လွတ်မြောက်လာသည့် အမေရိကန် သတင်းထောက်များ လော့စ်အိန်ဂျယ်လိစ် သို့ရောက်ရှိ

alt

ဩဂုတ်လ (၅)ရက် နေ့က အမေရိကားသို့ ပြန်လည် ရောက်ရှိ လာသည့် အမျိုးသမီး သတင်းထောက် (၂)ဦးအား မိသားစု များက လော့စ်အိန်ဂျယ်လိစ် တွင် လာရောက် ကြိုဆို ခဲ့ကြသည်။

Bob Hope လေဆိပ်သို့ သမတဟောင်း ဘီလ် ကလင်တန် နှင့်အတူ ဆိုက်ရောက် လာသည့် လော်ရာလင်း နှင့် အူနာလီ တို့အား ခင်ပွန်းသည် များနှင့် မိသားစု များက ပီတိ မျက်ရည်များဖြင့် နှုတ်ဆက် ခဲ့ကြသည်။

သတင်းထောက် (၂)ဦး တို့သည် မြောက်ကိုရီးယား နိုင်ငံအတွင်း မှတ်တမ်းဓာတ်ပုံ ဝင်ရောက် ရိုက်ကူးစဉ် မတ်လ (၁၇)ရက်နေ့ ကတည်းက အဖမ်းခံရပြီး ထောင်ဒဏ် (၁၂)နှစ် ကျခံစေရန် အမိန့်ချမှတ် ခံခဲ့ရသည်။ သူမ တို့(၂)ဦးအား ကလင်တန်က မြောက်ကိုရီးယား အထိ သွားရောက်ပြီး အာဏာပိုင်များနှင့် ညှိနှိုင်းကာ ပြန်လည် ခေါ်ဆောင်လာခြင်း ဖြစ်သည်။

သူမတို့ နှစ်ဦးလုံး အလွန်ထိတ်လန့် ကြောက်ရွံ့ခဲ့ရသည့် အိပ်မက်ဆိုး များသည် သမတဟောင်း ကလင်တန်ကြောင့် အဆုံးသတ် သွားပြီဖြစ်ကြောင်း အမျိုးသမီး များက ဆိုသည်။ အမေရိကန်သို့ ပြန်လည် ရောက်ရှိလာ ပြီးနောက် သတင်းထောက် (၂)ဦးသည် လေယာဉ်ပေါ်မှ အလျှင်အမြန် ပြေးဆင်းလာပြီး ပျော်ရွှင် နေခဲ့သော်လည်း ကယ်တင်ရှင်ကြီး ကလင်တန် မှာမူ အတန်ငယ်ကြာမှ အေးအေးဆေးဆေး ဆင်းလာပြီး သတင်းထောက် များကိုလည်း တစုံတရာ ဖြေကြားသွားခဲ့ခြင်း မရှိပေ။

အမေရိကန် သမတ ဘာရက် အိုဘားမား က အမျိုးသမီး (၂)ဦးအား အမိမြေ ပြန်ခေါ် လာနိုင်သည့် ကလင်တန်အား လှိုက်လှိုက်လှဲလှဲ ချီးကျူးခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here