အာဖဂန်ဗုံး ပေါက်ကွဲမှု ၁၂ဦးထက် မနည်းသေဆုံး

alt

အာဖဂန်နစ္စတန် နိုင်ငံတွင် ဩဂုတ်လ (၃)ရက် နေ့က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု တခုကြောင့် လူ(၁၂)ဦး ထက်မနည်း သေဆုံးသွားကြောင်း သိရှိရသည်။

ထိုနေ့ နံနက်ပိုင်းက နိုင်ငံ အနောက်ပိုင်းရှိ အချက်အခြာ မြို့တမြို့ဖြစ်သည့် ဟီရတ်ရှိ ရဲစခန်း အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ ရဲဌာနက ကြေညာသည်။ ရဲစခန်းကို ပစ်မှတ်ထားခဲ့သော ဗုံးဒဏ်ကြောင့် အနည်းဆုံး လူ(၂၉)ဦး ဒဏ်ရာများ ရရှိခဲ့ကြသည်။

ထို ဗုံးခွဲမှုသည် အမေရိကန် ဦးဆောင်သည့် ရွေးကောက်ပွဲများ ကျင်းပရန် (၃)ပါတ် အလိုတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အမှိုက်ပုံး တလုံးအတွင်း ထည့်သွားသည့် ဗုံးသည် ရဲကား(၂)စင်းကို မီးဟုန်းဟုန်းတောက် လောင်ကျွမ်းစေခဲ့ပြီး ထိုဗုံးကို အဝေးထိန်း ကိရိယာဖြင့် ဖောက်ခွဲခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲများက သုံးသပ်ခဲ့သည်။

သေဆုံး ခဲ့သူများအနက် ရဲအရာရှိနှစ်ဦး၊ ကျောင်းသူလေး တဦးနှင့် အမျိုးသမီး တဦးတို့ ပါသွားကြောင်း ရဲဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် နော်ခန်နစ်ဇက် ကဆိုသည်။ ဟီရတ်သည် အာဖဂန် အနောက်ပိုင်းရှိ မြို့ကြီး တမြို့ဖြစ်ပြီး သာမန်အားဖြင့် လူမျိုးရေး ပြဿနာများ မရှိဘဲ ငြိမ်းချမ်းသော မြို့တမြို့ဟု သတ်မှတ်နိုင်သည့်တိုင် အမေရိကန်တို့ ထိုးစစ်အရှိန် မြှင့်တင်လာချိန် မှစပြီး တာလီဘန် အကြမ်းဖက် သမားတို့၏ ပစ်မှတ်တခု အသွင်ဆောင် လာခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here