ကနေဒါ နိုင်ငံတွင် လေပြင်း တိုက်သဖြင့် စတိတ်ရှိုးပွဲ စင်ပြိုကျ

alt

ကနေဒါ နိုင်ငံတွင် ကျင်းပ ပြုလုပ်နေသည့် လေဟာပြင် စတိတ်ရှိုး တခုမှာ ပြင်းထန်သော လေတိုက်ခတ်မှုကြောင့် စင်ပြိုပြီး လူတဦး သေဆုံးသွားကြောင်း သိရှိရသည်။

Billy Currington တေးဂီတ အဖွဲ့မှ ဖျော်ဖြေရေး သမားတဦးသည် လက်မောင်းတွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီး အခြား (၁၄)ဦးလည်း ထိခိုက်မှုများ ရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ ကဆိုသည်။ ကျေးလက်ဂီတ ဖျော်ဖြေပွဲတခုကို အက်မွန်တန် အနီး ကင်မရိုးစ် တွင် ဩဂုတ်လ (၂)ရက် နေ့က ကျင်းပနေစဉ် ယခုကဲ့သို့ မတော်တဆမှု ပေါ်ပေါက် လာခြင်းဖြစ်သည်။

မိုးကြီးလေကြီး ကျလာမှုကြောင့် လာရောက် ကြည့်ရှုသည့် ပရိသတ် ထောင်ဂဏန်း မျှမှာလည်း ရွှဲရွှဲစိုနေခဲ့ပြီး စင်ကြီး ရုတ်တရက် ပြိုကျချိန်တွင် ထိတ်လန့်တကြား ဖြစ်ခဲ့ကြကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။ လေအလွန် တိုက်ပြီး စင်ကြီး ပြိုကျလာသည်နှင့် ၎င်းတို့လည်း ဆင်းပြေးခဲ့ကြောင်း Billy Currington အဖွဲ့သား ဒေါက်ကောလင်း ကဆိုသည်။ ပရိသတ် တဦးဖြစ်သူ မာရစ်မေအော်ရီဇက် ကလည်း စင်ပြိုရာမှ လွင့်ထွက်လာသည့် ကွန်ကရစ် အပိုင်းတခုက ၎င်း၏ ကျောကုန်းကို လာမှန်ခဲ့ကြောင်း CTV သတင်းဌာနသို့ ပြောကြားခဲ့သည်။

စင်ပြိုကျ ချိန်တွင် အမှောင် အတိကျသွားပြီး ရုတ်ရုတ်သည်းသည်း ဖြစ်ကုန်ကြောင်းလည်း မာရစ်က ဆိုသည်။ ထိုဖျော်ဖြေပွဲကို (၄)ရက်ကြာ ကျင်းပရန် စီစဉ်ထားပြီး နှစ်စဉ်နှစ်တိုင်း အက်မွန်တန် နှင့် (၄၅)မိုင် အကွာရှိ ကင်မရိုးစ် တွင် ပုံမှန် ပြုလုပ်လေ့ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here