ငှက်ဖျားရောဂါ ကာကွယ်ရေး နည်းလမ်းသစ်

alt

ဥရောပရှိ ဆေးဘက်ဆိုင်ရာ ပညာရှင် အချို့တို့သည် ငါးကြင်းဆီဖြင့် ငါးကြင်း ကြော်နိုင်မည့် နည်းလမ်း တမျိုးကို တီထွင် လေ့လာနေကြောင်း သိရှိရသည်။

၎င်းတို့သည် ငှက်ဖျားရောဂါပိုး ကူးစက်စေသည့် ခြင်များအား ငှက်ဖျားရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည့် ပျံနေသော ဆေးထိုးအပ်များ ဖြစ်လာစေရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ ခြင်၏ ကိုယ်တွင်းသို့ ငှက်ဖျားရောဂါကို ခံနိုင်ရည် ရှိမည့် ဆေးဘက်ဝင် ကပ်ပါးများ ထည့်ပေးလိုက်ပြီး ထိုခြင်သည် လူတစ်ဦးဦးကို ကိုက်ခဲလိုက်ပါက ငှက်ဖျား ကာကွယ်ဆေးကို ဖြန့်ဖြူး ပြီးသား ဖြစ်သွားစေမည် ဖြစ်သည်။

ထို စမ်းသပ်ချက် အပြည့်အဝ အောင်မြင်ပါက ကမာ္ဘပေါ်တွင် ငှက်ဖျားရောဂါ အမြစ်ပြတ် သွားနိုင်ကြောင်း ဗြိတိန်မှ ဒေါက်တာကားလို့စ် ကင်းဘဲက ပြောကြားခဲ့သည်။ ၎င်းသည် ဥရောပဒေသ တက္ကသိုလ် အသီးသီးမှ ဆရာဝန်ကြီး အချို့အပြင် အမေရိကန်မှ ပညာရှင်များနှင့် ချိတ်ဆက်ကာ ယခု စီမံကိန်းကို အကောင်အထည် ဖော်နေသူဖြစ်သည်။

နယူးအင်္ဂလန် ဆေးပညာဂျာနယ်တွင် ဖော်ပြထားမှုအရ ပညာရှင်များသည် ခြင်၏ ခန္ဓာကိုယ်နှင့် သဟဇာတ လည်းဖြစ်မည့် အာနိသင် အပြည့်ဝဆုံး ငှက်ဖျား ဆန့်ကျင်ရေး ကပ်ပါးများကို ရွေးချယ် စီစစ်နေကြောင်း သိရှိရသည်။

လတ်တလောတွင် Chloroquine အမည်ရှိ ဆေးဝါးကို စမ်းသပ်နေပြီး ထိုဆေးကို ခြင်က သယ်ဆောင်ကာ လူကို ကိုက်လိုက်ပါက သွေးကြောများ အတွင်း ပြန့်နှံ့သွားပြီး ငှက်ဖျား ကာကွယ်ပြီးသား ဖြစ်သွားစေရန် မျှော်လင့်ထားကြောင်း ဒေါက်တာကင်းဘဲက အတည်ပြု ပြောကြား လိုက်သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here