စည်ကားလှသော မြောက်ကယ်ရိုလိုင်းနား မှ ချည်ဖြူဖွဲ့ပွဲ

alt

အမေရိကန် နိုင်ငံ မြောက် ကယ်ရိုလိုင်းနား ပြည်နယ် နယူးဘမ်း မြို့တွင် မြောက် ကယ်ရိုလိုင်းနား ရောက် ကရင်လူငယ် ယဉ်ကျေးမှု အဖွဲ့မှ ကြီးမှူး၍ ကရင်ရိုးရာ ချည်ဖြူဖွဲ့ပွဲ အခမ်းအနား ၂၀၀၉ ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့၊

နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီ အထိ နယူဘမ်း Fresh Market တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ရာ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွင်် နေထိုင်ကြသော မြန်မာ နိုင်ငံသားများ ကရင် တိုင်းရင်းသားများ နှင့် အမေရိကန် လူမျိုးများ အပါအဝင် စုစုပေါင်း လူဦးရေ ၄၀၀ကျော် တက်ရောက် ခဲ့ကြသည်။

ထို အခမ်းအနားကို ဦးဆောင်လူငယ်များ ဖြစ်သော ကိုဉာဏ၊ ကိုကျော်ဇင်၊ ကိုစိုးသန်း တို့မှ ကမကထ အမှူးပြု ကျင်းပခဲ့ပြီး ကရင်လူမျိုးများ၏ ယဉ်ကျေးမှု၊ သမိုင်း ၊ ကရင် အမျိုးသားများ ၏ ရိုးရာ အစဉ်အလာများ မတိမ်ကောစေရန် ရောက်ရာ အရပ်၌ မိမိလူမျိုးများ၏ ထိန်းသိမ်းသင့်သော ယဉ်ကျေးမှုများကို မပျောက်ပျက် သွားစေရန် အလို့ငှါ ယခုပွဲအား ကျင်းပရခြင်း ဖြစ်ကြောင်း ထို အခမ်းအနားအား ဦးဆောင် စီစဉ်ကျင်းပသူ ကရင် လူငယ်တဦးမှ လူထုအသံသို့ ဖြေကြားခဲ့သည်။

ထို့နောက် ကရင့် ချည်ဖြူဖွဲ့ပွဲ (ခေါ်) လက်ချည်ပွဲ ဖြစ်ပေါ်လာသည့် နောက်ခံ သမိုင်းကြောင်းအား လူကြီးများမှ ရှင်းလင်း ပြောကြားရာတွင် လက်ချည်ပွဲသည် ရှေးကရင် လူမျိုးများက ၀ါခေါင်လ ကာလ၌ ရာသီဥတု ဖေါက်ပြန်မှု နှင့် ရန်သူများ၏ တိုက်ခိုက်မှုကို ခံရသောအခါ ဘေးအန္တရာယ်မှ ကင်းရှင်းစေရန်နှင့် ရ ရက် သားသမီးများ အတွက် ရ ရက် ရ နံ ပစ္စည်း ရ မျိုးပါသော ပစ္စည်းများဖြင့် အဓိဌါန်ပြုပြီး လက်ကောက်ဝတ်တွင် ချည်ပေးခဲ့ရာမှ လက်ချည်ခြင်း ဓလေ့ကို စတင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

လက်ချည်ပေးသည့် ပုဂ္ဂိုလ်သည် သီလ၊ သမာဓိ ပညာနှင့် ရိုးသားတည်ကြည် ဖြောင့်မတ်ပြီး တရားမျှတမှု ရှိရမည်ဖြစ်ပြီး လက်အချည် ခံရသူမှာလည်း ကိုယ်ကာယ သန်မာထွားကြိုင်း၍ ကျန်းမာခြင်း၊ အပေါင်းအသင်း ဆ့ံခြင်း၊ ဉာဏ်ရည် ထက်မြက်ခြင်း၊ ပစ္စည်းဥစ္စာ ပေါများ၍ ဘေးရန် ကင်းရှင်းခြင်း စသည့် အကျိုးကျေးဇူးများ ခံစားရသည်ဟု ရှေးကရင်များက ယုံကြည်ပြီး၊ လက်ချည်ပွဲတွင် ပါ၀င်သော ပစ္စည်း ခုနှစ်မျိုး ဖြစ်သည့် ချည်ဖြူ၊ ရေ၊ ထမင်းဆုပ်၊ ကြံ၊ ငှက်ပျောသီး၊ ပန်း နှင့် ကောက်ညှင်းထုပ် စသည့်ပစ္စည်း တခုစီ၌ ပါ၀င်သည့် အဓိပ္ပါယ်ကို ရှင်းလင်း ပြောကြားကြပြီး။ ယနေ့ထက်တိုင် အစဉ်ဆက် ပြုလုပ်လာသည့် ဓလေ့တခုအား နှောင်းလူငယ်များ သိရှိရန် ယခုကဲဲ့သို့ ကျင်းပခြင်း ဖြစ်ကြောင်း သမိုင်းအမွေ လက်ဆင့်ကမ်း ပြောပြသွားကြသည်။

ချည်ဖြူဖွဲ့ အခမ်းအနားပြီး ဆုံးလျှင် ကရင် ရိုးရာ ယဉ်ကျေးမှု အကများ ဖြစ်သည့် ကရင်ဒုံးရိမ်း၊ ၀ါးညှပ် အကများဖြင့် ဖျော်ဖြေကာ ကရင် ရိုးရာ သီချင်းများကို တယောက်ခြင်း၊ အုပ်စုလိုက် အသီးသီး သီဆို ဖြေဖျော်ကာ အခမ်းအနားကို တက်ရောက်လာသော ဋ္ဌာနေ NGO များ၊ စပွန်ဆာရှင်များ၊ နယူးဘမ်း အနီးအနား မြို့များဖြစ်သော ချာပါဟဲ၊ ကာဘိုရို၊ ဒူရန်မှ လာရောက်ကြသော ပရိတ်သတ် များအား ကြက်၊ ဝက်၊ ဆိတ်၊ ထမင်းဟင်းများအပြင် ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ အသီးအနှံမျိုးစုံ တို့ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးသည်ဟု သိရှိရသည်။

တင်အောင်မိုး (လူထုအသံ)

LEAVE A REPLY

Please enter your comment!
Please enter your name here