အိနိ္ဒယတွင် A/H1N1 ကြောင့် သေဆုံးသူ အရေအတွက် ဆက်လက် မြင့်တက်နေဆဲ

alt

A/H1N1 တုပ်ကွေး ရောဂါကြောင့် သေဆုံးသူ အရေအတွက် ဆက်လက် မြင့်တက် နေမှုအား အိနိ္ဒယ ကျန်းမာရေး တာဝန်ရှိသူများ စိုးရိမ် လျှက် ရှိကြောင်း သိရှိရသည်။

ဩဂုတ်လ (၉)ရက် နေ့ထိ စာရင်းများအရ အာရှ တောင်ပိုင်းရှိ နိုင်ငံတွင် ထိုတုပ်ကွေးဖြင့် သေဆုံး သူမှာ (၅)ဦး အထိ ရှိလာပြီး (၈၀၀)ကျော် ကူးစက် ခံထားရကြောင်း သိရှိရသည်။ နောက်ဆုံး သေဆုံးသွားသည်မှာ ပူးန် ဒေသရှိ ဆေးရုံတရုံမှ အသက် (၅၃)နှစ် အရွယ် ဆရာဝန်တဦး ဖြစ်သောကြောင့် ကျန်းမာရေး ၀န်ထမ်းများ အတွက်ပါ စိုးရိမ်စရာ ဖြစ်လာရသည်။

အိန္ဒိယတွင် အစောဆုံး သေဆုံးသွားသည့် တုပ်ကွေး ဝေဒနာရှင်မှာ အသက် (၁၄)နှစ် အရွယ် မိန်းကလေး တဦးဖြစ်ပြီး နောက်ထပ် သေဆုံးသူများသည် အသက် (၄၂)နှစ်မှ (၅၃)နှစ် အတွင်း အရွယ်များ ဖြစ်ကြသည်။ ကျန်းမာရေး ဆိုင်ရာ တာဝန် ရှိသူများက နိုင်ငံအတွက် တုပ်ကွေး ကာကွယ်ဆေး Tamiflu ဆေးဝါး အလုံအလောက် ရှိကြောင်း ကြေညာ ထားသော်လည်း တုပ်ကွေးဖြင့် သေနှုန်းများ လာခြင်းကြောင့် ပြည်သူများ အကြား စိုးရိမ်မှုများ ပိုမိုကြီးထွား လာနေကြောင်း သိရှိရသည်။

ရောဂါကြောင့် အိနိ္ဒယ အနောက်ပိုင်း ဒေသများနှင့် မြို့တော် နယူးဒေလီရှိ ကျောင်းအချို့ကို ပိတ်ထားလိုက်ပြီး ဒေလီတွင် ကူးစက်ခံရသူ အရေအတွက် (၂၂၈)ဦး အထိ ရှိလာခဲ့ကြောင်း တာဝန် ရှိသူများက ဆိုသည်။ အိန္ဒိယ၏ ဒေသတွင်း အိမ်နီးချင်း မြန်မာနိုင်ငံ တွင်မူ ဩဂုတ်လ (၉)ရက်နေ့ အထိ ကူးစက်ခံရသူ (၁၆)ဦးမျှ ရှိလာပြီး သေဆုံးသူ မရှိသေးကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here