မိုးမခရိုင်း

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် (လှိုင်းဘွဲ့)

၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၂၂ရက်။

မွန်ပြည်နယ်၊ ယင်းတိန် ကျေးရွာ။

ဦးသိန်းစိုးသည် ထမင်းငုံ့ စားနေသော သားဖြစ်သူကို စေ့စေ့ကြည့်နေရင်း ရင်ထဲ၌ စိုးရိမ်ပူပင် နေမိသည်။ နေလောင်ထားသော

အသားအရေ၊ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးများ၊ ပင်ပမ်းနွမ်းလျမှု တို့ကြောင့် ညှိုးနွမ်းနေသော မျက်နှာ၊ ပိန်ချုံးသွားသော ခန္ဒာတို့က သားဖြစ်သူ ရင်ဆိုင်ဖြတ်သန်းနေရသော ဘဝ သရုပ်မှန်ကို တစေ့တစောင်း ဖေါ် ပြနေခဲ့သည်။

“သိပ်ပြီးတော့ အတင့်မရဲနဲ့ဦး ငါ့သား၊ မင်းတို့ လုပ်စရာတွေ အများကြီး ရှိသေးတယ်” စကားအဆုံး၌ ကိုကိုဦး တယောက် ဖခင်ဖြစ်သူကို မော့ကြည့် လိုက်မိ၏၊ မိမိရှိရာသို့ မရရအောင် စုံစမ်း၍ မရောက်ရောက်အောင် ကြိုးစားလာခဲ့သော အဖေဖြစ်သူ၏ စကားနားထောင် နေသော်လည်း နှုတ်မှ ဘာမှ ဖွင့်ဟ ပြောကြားခြင်း အလျဉ်း မရှိခဲ့။ သူတို့နှင့် အတူတူ ထမင်း ထိုင်စားနေသော ကိုအေးမင်း (ရန်ကုန် ဆေးတက္ကသိုလ်-၁မှ ကျောင်းသားတဦး ဖြစ်ခဲ့ဖူးသူ၊ ယခု အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယား ပြည်နယ်၌ နေထိုက်လျှက် ရှိသူ) မှာ သားအဖ နှစ်ဦးကြား၌ ရေငုံ နှုတ်ပိတ်လျက်၊ အဖေနှင့် သားဖြစ်သူတို့ ပြန်လည်ဆုံဆည်း ပြီးနောက် ပြောဆိုနေသော စကားသံများကိုသာ နားစွင့်လျှက်။ ကိုကိုဦးသည် A.B.S.D.F ကျောင်းသားတပ်မတော် တပ်ရင်း (၁၀၂) စစ်ကြောင်းမှူး၊ မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသားတဦး၊ ဇာတိမှာ မွန်ပြည်နယ်၊ ရေးမြို့မှ ဖြစ်ပြီး ကိုအေးမင်း က ဤစစ်ကြောင်း တခုလုံး၏ ဆေးမှူး၊ သူတို့နှစ်ဦးစလုံးမှာ A.B.S.D.F တပ်ရင်း(၁၀၂)မှ တာဝန်ရှိ ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြ၏။

ထမင်းစားနေရင်း လက်မှနာရီကို မြှောက်၍ ကြည့်လိုက်ရာမှ ကိုကိုဦးသည် စားလက်စ ထမင်းပန်းကန်ကို အသာချလိုက်ပြီး အနီးရှိ ရေခွက်ကို အသာ လှမ်းယူလိုက်ကာ လက်ကို ဆေးကြော သုတ်သင်လိုက်သည်။ “ကိုအေးမင်း … ခင်ဗျား စားပြီးရင် လိုက်လာခဲ့၊ ကျနော်လစ်တော့မယ်၊ အဖေ… သားသွားပြီ၊ နေကောင်းအောင် နေဦး၊ နောက်မှတွေ့မယ်” ဟု ပြောပြောဆိုဆိုနှင့် ကျောပိုးအိတ်ကို ကောက်လွယ်လိုက်ပြီး၊ သေနတ်ကို မ၍ အိမ်အောက်ကို ဆင်းသွားလေတော့သည်၊ လျှပ်တပြက် အတွင်း ချက်ခြင်း ထ ဆင်းသွားသော သားဖြစ်သူ၏ ကျောပြင်ကို ငေးကြည့်ရင်း ဦးသိန်စိုးသည် သက်ပြင်းရှည်ကြီး တချက်သာ မှုတ်ထုတ် လိုက်ရတော့သည်။ ထိုအချိန် တဲအိမ် အပြင်ဘက်တွင် အမှောင်ထုက ကြီးစိုးလျှက်….။

မိနစ် အနည်းငယ်တွင်းမှာပင် သားဖြစ်သူနှင့် ကျောင်းသားများသည်၊ ရွာအတွင်းမှ ပျောက်ကွယ် သွားကြသည်။ သားကို တွေ့ချင်လွန်း၍ ဤနေရာသို့ မရောက်ရောက်အောင် လာရောက်ခဲ့ရသော အဖေဖြစ်သူ ဦးသိန်းစိုးကား သားအဖ ပြန်လည် တွေ့ဆုံခြင်းကို ဤမျှနှင့်သာ ကြေနပ်လိုက်ရ တော့သည်၊ သူ့ရင်ထဲမှာတော့ ပြောစရာ စကားများ ရင်နှင့် အမျှ ပြည့်လျှံလျှက် ရှိနေချေတော့မည်။

၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၂၃ရက်

မွန်ပြည်နယ်၊ ယင်းရဲကျေးရွာ။

ဤရွာမှာ အိမ်ခြေ (၁၀၀)ခန့်ရှိသော ရွာတရွာသာ ဖြစ်ပြီး တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသော ရွာသားများ နေထိုင်ကြသည့် အေးချမ်းဆိတ်ငြိမ်သော ကျေးရွာကြီးတရွာပင်၊ ကွမ်းခြံ၊ အုန်းခြံများဖြင့် ဝန်းရံလျက်၊ ရွာ၏ အရှေ့ဖက်ခြမ်းကို တောင်ကုန်းကလေး တခုက ကားဆီး ပေးထားသည့်နှယ်၊ ထိုစဉ် လှမ်းကြည့်လိုက်တော့ ဝေမိုး တယောက် သူ့လက်ထဲမှ AK-47 မောင်းပြန်ရိုင်ဖယ် သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း သူ၏ ကင်းတာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်လျှက်။ မနေ့ညက သူတို့ ဤရွာကိုရောက်တော့ အတော်ကလေး ညဉ့်နက်နေပြီ၊ ယင်းတိန်ကျေးရွာမှာ ညစာစားခဲ့ကြပြီး၊ ဤရွာမှာ ညအိပ်ရပ်နားဖို့ စီစဉ်ခဲ့ကြသည်၊ အားလုံးပင်ပမ်း နွမ်းနယ်နေကြပြီမို့ တညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားခဲ့ကြ လေသည်။

ဆောင်းတွင်းကာလ နံနက် ဝေလီဝေလင်း အချိန်မို့ မြူမှုန်၊ မြူနှင်းမျာက ပတ်ဝန်းကျင် တခုလုံးကိုလွှမ်းခြံု သိုင်းထားသည့်နှယ်၊ အအေးဒါဏ်ကြောင့် ဝေမိုး တယောက် ကင်းစောင့်ရင်း၊ ရာသီဥတု ဒါဏ်ကိုလည်း ကြိတ်ခံနေရ၏၊ ပင်ပမ်း နွမ်းနယ်ခြင်းကြောင့် အိပ်ချင်စိတ်ကို မနည်းဖျောက်ပစ် နေရသည်။ သူ နေရာယူထားသော ရွာလမ်းကလေး၏ အရှေ့ဖက် နှင်းမှုန်များ ကြားမှ ဤလမ်းကလေးအတိုင်း မြောက်အရပ်ဆီမှ တဖြည်းဖြည်းနှင့် ရွေ့လျားလာသည့် အရိပ်သဏ္ဍာန် များကို စူးစိုက်ကြည့်ရင်း သူ့လက်များက တရွေ့ရွေ့ဖြင့် မောင်းထိမ်း ခလုတ်ဆီသို့ ရောက်သွားခဲ့သည်။ အရိပ်သဏ္ဍာန်များမှာ တဖြည်းဖြည်းနှင့် သဲသဲကွဲကွဲ ဖြစ်လာပြီး ပိုသေခြာအောင် တချက် ထပ်ဂရုစိုက် ကြည့်လိုက် ပြီးချိန်မှာတော့ …. ……..

ဒုတ်…. ဒုတ် …. ဒုတ်…. ဒက် …. ဒက် …. ဒက်….

ဝေမိုး လက်ထဲရှိ သေနတ်မှ ကျည်ဆံများ အတွဲလိုက် ပြေးထွက် သွားတော့သည်။

ရှေ့ဆုံးမှ အရိပ်သုံးခုစလုံး အရုပ်ကြိုးပြတ် သလို လဲကျသွား၏၊ တဆက်တည်းမှာပင် အမ်ရ၉ ( M-79 Grenade Launcher ) လောင်ချာသံနှင့် ဂျီးသရီး၊ ဂျီဖိုး မောင်းပြန်ရိုင်ဖယ် သေနတ်သံများ ပတ်ဝန်းကျင် တခုလုံး ဖုံးလွှမ်းသွားသည်။ ရေချိုးရန် ပြင်ဆင်နေသော ဆေးမှူး ကိုအေးမင်းသည် အင်္ကျီပင် မချွတ်ရရေသေး၊ ကြားလိုက်ရသော သေနတ်သံများကြောင့် သိုင်းကြိုးနှင့် ခါးပတ်ကို အမြန်ကောက်ပတ်လိုက်ပြီး ဖိနပ်ကို ဆေးလွယ်အိတ်မှာပင် ကောက်ချည်လိုက်ကာ ကျောပိုးအိတ် နှင့် သူ့ကာဘိုင်(Carbine) သေနတ်ကိုယူ၍ အမြန်ပြေးထွက် နေရာယူလိုက်သည်။ ဇော်လွင်စိုး (ခေါ်) ကိုပိန် ( ယခု အမေရိကန် ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်) နှင့် အချို့သော ရဲဘော်များက တောင်ပေါ်သို့ နေရာယူရန် တက်သွားသည်၊ သူတို့နှင့် အတူ မိမိတို့၌ ရှားရှားပါးပါးရှိသော R.P.G ( Rocket Propeller Grenade) တင့်ကားဖျက် နောက်ပွင့် ဒုံးကျည် တလက်မှာ သူတို့နောက် ပါသွားခဲ့ချေပြီ။

ရန်သူမှ အတင်း ဖိပစ်နေသော လက်နက်ကြီး လက်နက်ငယ်များ ဆူညံလျှက် ရှိနေသော်လည်း စစ်ကြောင်းမှူး ကိိုကိုဦးက တည်တည်ငြိမ်ငြိမ် နှင့် အဆက်မပြတ် အမိန့်ပေးလျှက် ကွပ်ကဲလျှက် ရှိသည်။ ရန်သူသည် ရွာအရှေ့မြောက်ဘက် အုန်းခြံနှင့် တောင်ခြေဘက်ဆီမှ ဖိတိုးပြန်ရာ မိမိတို့ဘက်မှ ဖိပစ်ပြန်သဖြင့် ပြန်လန်သွားပြီး အစောပိုင်းက ဝင်လာသော ရွာလမ်းလေးအတိုင်း ပြန်ဝင် လာကြပြန်သည်။ ဤ တကြိမ်မှာတော့ ရန်သူသည် ရွာလမ်းနှင့် အပြိုင် ရှိနေသော ဂဝံကျောက် တံတိုင်းနှင့် လမ်းအနောက်ဘက်ခြမ်းရှိ ဘုန်းကြီးကျောင်း နေရာကို ရရှိသွားတော့သည်၊ ထိုဂဝံကျောက် တံတိုင်းကို အဓိကထား အကာအကွယ် ယူလျှက် ရန်သူသည် ရွာလမ်း၏ အရှေ့ဘက်ခြမ်းရှိ မိမိတို့အား အနီးကပ် ပစ်ခတ်တော့သည်၊ တဘက်နှင့် တဘက် ၁၅ကိုက်၊ ကိုက် ၂၀ခန့်သာ ကွာဝေးပြီး အနီးကပ် လက်တကမ်း တိုက်ပွဲ ဖြစ်လာခဲ့ရသည်။

ထိုအချိန်မှာပင် သစ်ပင်ကြီး တပင်ဘေးမှ အကာအကွယ်ယူပြီး ပစ်နေသော မော်လမြိုင်သား ကျော်စိုးလေးမှာ ခွင်းဗုံး ထိမှန်ပြီး သူ၏ ညာဘက်လက်မှာ ပြတ်လုနီးပါး ဖြစ်သွားကာ သွေးလွန်၍ ထိုနေရာမှာပင် ကျဆုံးသွားခဲ့သည်။ အလောင်းကို ထွက်ဆွဲခွင့် မသာတော့ချေ၊ ရန်သူက ထိုနေရာကို ကျီးများခဲသလို ဝိုင်းအုံ ပစ်ခတ်နေတော့သည်၊ နောက်ဆုံးတော့ သူ့ အလောင်းကို ရယူဖို့ လက်လျော့ လိုက်ကြရသည်။ အင်အားချင်း မမျှတော့၊ စစ်ကြောင်းမှူး ကိုကိုဦးထံမှ ဆုတ်မိန့်ပေးသံ ကြားလိုက်ရသည်။

ကိုအေးမင်း တယောက် ပစ်ဆုတ် ဆုတ်ရင်း အိမ်တလုံး အနောက်ဘက်ရှိ စပါးကျည် တခုဘေးသို့ ရောက်ရှိသွားခဲ့သည်၊ ထို စပါးကျည်မှာ ဝါးခြံစည်းရိုး တခုခံနေပြီး သူ့ဆုတ်လမ်းကို ပိတ်ဆို့နေသည်၊ ဆေးတွေ အပြည့်ထည့်ထားသော သူ့ကျောပိုးအိတ်ကြောင့် အတွက်ဆုတ်ရတာ နှေးးကွေးနေ၏၊ ထိုအိတ်ကြီးကို ထားခဲ့ဖို့တော့ သူမစဉ်းစား၊ ဒါဏ်ရာရသူများ အားလုံး၏ အသက်ကို ကယ်တင်ဖို့ ဤဆေးအိတ်ကြီးကို သူ မရ ရအောင်သယ်မည်။ ဝါးခြံစည်းရိုးမှာ သိပ်အမြင့်ကြီးလည်းမဟုတ်၊ သို့သော် ရန်သူက အနီးကပ် ဝိုင်းအုံခဲ ပစ်ခတ်နေတာမို့ ထွက်ရခက်နေသည်၊ နောက်ဆုံးတော့ ဆေးအိတ်ကော လူပါ ခြံစည်းရိုးကို ရအောင် ကျော်ထွက် လိုက်နိုင်သည်၊ သို့သော် ………….

ခြံစည်းရိုးရဲ့ ဟိုဖက်မှာ ကွင်းပြောင်ပြောင်လေးက ခံနေပြန်၏၊ ကွင်းပြောင်လေး ဆိုပေမဲ့ ကျည်ကွယ်မရှိတဲ့ ထိုကွင်းလေးကို ဖြတ်ဖို့ အတွက်က လက်တွေ့ကျတော့ မလွယ်ကူလှပါ၊ ရန်သူက သတ်ကွင်းထဲဝင် လာသမျှကို ညှာလိမ့်မည် မဟုတ်၊ သည်အချိန်မှာပဲ စစ်ကြောင်းမှူး ကိုကိုဦး နှင့် သန်းဗိုလ်တို့ ရောက်လာကြပြီး ကာပစ် ပစ်ပေးရင်း ကိုအေးမင်းကို အမြန်ဆုတ်ခွာဖို့ အမိန့်ပေးသည်၊ ကိုအေးမင်းလည်း တုံ့ဆိုင်း မနေတော့၊ သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ထိုကွင်းပြင်လေးကို ဖြတ်ပြေး လိုက်တော့သည်။ အဲဒီမှာပဲ သူ့ညာဖက် ဒူးဆစ်မှာ ပူကနဲ ဖြစ်သွားတာကို သတိထားမိလိုက်သည်၊ သူ့ကို ထိပြီဆိုတာ သိလိုက်ပြီ၊ ထိုဒါဏ်ရာနှင့် ဆက်ဆုတ်နေရင်းမှာပင် သူ့ပါးစပ်နှင့် နှုတ်ခမ်းကို ထပ် ထိပြန်သည်၊ သူ့ကို မှန်တာအားလုံး ဗုံးစ တွေပင်။ ဒီလိုနဲ့ပဲ အုန်းတောအစပ်မှ အိမ်တအိမ်ရဲ့ ဘေးကို သူရောက်သွားခဲ့သည်။

သူ့ကို ကျည်ကာ ပစ်ပေးနေခဲ့သော ဝေမိုး တယောက်လည်း ဒါဏ်ရာများနှင့်၊ သူ့ညာဘက် ကျောပြင် အရိုးကို G-3 ကျည်ထိ သွားပြီး၊ သွေးများက သူ့ကျောပြင်မှာ မြင်လို့ပင် မကောင်း၊ နောက်တယောက် ကုလားလေး၊ သူလည်း ဒါဏ်ရာတွေနှင့်။ ကုလားလေးကို တွဲဆုတ်ဆုတ်ရင်း နောက်ထပ် ဒါဏ်ရာရထားသော လူသစ်ရဲဘော် ၂ယောက် ကို တွဲခေါ် ရပြန်သည်၊ တယောက်က ဘယ်ဖက်ပေါင်အောက် အသားပြင်ကို ထိထားပြီး၊ နောက်တယောက်က ဗုံးစတွေ မှန်ထားလျှက်။ လူနာများ၊ ဒါဏ်ရာများနှင့် ကိုအေးမင်း၊ သူတို့ အားလုံးကို ဘေးကင်းရာသို့ တွဲထုတ်နိုင်ခဲ့သည်။ ကျည်ထိထားသော သူ့ညာဖက် ဒူးဆစ်ကတော့ အတော်ပင်နာနေပြီ၊ ဒါပေမဲ့ သူ့အနာကို ဂရုမစိုက်နိုင်အား၊ သူတို့ အားလုံးဆုတ်နိုင်အောင် ကာပစ် ပစ်ပေးရင်း ကျန်နေခဲ့တဲ့ စစ်ကြောင်းမှူး ကိုကိုဦးနှင့် သန်းဗိုလ် တို့ကို သူစိုးရိမ် ပူပန်လျှက်။

အဲသည် အချိန်မှာပဲ …..

“သန်းဗိုလ်”

ဆိုပြီး စူးစူးရှရှ အော်လိုက်သံကို ပီပီသသ ကြားလိုက်ရသည်။

အသံက ကိုကိုဦးရဲ့ အသံ။

အုန်းပင် တပင်နှင့် တပင်အကြား ဖြတ်အကူးမှာ သန်းဗိုလ် တယောက် သူ့ကျောပြင်ကို ရန်သူ့ စက်လတ် ကျည်ထိသွားပါပြီ။ ထိုနေရာမှာပင် သန်းဗိုလ်တယောက် ပွဲချင်းပြီး ကျဆုံးသွားခဲ့ရသည်။ ဆေးမှူး ကိုအေးမင်းသည် လူနာများနှင့် ဆုတ်ရင်း ၁၅မိနစ်ခန့် အကြာတွင် ယင်းတိန် ကျေးရွာကို ရောက်ရှိ သွားခဲ့ချေပြီ။ ရွာတရွာလုံးကား တိတ်ဆိတ်ငြိမ်သက်လျှက်၊ ရွာထဲမဝင်ခင် အခြေအနေ စောင့် ကြည့်နေဆဲမှာပင် ရွာသားတယောက် ထွက်လာ၍ ထိုရွာသားကို လက်ပြခေါ်လိုက်ပြီး န.ဝ.တ စစ်သား ရှိမရှိ မေးလိုက်သည်။ မရှိဖူး သေခြာပြီဆိုမှ ရွာထဲကို ဝင်ကြတော့သည်။

အဲဒီမှာပဲ ဝေမိုးနှင့် ပြန်ဆုံရသည်၊ ကိုကိုဦးကိုတော့ မတွေ့ရ၊ တောင်ဘက် မြင်းဇောင်းရွာ ဘက်ဆီကို ဆုတ်သွားပြီဟု ထင်လိုက်သည်။ ကိုကိုဦး အဖေ ရောက်လာပြီး သူ့သားကို မေးသည်။ တောင်ဘက် ဆုတ်သွားပြီလို့ ပြောလိုက်ကြသည်၊ အဖေကြီးက သူ့သားအတွက် စိတ်လှုပ်ရှားကာ အတော်စိုးရိမ် ပူပန်နေရှာသည်။ ထိုရွာ အနီးမှာပင် လုံခြံုရေးအတွက် သေသေခြာခြာ ကင်းချပြီးမှ ညအိပ် နားလိုက်ကြလေသည်။

၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ ၂၄ရက်။

ကိုပိန် ( ဇော်လွင်စိုး ) နှင့် ကျန်ရဲဘော်များ ထပ်ရောက်လာကြပြီး သန်းဗိုလ်နှင့် ကျော်စိုးလေး တို့၏ ရုပ်အလောင်းများကို သွားယူကြသည်။ ယမန်နေ့က ဆူညံစွာ ငရဲပွက်အမျှ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ယင်းရဲကျေးရွာ၊ အခုတော့ ဘာမျှ မဖြစ်ခဲ့သလို တိတ်ဆိတ် ငြိမ်သက်လျှက်၊ ရွာအပြင် အစပ်နား အုန်းပင်တွေနှင့် မလှမ်းမကမ်းမှာ ငြိမ်သက်စွာ လဲလျောင်းလျှက် ရှိနေသော သက်မဲ့ရုပ်အလောင်း တခု။ မည်သူမျှ မျှော်လင့် မထာေးသာ သူ့ရဲ့ ဝိဉာဉ်မဲ့ ခန္ဓာကိုယ်ကို မျက်မြင် ကိုယ်တွေ့ တွေ့ကြရတော့ မှပဲ ကိုကိုဦး ကျဆုံးသွားပြီ ဆိုသည်ကို သိလိုက်ကြရပြီ၊ အားလုံး၏ ရင်ထဲမှာတော့ ဆို့နစ် ကြေကွဲလို့ မဆုံးရှိကြလျှက်။

သူ့ ဖခင်ကား ဆိုဖွယ်ရာ မရှိတော့၊ သားဖြစ်သူအား ငေးကြည့်ရင်း ငိုင်တွေနေရှာသည်။ ငယ်စဉ် တောင်ကျေး ကလေးဘဝမှ စပြီး ပြုစုပျိုးထောင် ပေးခဲ့ရသော သားငယ်လေး၊ ယခုတော့ မိမိမျက်စေ့ ရှေ့မှောက်မှာ ဝိဉာဉ်မဲ့ ခန္ဓာဖြင့် လဲလျောင်းလျှက်။ စစ်ကြောင်းမှူးကား သူ့တာဝန် ကျေပွန်မှုကို အသက်နှင့် ရင်းပြသွားခဲ့လေပြီ၊ ဆေးမှူး ကိုအေးမင်း အပါအဝင် သူ၏ ရဲဘော်များ လွတ်မြောက်စေရန် အတွက် သူ့အသက်ကို စတေးကာ ခေါင်းဆောင်ကောင်း ပီသစွာ စွန့်လွှတ်ပေးဆပ် သွားခဲ့လေပြီ။ အမိနိုင်ငံတော်၏ အဖိုးတန် သားကောင်းရတနာများ ဆုံးရှုံး ရချေပြီ။ ကိုကိုဦး၊ သန်းဗိုလ်၊ ကျော်စိုးလေး။ သူတို့ ၃ဦး စလုံး မြေပြင်ပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းလျှက်။

ဆောင်းဦးကာလ ဇန်နဝါရီလ နှင်းမှုန် နှင်းစက်ကလေး များက မြန်မာ့ သားကောင်း အာဇာနည်များ၏ ရုပ်ခန္ဓာပေါ်သို့ ဖြည်းညင်းစွာ သက်ဆင်းလျှက်၊ အု့ံမှိုင်းမှိုင်း ရာသီဥတုက ဤလွမ်းဆွတ်ဖွယ် မြင်းကွင်းအား အားဖြည့် လွမ်းအားပေး နေသလိုပင်။ ကျန်ရစ်ခဲ့သော ရဲဘော်များက သူတို့ ပုခုံးပေါ်တွင် ကျန်ရှိနေသေးသော တာဝန်ဝတ္တရားများအား သစ္စာစောင့်သိ ရိုသေမှုများဖြင့် ခွဲခွာသွားလေပြီ ဖြစ်သော ရဲဘော်များအား နောက်ဆုံး ဂုဏ်ပြုခြင်း အဖြစ် ဦးညွတ် အလေးပြု လိုက်ကြသည်။

ပင်လယ်ပြင်ဖက်ဆီမှ တိုက်ခတ်လာသည်ဟု ထင်ရသော လေပြေလေညှင်း တို့ကား ကုန်းတွင်းပိုင်း အရပ်ဆီသို့ ဆက်လက် ဝင်ရောက် တိုးနှင် ခရီးဆက်နေဆဲ။ ။

သိရိညွန့်

့်

ဤ ယင်းရဲ ကျေးရွာ တိုက်ပွဲသည် A.B.S.D.F ကျောင်းသား တပ်မတော် တပ်များ၏ မြောက်များလှစွာသော တိုက်ပွဲများထဲမှ ဖြစ်ရပ်မှန် တိုက်ပွဲတခု ဖြစ်သည်။ မြန်မာပြည် ဒီမိုကရေစီ အရေးတိုက်ပွဲများတွင် နက်ရှိုင်းသော တော တောင်များ၌ ပင်ပမ်း ဆင်းရဲခံလျှက် တိုက်ပွဲဝင်ကြရင်း ယခုကဲ့သို့ မထင်မရှား ကျဆုံး သွားခဲ့ကြရသော အညတြ ရဲဘော်များ ထောင်ပေါင်းများစွာ ရှိခဲ့ပါသည်။ ထိုသူတို့အား ဂုဏ်ပြု ချီးမြှင့်မည့် Purple Heart နှင့် Iron Cross များမရှိ၊ အချိန်ကြာမြှင့် လာသည်နှင့် အမျှ သူတို့ စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့မှုများ ပျောက်ကွယ် မသွားစေလိုသည့် ရည်ရွယ်ချက်ဖြင့် ဂုဏ်ပြု မှတ်တမ်းတင် ပေးခြင်းမျှသာ၊ အမိ မြန်မာနိုင်ငံတော်တွင် လူတဦး (သို့ ) လူတစုက လက်နက်အင်အားကို အသုံးချလျှက် ထင်ရာစိုင်း အုပ်ချုပ်နေခဲ့သော မကောင်းသည့် လက်ရှိ စနစ်ဆိုးကြီး ပပျောက် ချုပ်ငြိမ်း သွားစေရန် အတွက် အသက်ပေး တိုက်ပွဲဝင်သွားကြသော အာဇာနည် သူရဲကောင်း အပေါင်းတို့အား အစဉ်လေးစား ဦးညွတ် အလေးပြု လိုက်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here