ကနေဒါ တောမီး ငြှိမ်းသတ်ရန် ဩစတြေးလျ နှင့် နယူးဇီလန် ကူညီ

alt

ကနေဒါ နိုင်ငံတွင် လောင်ကျွမ်းနေသော တောမီးများကို ငြှိမ်းသတ်ရန် ကြိုးစားနေသည့် ကနေဒါ မီးသတ်တပ်ဖွဲ့ များအား ကူညီနိုင်ရေး အတွက် ဩစတြေးလျ နှင့် နယူးဇီလန် မီးသတ် သမားများသည် ကနေဒါသို့ ထွက်ခွာသွားပြီ ဖြစ်သည်။

ဗြိတိသျှ ကိုလံဘီယာ တွင် လောင်ကျွမ်းနေသော တောမီးများကို ငြှိမ်းသတ်ရန် အတွက် ဩစတြေးလျ မီးသတ်အဖွဲ့က ကနေဒါကို အပြန်အလှန် ကူညီသွားမည် ဖြစ်သည်။ ဖေဖော်ဝါရီလ အတွင်းက ဩစတြေးလျရှိ ဗစ်တိုးရီးယား ဒေသတွင် လူ(၁၇၀)ကျော် သေဆုံးစေခဲ့သည့် တောမီးကြီးအား ထိန်းချုပ်ရန် ကနေဒါက ကူညီခဲ့ဖူးပြီး ယခုအခါ ဩစတြေးလျက အပြန်အလှန် အနေဖြင့် ဗစ်တိုးရီးယား ဒေသမှ မီးသတ်(၈)ဦး အပါအဝင် မီးသတ်သမား (၃၀)ကို ဩဂုတ်လ (၅)ရက် နေ့က ကနေဒါသို့ စေလွှတ် ပေးခဲ့သည်။

နယူးဇီလန် ကလည်း ဩစတြေးလျနှင့် ပူးပေါင်းပြီး ကနေဒါ မီးသတ်ရဲဘော် (၃၅၀၀)ကို ကူညီရန် လိုက်ပါသွားကြောင်း သိရသည်။ ၎င်းတို့သည် ဗြိတိသျှ ကိုလံဘီယာ နယ်စပ်ရှိ မီးမလောင် သေးသော တောတန်းများအား ထိန်းသိမ်း ဟန့်တားရန်နှင့် လိုအပ်သော အကူအညီများ ဖြည့်ဆည်းပေးရန် တာဝန် ယူမည်ဖြစ်သည်။

ကနေဒါ တောမီးသည် လွန်ခဲ့သော (၂)ပါတ်ကျော်က စတင် လောင်ကျွမ်းခဲ့ပြီး မြေဟက်တာ (၃၃၃၃)ကို ပြာကျ သွားစေခဲ့သလို လူပေါင်း (၂၀၀၀)ကျော် မှာလည်း အရေးပေါ် ရွှေ့ပြောင်း ထားရပြီး ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here