ဆေးလိပ် မသောက်ရန် တားမြစ်မိသဖြင့် အသတ်ခံရ

alt

ဆိုင်အတွင်း ဆေးလိပ် မသောက်ရန် တားမြစ်ခဲ့မိသည့် ဆိုင်ရှင်တဦး ပြီးခဲ့သည့် သီတင်းပါတ်က အသတ်ခံရကြောင်း သိရှိရသည်။

တူရကီနိုင်ငံမှ စားသောက်ဆိုင် ပိုင်ရှင်တဦးသည် အစိုးရက အသစ် သတ်မှတ်ထားသည့် စည်းကမ်းချက်အရ ဆိုင်အတွင်း ဆေးလိပ် မသောက်ရန် လာရောက် စားသောက်သူများအား တားမြစ်ခဲ့ရာမှ စားသုံးသူ တဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

အသက် (၄၆)နှစ် ရှိပြီဖြစ်သည့် ဆိုင်ရှင် အမျိုးသား ဟီဒါကရာရီဂစ် သည် ဆေးလိပ်ဝိုင်းဖွဲ့ သောက်နေသူ တစုအား မီးငြှိမ်းရန် တောင်းဆိုရာမှ ခွန်းကြီးခွန်းငယ် အခြေအတင် ဖြစ်လာပြီး ယခုလို အသတ်ခံရခြင်း ဖြစ်သည်။ ဇူလိုင်လ (၃၀)ရက် နေ့က ဖြစ်ပွားခဲ့သော ပြဿနာ အတွင်း ကရာရီဂစ်၏ စီးပွားရေး Partner တဦးဖြစ်သည့် ဟမ်ဇာဟာဗက်ကူ လည်း အပစ်ခံရပြီး ဒဏ်ရာ ရရှိခဲ့သည်။

ထိုင်နေသူများထဲမှ တဦးသည် ကရာရီဂစ်အား သေနတ်နှင့် (၄)ချက် ပစ်ခဲ့ကြောင်း ဟာဗက်ကူ ကဆိုသည်။ ဆာရူဟန်လိုင်တွင် ဖြစ်ပွားခဲ့သော လူသတ်မှု အတွက် ဒေသခံ ရဲတပ်ဖွဲ့က အရေးယူမှုများ ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်သည်။ တူရကီ အစိုးရသည် လူထူထပ်သော နေရာများတွင် ဆေးလိပ်သောက်ခွင့် မပြုတော့ကြောင်း ဥပဒေသစ်ကို ဇူလိုင်လ (၁၉)ရက် နေ့ကမှ အတည်ပြု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

တူရကီရှိ အသက် (၁၅)နှစ်နှင့် (၄၉)နှစ်ကြား အမျိုးသား၊ အမျိုးသမီးဦးရေ စုစုပေါင်း၏ ထက်ဝက်မှာ စီးကရက် သောက်လေ့ရှိပြီး ကမာ္ဘပေါ်တွင် ဆေးလိပ်သောက်မှု အမြင့်ဆုံး စံချိန်ကို တင်ထားသည့်နိုင်ငံ ဖြစ်သည်။ ကရာရီဂစ် အသတ် ခံရမှုအတွက် အလွန် ဝမ်းနည်းမိကြောင်း ဟာဗက်ကူက ပြောကြားခဲ့ပြီး လူသတ်သမားနှင့် ၎င်း၏ အဖော်များသည် အရက်လည်း အတော်များများ သောက်ထားကြောင်း ရဲတပ်ဖွဲ့သို့ ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here