ပင်လယ်ကွေ့ စစ်ပွဲအတွင်း ပျောက်ဆုံးခဲ့သည့် လေယာဉ်မှူး အလောင်းတွေ့ရှိ

alt

(၁၉၉၁)ခုနှစ်၊ ပင်လယ်ကွေ့ စစ်ပွဲအတွင်း လေယာဉ် ပျက်ကျရာမှ ပျောက်ဆုံး နေခဲ့သည့် အမေရိကန် ရေတပ် တိုက်လေယာဉ်မှ လေယာဉ်မှူး အလောင်းကို ပြန်လည် တွေ့ရှိခဲ့ပြီ ဖြစ်သည်။

မိုက်ကယ်စပေချာ သည် (၁၉၉၁) ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက် နေ့ည၊ ပင်လယ်ကွေ့ စစ်ပွဲတွင် အီရတ်နိုင်ငံ ကောင်းကင်ယံတွင် ပစ်ချ ခံခဲ့ရခြင်း ဖြစ်သည်။ ၎င်း မောင်းနှင်ခဲ့သော F-18 လေယာဉ်ကို နောက်ပိုင်းတွင် ရှာတွေ့ ခဲ့သော်လည်း စပေချာမှာ ပျောက်ခြင်းမလှ ပျောက်ဆုံး နေခဲ့သည်။

တိုက်ပွဲ ကာလအတွင်း စပေချာမှာ စစ်ပွဲ၏ ပထမဆုံး ကျဆုံးခဲ့သော အမေရိကန် စစ်သည်အဖြစ် ပန်တဂွန် စစ်ဌာနချုပ်က ကြေညာ ခဲ့သော်လည်း (၁၁)နှစ် အကြာတွင်မူ စပေချာအား ပျောက်ဆုံးနေသည်ဟု စာရင်းသွင်း ထားခဲ့ကြသည်။ ပင်တာဂွန်ရော၊ စပေချာ၏ မိသားစုကပါ လေယာဉ်မှူးသည် အဖမ်းခံ ထားရခြင်းသာဖြစ်ပြီး အီရတ်နိုင်ငံ အတွင်း သက်ရှိထင်ရှား ရှိနေမည်ဟု တစထက် တစ မျှော်လင့် လာကြသည်။

သို့သော်လည်း ဩဂုတ်လ (၂)ရက် နေ့ကမူ သတင်းအရ သဲကန္တာရ အတွင်း လှည့်လည် ရှာဖွေနေသည့် မရိန်းတပ်များ တွေ့ရှိလာသော အရိုးစုများမှာ စပေချာ ဖြစ်ကြောင်း ခိုင်မာ လာပြီးနောက် မိသားစု၏ မျှော်လင့်ချက်မှာ လုံးဝ ဆုံးရှုံးသွားပြီ ဖြစ်သည်။

အရိုး အစိတ်အပိုင်း အတော်များများကို မရိန်းစစ်သည် များက သဲများအောက်မှ တူးဖော် နိုင်ခဲ့ခြင်းဖြစ်သည်။ မေးရိုး နှင့် သွား နမူနာ စစ်ဆေးမှုများ အရ စပေချာသည် သဲများအောက်တွင် လူမသိသူမသိ နှစ်ပေါင်းများစွာ ကွယ်ပျောက် နေခြင်းဟု အတည်ပြု နိုင်ခဲ့သည်။ ယခုအခါ မရိန်းတပ်များသည် ၎င်းတို့၏ တိုက်ပွဲဝင် သူရဲကောင်းကို အမိမြေသို့ ပြန်ခေါ်တော့မည် ဖြစ်သည်။ အမေရိကန် စစ်တပ်က ကြေညာခဲ့မှု အရ ထိုစဉ်က စပေချာ၏ အလောင်းကို ကန္တာရပျော် ဘေဒိုအင် လူမျိုးများက တွေ့ရှိပြီးနောက် မြှုပ်နှံ ပေးခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ဘေဒိုအင် တို့နှင့် အတူရှိခဲ့သူ အီရတ်တဦးက လာရောက် အကြောင်းကြားသဖြင့် ရုပ်ကြွင်းအား ဖော်ထုတ်နိုင်ခြင်းဟု သိရှိရသည်။

အမေရိကန် သမတ ဘာရက်အိုဘားမား က အီရတ်အား သိမ်းပိုက်ပြီးချိန် ကတည်းက အမေရိကန်တပ်များ လိုက်လံ ရှာဖွေနေခဲ့ရသည့် သမိုင်းဝင် သူရဲကောင်းတဦးအား အမိမြေတွင် ထာဝရ နားခိုခွင့်ရရေး ကြိုးပမ်းပေးခဲ့သည့် မရိန်းများကို ကျေးဇူးတင်မိကြောင်း ကြေညာ သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here