဘယ်လို ရုပ်ဝတ္တုကမှ ပျောက်သွားအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ အပြစ်မရှိ အပြစ်ရှာ

မင်းကို ခွေးဟောင်လို့ မြရွှေဂူ ပတ္တမြားကိုလ ၀က်များက ငြူစူစွာ ညွှန်လူးကာ တိုက်နဲ ပွတ်လေလေ ဂူရွှေမှာ အရောင်ထွက်တယ်

ရှေးက ထက်ကဲ …. ဆိုတဲ့ မန်လည်ဆရာတော်ကြီးရဲ့ လေးဆစ်ချိုး ကဗျာလေးလို ပါပဲ။ ဒီမိုကရေစီ အလိုရှိတဲ့ ကျမတို့ ပြည်သူတွေရဲ့  စိတ်ဓာတ်ဟာ ဘယ်တော့မှ မှေးမှိန်မှာ မဟုတ်ပါဘူး။ န.အ.ဖ က ဖိလေလေ ကျမတို့ စိတ်ဓာတ်တွေ တက်ကြွလေလေ ပါပဲ။

ဒေါ်စုက ဒီမိုကရေစီ လမ်းစအတွက် ဘယ်လောက် အရေးကြီးတယ် ထင်မိသလဲ?

အန်တီစုဟာ ဒီမိုကရေစီ မျိုးစေ့ကို ရှင်သန်အောင် ချပေးတဲ့သူ ဖြစ်လို့ ပြည်သူလူထုက သူသာ ဒီမိုကရေစီ ကို ကြိမ်းသေ ရယူပေးနိုင်မယ့် ခေါင်းဆောင်ရယ်လို့ ယုံကြည် အားကိုးကြပါတယ်။ သူဟာ နိုဘယ်ငြိမ်းချမး်ရေး ဆုရှင်ဖြစ်တယ် ဆိုတဲ့အချက်ကလည်း မြန်မာပြည် ဒီမိုကရေစီရေး အတွက် အရေးပါတဲ့ အချက်တခု ဖြစ်နေပါတယ်။ ပြည်သူလူထုက လေးစား အားကိုးကြတဲ့သူ ဖြစ်လို့ သူမဟာ ကျမတို့ နိုင်ငံအတွက် အရေးကြီးပါတယ်။

တချို့က ဒေါ်စုရဲ့လမ်းစဉ်က ငြိမ်းချမ်းရေး လမ်းစဉ်ပေါ့။ ဒီ့အတွက်ကြောင့် ဒီမိုကရေစီ ရဖို့ ကြန့်ကြာ ရတယ်လို့ ပြောလာကြတယ်။ လက်နက်ကိုင်ကော ငြိမ်းချမ်းရေး ကိုကော တွဲလုပ်သင့်ပြီလို့ ထင်ကြတယ်။ အဲဒီ့ အပေါ်မှာကော ဘယ်လို မြင်သလဲ?

ဟုတ်ပါတယ်။ အကြမ်းမဖက် လုပ်လာခဲ့တာ ဘယ်လောက် ကြာပါပြီလဲ။ အကြမ်းမဖက် အပ်တို တချောင်းမရှိတဲ့ ပြည်သူကို ပစ်သတ်ခဲ့လို့ သေကြေခဲ့ရတာ ဘယ်နှစ်ယောက် ဘယ်နှစ်ထောင် ရှိနေပါပြီလဲ။ ကျမတို့ ရင်ဆိုင်နေရတဲ့ အာဏာရှင်ဟာ ဘုရားတရားတောင် မသိပဲ လက်နက်ကြီးငယ် အားကိုးနဲ့ မိုက်လုံးထွား နေတဲ့ သူတွေပါ။ သူတို့ အာဏာဟာ သူတို့ရဲ့ သေနတ်ကိုင်တဲ့ လက်ထဲမှာပဲ ရှိပါတယ်။ သူတို့ ခြေနင်းအောက်က ပြည်သူတွေရဲ့ အသက်ဟာ သူတို့ရဲ့ သေနတ်ပြောင်းဝ မှာပဲရှိပါတယ်။ ပြည်သူတွေက ကိုယ့်အသက် အိုးအိမ်စည်းစိမ်ကို ကိုယ်မပိုင်ပါဘူး။ ငြိမ်းချမ်းရေး လမ်းစဉ် အကြမ်းမဖက် လမ်းစဉ်နဲ့ လုပ်တဲ့သူက လုပ်သလို လက်နက်ကိုင်ကို လက်နက်နဲ့ ပြန်လည် ချေမှုန်းမယ့်သူလည်း လိုပါတယ်။ ကျမတို့ ရင်ဆိုင်နေရတဲ့သူရဲ့ သရုပ်မှန်နဲ့ လက်ရှိ အဖြစ်မှန်ကို ရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်။ မြင်ဖို့လိုပါတယ်။ ငြိမ်းချမ်းရေး လုပ်နေတဲ့ ဘန်ကီမွန်း ကိုတောင် မလေးစားတဲ့ အခုလို အပြုအမူနဲ့ လူတစုဟာ ငြိမ်းချမ်းရေးနဲ့ တကယ် တန်မတန် စဉ်းစားဖို့ လိုပါပြီ။

ဒေါ်စု မရှိတော့ရင် မြန်မာပြည် ဒီမိုကရေစီ မရတော့ဘူးလို့ကော ထင်သလား?  ထင်တယ်ဆိုရင် ဘာကြောင့်လဲ ? မထင်ဘူးဆိုရင် ဘာကြောင့်လဲ?

အန်တီစုသာ မရှိတော့ရင် မြန်မာပြည် ဒီမိုကရေစီ မရတော့ဘူးလို့ လုံးဝ (လုံးဝ) မထင်ပါဘူး။ လွတ်လပ်လိုတဲ့ သူဟာ လွတ်လပ်ရာ လမ်းကြောင်းကို အမြဲ ရှာနေမှာပါပဲ။ မြန်မာပြည်မှာ လူပေါင်း သန်း ၆၀ ရှိနေတာ။ အဲဒီထဲကနေ လွတ်မြောက်လိုတဲ့ ဖိနှိပ်မှုကို မခံနိုင်တဲ့ ပြည်သူ့ဒုက္ခကို မကြည့်ရက်နိုင်တဲ့ ကိုယ်ကျိုးစွန့် ခေါင်းဆောင်တွေ ပေါ်ထွက် လာအုံးမှာပါ။ အသိဉာဏ် မရှိတဲ့ အဟိတ် တိရစ္ဆာန် တောင်မှ ချောင်ပိတ်ခံထားရရင် လှောင်ပိတ် ခံထားရရင် လွတ်မြောက်ရာကို ရှာစမြဲပါ။ ကျမတို့က အသိဉာဏ်ရှိတဲ့ လူသားတွေပါ။

ဒေါ်စု မရှိတော့ရင် ဘယ်သူက ဒီမိုကရေစီ အရေးကိုု ဦးဆောင်နိုင်မယ် ထင်သလဲ? ( ပြည်တွင်းမှာပေါ့)

အန်တီစုဟာ ပြည်သူထဲက ပြည်သူပဲ ဖြစ်တာမို့ သူ မရှိရင်လည်း ပြည်သူထဲက ပြည်သူပဲ အန်တီစုလို ဦးဆောင်မှုကို ပေးမှာပေါ့။ အန်တီစုလို လူမျိုးကတော့ အင်မတန်ကို ရှားပါတယ်။ အန်တီစု မရှိရင် ပြည်သူကို ဦးဆောင်မယ့် သူဟာလည်း အန်တီစုလို လူမျိုးလည်း ဖြစ်ချင်ဖြစ်မယ်။ အန်တီစု ထက်မက ပေးဆပ်တဲ့ သူလည်း ဖြစ်ချင်ဖြစ်မယ်။ အန်တီစုလောက် မလုပ်နိုင်တောင်မှ ပြည်သူ့ အကျိုးအတွက် လုပ်တဲ့သူ တယောက်ပြီး တယောက် ပေါ်ထွက်လာမှာလို့ အကြွင််းမဲ့ ယုံကြည်တယ်။

ယခု ဒဿမမြောက် နောက်ဆုံးတယောက် ကတော့ ပုတ်ပုတ် (ချင်းမိုင်) ဖြစ်ပါတယ်။

အခု ဒေါ်စုကို အမှု ချလိုက်ပြီပေါ့။ ဒါနဲ့ ပတ်သက်ပြီးကော ဘယ်လိုမျိုး မြင်မိသလဲ?

ပုတ်ပုတ်- လူမဆန်တဲ့ အာဏာရှင်က လူမဆန်တဲ့ လုပ်ရပ်ပဲ လုပ်မယ်ဆိုတာ အမိန့် မချခင်ကတည်းက လူတိုင်း စဉ်းစားမိတဲ့ အရာပဲလေ။ တကယ်ပဲ ဒီလို နေအိမ် အကျယ်ချုပ် သက်တမ်း ပြန်ချတယ်ဆိုတော့… န.အ.ဖ မှာ မြန်မာနိုင်ငံ အပြောင်းအလဲ အတွက် ဘာတခုမှ အစီအစဉ် မရှိဘူး.. ဘယ်သူ ့ကိုမှ ဂရုမစိုက်ဘူးဆိုတာ သိသာတာပဲ။ ၂၀၁၀ ရွေးကောက်ပွဲအတွက် န.အ.ဖ ကို အပြုသဘောဆောင်ပြီး မြင်တဲ့ သူတွေက.. နောက်ပြီး န.အ.ဖ နဲ့ လက်တွဲရင်းနဲ့.. ဒီမိုကရေစီကို တဖြည်းဖြည်းချင်း ရယူသွားမယ်လို့ ယုံကြည်ထားသူ တွေက ဒီအခြေအနေကို ကြည့်ပြီး သေခြာာ စဉ်းစားသင့်တယ်။ တရားဥပဒေ စိုးမိုးမှု မရှိတဲ့နိုင်ငံမှာ အမှန်တရား အတွက် မျှော်လင့်ရတာက ပင်လယ်ထဲ ကျပျောက်သွားတဲ့ အပ်တချောင်း လိုက်ရှာသလိုပဲ။

အခုလို အမှု စီရင်လိုက်တာဟာ ဒီမိုကရေစီ အရေးအတွက် လမ်းစ ပျောက်ဖို့ ဖျောက်တာမျိုးများ လား?

ပုတ်ပုတ်- ကျမ အနေနဲ့ ကတော့.. န.အ.ဖ လက်ထက်မှာ ဒီမိုကရေစီအရေး လမ်းစက ရှိကို မရှိတာ။ ဒီမိုကရေစီဆိုတဲ့ စကားလုံးတွေပဲ မတန်မရာ သူတို့ ပါးစပ်က ထွက်နေတာ။ လက်တွေ ့လုပ်ဆောင်ချက် ဘယ်နှစ်ခုရှိလို့လဲ။ ဒီမိုကရေစီမှ မဟုတ်ဘူး.. ခေတ်ရေစီးကြောင်း အလိုက်.. ပေါ်လာတဲ့ လူအများ လက်ခံတဲ့ ဘယ်နိုင်ငံရေး စနစ်ကိုမဆို န.အ.ဖ လိုမျိုး အာဏာ တည်မြဲရေးကြိုးပမ်းနေတဲ့ အာဏာရှင်တွေ ကတော့ ရတဲ့နည်းနဲ့ ခုတုံး လုပ်နေဦးမှာပဲ။

ဒေါ်စုက ဒီမိုကရေစီ လမ်းစအတွက် ဘယ်လောက် အရေးကြီးတယ် ထင်မိသလဲ?

ပုတ်ပုတ်- ဒေါ်စုက ဒီမိုကရေစီ လမ်းစအတွက် မကဘူး… ဒီမိုကရေစီရဲ့ မီးရှူးတန်ဆောင်ပဲ။ ဘာလဲဆိုတော့.. ဒီမိုကရေစီ ဆိုတာ ပြည်သူ့အုပ်ချုပ်ရေး.. ပြည်သူက ရွေးကောက် တင်မြှောက်တဲ့ အစိုးရကနေပြီး ပြည်သူ့ ဆန္ဒအတိုင်း အုပ်ချုပ်တာပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ အများလေးစား ကြည်ညိုပြီး လူထုတရပ်လုံး လိုလားတဲ့ ခေါင်းဆောင်ပဲ။ ပြည်သူချစ်တဲ့ ခေါင်းဆောင်ကို မတရား ထောင်ချတာဟာ ဒီမိုကရေစီကို ဂရုမစိုက်တာ မျက်ကွယ်ပြုတာနဲ့ အတူတူပဲ.. ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူချစ်တဲ့ ဒေါ်စုကို ဒီလို မတရား ထောင်ချပေမယ့် ဒေါ်စုကို ထောက်ခံတဲ့ ပြည်သူတွေ အများကြီး ရှိသေးတယ်.. .. တတိုင်း တပြည်လုံးက လူတွေအားလုံးကို ထောင်ချရဲတဲ့.. ထောင်ချနိုင်တဲ့ အခြေအနေတော့ န.အ.ဖ မှာ မရှိပါဘူး။

တချို့က ဒေါ်စုရဲ့လမ်းစဉ်က ငြိမ်းချမ်းရေး လမ်းစဉ်ပေါ့။ ဒီ့အတွက်ကြောင့် ဒီမိုကရေစီ ရဖို့ ကြန့်ကြာ ရတယ်လို့ ပြောလာကြတယ်။ လက်နက်ကိုင်ကော ငြိမ်းချမ်းရေး ကိုကော တွဲလုပ်သင့်ပြီလို့ ထင်ကြတယ်။ အဲဒီ့ အပေါ်မှာကော ဘယ်လို မြင်သလဲ?

ပုတ်ပုတ်- ရန်ကို ရန်ချင်း တုံ့ပြန်တာက ဘယ်သူ ့အတွက်မှ မကောင်းပါဘူး။ လက်နက်ကိုင် တိုက်ပွဲဝင်တိုင်း အောင်မြင်လို့လား မေးခွန်းထုတ်လို့ ရတယ်။ အခုက ဒေါ်စုရဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကြောင့် ဒီမိုကရေစီ ကြန့်ကြာနေတာ မဟုတ်ဘူး… အဲဒီ ငြိမ်းချမ်းရေး လမ်းစဉ်အပေါ် ပြည်သူတရပ်လုံးက သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ရပ်တည်ရဲဖို့ပဲ လိုအပ်နေလို့ပဲ… နောက်ပြီး ကြားနေ လူတန်းစားတွေ များနေလို့ပဲ… ကိုယ်နဲ့ မဆိုင်သလိုနေ.. ကိုယ်အဆင်ပြေနေရင် ပြီးရောဆိုပြီး ကိုယ့်တိုင်းပြည် ပြဿနာကို ကိုယ့်ပြဿနာလို့ မထင်မှတ်တဲ့ သူတွေများနေလို့ .. ဒီမိုကရေစီ ကြန့်ကြာနေတယ်လို့ မြင်တယ်.. (မှတ်ချက်.. အပြစ်တင်ခြင်း မဟုတ်ပါ… အခြေအနေကိုသာ သုံးသပ်ခြင်း ဖြစ်ပါသည်).. ခေါင်းဆောင်ကောင်း တယောက်ရှိတိုင်း အောင်မြင်မှုအတွက် မလုံလောက်ပါဘူး.. နောက်လိုက်ကောင်းတွေ များများရှိမှလည်း အောင်မြင်မှုကို မြန်မြန်ရနိုင်မယ်လို့ မြင်ပါတယ်..။ သေချာတာ ကတော့ အီရတ်လို.. အာဖဂန်နစ်စတန် တို့လို အဖြစ်မျိုးတော့ မြန်မာနိုင်ငံကို အဖြစ် မခံနိုင်ဘူး။

ဒေါ်စု မရှိတော့ရင် မြန်မာပြည် ဒီမိုကရေစီ မရတော့ဘူးလို့ကော ထင်သလား?  ထင်တယ်ဆိုရင် ဘာကြောင့်လဲ ? မထင်ဘူးဆိုရင် ဘာကြောင့်လဲ?

ဒေါ်စုက ဒီမိုကရေစီ ခေါင်းဆောင်ပဲ။ ဒါပေမယ့် ဒီမိုကရေစီကြီးမ ှမဟုတ်တာ။ သေချာတာက ဒေါ်စု တယောက်တည်း ဒီမိုကရေစီ အရေးအတွက် လုပ်ဆောင်နေတာ မဟုတ်ဘူး။ ဒီမိုကရေစီ အရေးအတွက် လူထုက ဒေါ်စုကို ခေါင်းဆောင်အဖြစ် လက်ခံတာ.. လေးစားတာ။ ဒါကြောင့် ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတရပ်လုံး မျိုးမတုံးသရွေ ့… န.အ.ဖ က ဘယ်လောက်ပဲ နည်းလမ်းမျိုးစုံ အကြံ ပက်စက်မှုမျိုးစုံ သုံးသုံး.. ဒီမိုကရေစီ လှုပ်ရှားမှုကတော့ ပျက်သုဉ်းမှာ မဟုတ်ဘူး..။ လူကိုဖမ်းလို့ ရမယ်.. စိတ်ဓာတ်တွေ.. ယုံကြည်ချက် တွေကိုတော့ လွယ်လွယ်နဲ့ ဖမ်းချင်းတိုင်းဖမ်း.. ရိုက်ချိုးချင်တိုင်း ရိုက်ချိုးလို့ မရပါဘူး။ အာဏာရှင် အဆက်ဆက်မှာ.. ဒီမိုကရေစီအရေး (တနည်းအားဖြင့် လွတ်မြောက်ရေး.. တရားမျှတရေး အတွက်) အတွက် တိုက်ပွဲဝင်သူ ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီးပြီ… ထောင်ချခဲ့ပြီးပြီ… ဒါပေမယ့် ဒီမိုကရေစီ ရေစီးကြောင်းကြီးက  ခေတ်အလိုက်ပဲ  တဖြည်းဖြည်းနဲ့ ကြီးထွား လာပါတယ်…။ မျိုးဆက် တဆက်ကနေ တဆက်.. တဖြည်းဖြည်း ကြီးထွား လာဖို့ပဲ ရှိတယ်..။ ကြောက်တတ်ရင် ကြောက်လို့ ရပါတယ်..။ န.အ.ဖ ကလည်း ကြောက်လို့ .. ရမ်းချင်တိုင်း ရမ်းနေတာ ပဲလေ..။ တချိန်.. ဒီမိုကရေစီ ပျောက်ဆုံးဖို့ မပြောနဲ့ … တချိန် န.အ.ဖ အာဏာ ကနေ ဘယ်ပုံဘယ်နည်း ပြုတ်ကျမလဲဆိုတာပဲ ရှိတော့မှာပါ။

ဒေါ်စု မရှိတော့ရင် ဘယ်သူက ဒီမိုကရေစီ အရေးကိုု ဦးဆောင်နိုင်မယ် ထင်သလဲ? ( ပြည်တွင်းမှာပေါ့)

ပုတ်ပုတ်- ဒီမိုကရေစီ အရေး လိုလားတဲ့ သူတွေ.. အဲဒီအတွက် တိုက်ပွဲဝင်နေတဲ့ သူတွေဟာ ဒေါ်စုရဲ့ ဦးဆောင်မှု အပေါ်မှာပဲ မှိန်းပြီး မှီခိုနေကြတာ မဟုတ်ဘူး။ ဒေါ်စု ပြတဲ့နည်းလမ်းတွေ.. သူတို့ရဲ့ ယုံကြည်ချက်တွေ အပေါ်မှာ လျှောက်လှမ်း နေကြတာပဲ။ ဒေါ်စု မရှိတော့ပေမယ့် ဒီမိုကရေစီ အတွေးအခေါ်တွေ… တရားမျှတမှုတွေ.. ဒေါ်စုပေးတဲ့ ဦးဆောင်မှု စိတ်ဓာတ်တွေက.. ပျောက်သွားမှာ မဟုတ်ဘူး.. ဒါပေမယ့်.. ဒေါ်စုဟာ သူ့ ဘာသာသူ အသက်ကြီးရောဂါနဲ့ … တခုခုဖြစ်သွားရင် လူတွေက ၀မ်းနည်း နှမျောနေရုံပဲရှိမယ်.. ဒါပေမယ့် အာဏာရူး လက်ထဲမှာ ပြည်သူတွေ အတွက် ဘဝကို စတေးခဲ့ ရရင်တော့ ပြည်သူတွေရဲ့ ဒေါသတွေ.. နာကျည်းစိတ်တွေ.. တော်လှန်စိတ်တွေက အာဏာရှင်ဆီကိုပဲ ဦးတည်လာမှာပဲ..။ ဘယ်အချိန် မှာမဆို ပြည်သူတရပ်လုံးရဲ့ မျှားဦးက အာဏာရှင်တွေဆီမှာ ပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here