ပါကစ္စတန် တာလီဘန် အကြီးအကဲ၏ ဇနီးဖြစ်သူ တိုက်ခိုက်မှု အတွင်းသေဆုံး

alt

ပါကစ္စတန် နိုင်ငံရှိ တာလီဘန် တပ်များအား အုပ်ချုပ် နေသည့် အကြီးအကဲ ၏ ဇနီးသည်မှာ အမေရိကန် တို့၏ ပစ်ခတ် တိုက်ခိုက်မှုအတွင်း သေဆုံး သွားပြီဖြစ်သည်။

ဩဂုတ်လ (၅)ရက်နေ့ နံနက်ပိုင်းက ပါကစ္စတန် အရှေ့မြောက်ပိုင်း ဒေသရှိ မသင်္ကာဖွယ်ရာ ပစ်မှတ် များသို့ အမေရိကန် မောင်းသူမဲ့ လေယာဉ်များက ဒုံးကျည်နှင့် ပစ်ခတ်ခဲ့စဉ် အတွင်း တာလီဘန် ခေါင်းဆောင် ဘေတူလာ မာဆက်၏ ဇနီးတဦး သေဆုံးသွားကြောင်း ပါကစ္စတန် ထောက်လှမ်းရေး တာဝန်ခံ နှစ်ဦးနှင့် စစ်တပ်မှ အရာရှိ တဦးတို့က အတည်ပြု ပြောကြားသွားသည်။

တောင်ပိုင်း ဝါဇီရစ်စတန်တွင် ဖြစ်ပွားခဲ့သော ဒုံးကျည် တိုက်ခို်က်မှု အတွင်း အမျိုးသမီးတဦး သေဆုံးကြောင်း အစောပိုင်းက ပါကစ္စတန် အာဏာပိုင်များက ကြေညာ ခဲ့သေးသည်။ ထိုဒေသတွင် အစိုးရ အာဏာ သက်ရောက်မှု နည်းပါးနေပြီး တာလီဘန်နှင့် အယ်ကိုင်းဒါး ခေါင်းဆောင်များ ပုန်းခိုနေသည်ဟု ယူဆနေကြသည်။ အမည် မဖော်လိုသူ စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ဒုံးကျည် တစင်းသည် မာဆက်၏ ယောက္ခမ အက်ခါရာမက်ဒင် ၏ အိမ်ကို တည့်တည့် ထိမှန်ပြီး မာဆက်၏ ဇနီးနှစ်ယောက်မှ တစ်ယောက် အပါအဝင် လူ(၂)ဦးကို သေဆုံးစေခဲ့ကြောင်း ပြောကြားသွားသည်။

ဒုတိယ သေဆုံးသူမှာ မာဆက်နှင့် မည်သို့ တော်စပ်သည်ကို အသေးစိတ် သိရှိနိုင်ရန် ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း ပါကစ္စတန် ထောက်လှမ်းရေး တာဝန်ရှိသူ တစ်ဦးက ဖြည့်စွက် ပြောဆိုသည်။ အမေရိကန် သံရုံးကမူ ထိုကိစ္စအတွက် တစုံတရာ မှတ်ချက် မပေးသေးလို အိမ်ဖြူတော်ရှိ အမေရိကန် အစိုးရကလည်း ဒုံးကျည် တိုက်ခိုက်မှုအား အတည်ပြုချက် မပေးသေးပေ။

မာဆက်သည် တီရစ်ခ်အီ တာလီဘန် အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ယခင် သမတဟောင်း ဘနီဇာဘူတို ကို လုပ်ကြံမှုတွင် ကြိုးကိုင်ခဲ့သည်ဟု မသင်္ကာဖွယ် အခြေအနေ ရှိနေသလို အသေခံဗုံးခွဲမှု အတော်များများအတွက် ညွှန်ကြား ခိုင်းစေခဲ့သူ တဦးလည်း ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here