ကွယ်လွန်သူ ဖိလစ်ပိုင် သမတဟောင်း၏ နောက်ဆုံးခရီး နှုတ်ဆက်ရန် ပြည်သူ ထောင်ပေါင်းများစွာ စုရုံး

alt

Yellow Lady ဟု တချိန်က နာမည်ကျော်ခဲ့သော ဖိလစ်ပိုင် သမတဟောင်း ကိုရာဇွန် အာကွီနိုအား နောက်ဆုံးအကြိမ် နှုတ်ဆက် ဂါရပြုရန် ပြည်သူ ထောင်ပေါင်း များစွာတို့ စုရုံးခဲ့ကြကြောင်း သိရှိရသည်။

အသက် (၇၆)နှစ်တွင် ကင်ဆာရောဂါဖြင့် အနိစ္စ ရောက်ခဲ့ရှာသည့် နာမည်ကျော် အမျိုးသမီးကြီးကို ထည့်သွင်းထားသော ခေါင်းတလား အား ဩဂုတ်လ (၃)ရက်နေ့၊ မနီလာမြို့ လမ်းမများတွင် သယ်ဆောင်လာစဉ် တလျှောက်လုံး ကြေကွဲ ဝမ်းနည်းနေသည့် ပြည်သူများက ဂါရဝပြု နှုတ်ဆက်ခဲ့ကြသည်။

အာကွီနို သည် ဩဂုတ်လ (၁)ရက်နေ့က ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီး (၅)ရက်နေ့တွင် မြေချမည် ဖြစ်သည်။ အာကွီနို၏ ခေါင်းတလားတွင် ဖိလစ်ပိုင် နိုင်ငံတော် အလံအား လွှမ်းခြံု ပေးထားပြီး လမ်းဘေး တဖက်တချက်ရှိ ပြည်သူများက အဝါရောင်ပန်းများ ကြဲဖြန့် ပေးခဲ့ကြသည်။

ထို့အပြင် လူ ထူထပ် များပြား လွန်းသောကြောင့် လမ်းပိတ်ဆို့မှု အချို့ ရှိခဲ့သော်လည်း ရဲတပ်ဖွဲ့များက ၎င်းတို့၏ ခေါင်းဆောင်ဟောင်း အား မြတ်နိုး ကြေကွဲစွာ လာရောက် နှုတ်ဆက်ကြသည့် ပြည်သူများကို တောင်းပန်ပြီး လမ်းရှင်း နိုင်ခဲ့သည်။ အမျိုးသမီး အမြောက်အမြားသည် လှိုက်လှိုက်လှဲလှဲ ငိုကြွေးခဲ့ကြပြီး အာကွီနို ၏ ကွယ်လွန်ခဲ့ပြီ ဖြစ်သော ဖခင်ကြီး ဘာနင်ဂို အာကွီနို ၏ ရုပ်တုရှေ့တွင် ဈာပန ယာဉ်တန်းမှာ ခဏမျှ ရပ်နားခဲ့ကြ သေးသည်။

ဖိလစ်ပိုင် အစိုးရက အာကွီနို ၏ ကွယ်လွန်မှုကို နိုင်ငံတော် ဈာပနအဖြစ် သတ်မှတ် ဂုဏ်ပြုခဲ့ပြီး သမတဟောင်းအား သူမ၏ ခင်ပွန်းသည်အား မြှုပ်နှံထားသည့် နေရာနှင့် ယှဉ်ပြီး မနီလာ အမှတ်တရ ဥယျာဉ် ပုဂ္ဂလိက သုဿန်တွင် မြှုပ်နှံရန် ပြင်ဆင်ထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here