မုန်တိုင်း မိုရာကော့ ကြောင့် တရုတ်ပြည်သူ သန်းနှင့်ချီ၍ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရ

alt

တရုတ် နိုင်ငံသို့ ၀င်ရောက် တိုက်ခတ် သွားသော မိုရာကော့ တိုင်ဖုန်း မုန်တိုင်းကြီးကြောင့် ပြည်သူ (၁)သန်းခွဲ ကျော်မှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ခဲ့ရကြောင်း သတင်းများက ဖော်ပြ ခဲ့ကြသည်။

ဩဂုတ်လ (၁၀)ရက် နေ့တွင် ကုန်းတွင်း ၀င်ကာ အားပျော့ ပျက်ပြယ် သွားသည့် တိုင်ဖွန်း မုန်တိုင်းကြီး မိုရာကော့ သည် တရုတ်နိုင်ငံ အရှေ့ဘက် ကမ်းခြေ တလျှောက်ရှိ မြို့ ရွာများကို ရေလွှမ်းမိုး စေခဲ့သလို နေအိမ် များကိုလည်း ပျက်စီးပြိုကျ စေခဲ့သည်။

ထိုင်ဝမ်ကို ထိုမုန်တိုင်းကြီး ဖြတ်ကျော် လာစဉ်ကလည်း (၆)ထပ် ဟိုတယ်ကြီးတခု ပြိုကျသဖြင့် လူများသည် အဝတ်တထည် ကိုယ်တခုဖြင့် ဆင်းပြေး ကြရသည်။ ထိုင်ဝမ်နှင့် တရုတ်တို့တွင် လူသေဆုံးမှု သတင်းများ တိတိကျကျ မရရှိသေးသည့်တိုင် အပူပိုင်း မုန်တိုင်းကြီးကြောင့် ဖိလစ်ပိုင်တွင် လူ(၂၂)ဦး ထက်မနည်း သေဆုံးကြောင်း အာဏာပိုင်များက ကြေညာခဲ့ပြီး ရာနှင့်ချီ ပျောက်ဆုံးနေကြောင်း အတည်ပြုခဲ့သည်။

တရုတ်နိုင်ငံ၊ ဖူဂျန်းဒေသသို့ ကုန်းတွင်း ၀င်ရောက်ချိန်တွင် မုန်တိုင်း၏အရှိန်မှာ တနာရီ (၇၄)မိုင် အထိ အားပျော့နေပြီ ဖြစ်သော်လည်း အပြင်းအထန် ရွာသွန်းနေသော မိုးများကြောင့် ရေလျံမှုများ ဖြစ်ပေါ်ခဲ့သည်။ မုန်တိုင်းကြီးကြောင့် ကျေးရွာနှင့် မြို့ပေါင်း ရာနှင့်ချီပြီး ရေလျံမှုများ ပေါ်ပေါက်ခဲ့ကာ အိမ်ခြေ (၂၀၀၀)ကျော် လုံးဝ ပျက်စီးသွားခဲ့သည်။

ဇင်ဂျန်းတွင် ကလေးတဦး အိမ်ပြိုသဖြင့် သေဆုံးကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များက ကြေညာခဲ့သော်လည်း တရုတ် အစိုးရ ကမူ တရားဝင် လူသေဆုံးမှု စာရင်းကို အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here