နှစ်များစွာကြာ ပုန်အောင်းနေသည့် ပေါ်တူဂီ တရားခံပြေး ဖမ်းဆီးရမိ

alt

တောင်ပေါ် ဒေသများတွင် (၁၆)နှစ်ကြာ တိမ်းရှောင် ခိုအောင်းနေသော တရားခံပြေး တစ်ဦးကို ပေါ်တူဂီ ရဲတပ်ဖွဲ့က ဇူလိုင်လ (၂၉)ရက် နေ့တွင် ပြန်လည် ဖမ်းဆီးနိုင်ခဲ့သည်။

၎င်းသည် (၁၉၉၃)ခုနှစ် ကတည်းက လွတ်မြောက် သွားခြင်းဖြစ်ပြီး လှိုဏ်ဂူများ အတွင်း ပုန်းကွယ် နေခဲ့ခြင်း ဖြစ်သည်။ မုတ်ဆိတ်မွေး၊ ဆံပင် ထူလဗြစ်နှင့် ပိန်လှီ နေသော်လည်း ကျန်းမာရေး ကောင်းမွန်နေသည့် ယခင် လယ်သမားဟောင်း အား Cro-Magnon အမည်ရှိ စစ်ဆင်ရေး တခုဖြင့် ရဲများက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို လယ်သမားသည် အိမ်နီးချင်း တဦးနှင့် အချင်းများစဉ် လုပ်ငန်းသုံး ခက်ရင်းခွဖြင့် မတော်တဆ ထိုးမိရာမှ လူသေမှု ဖြစ်ပွားပြီး ထောင်(၁၀)နှစ် ကျခံ ခဲ့ရသည်။ သို့သော်လည်း ထောင်ထဲတွင် (၂)နှစ် ကြာပြီးနောက် ၎င်းသည် ထွက်ပြေး လွတ်မြောက်သွားပြီး တောင်တန်း ဒေသများတွင် ခိုအောင်း နေခဲ့သည်။ ဒေသခံများ ကမူ ခွေးတစ်ကောင်ကို အဖော်ပြုပြီး အနီးအနား ဂူများတွင် လှည့်လည် သွားလာနေသည့် အသက်(၅၄)နှစ် အရွယ် ပုဂ္ဂိုလ်အတွက် စိတ်မကောင်း ဖြစ်နေကြရသည်။

ထိုသူသည် လူအများနှင့် တွေ့သော်လည်း မည်သည့်အခါမှ အန္တရာယ် မပေးခဲ့ကြောင်း အနီးအနားမှ ရွာခံတဦးက ဆိုသည်။ ထို့အပြင် ကျေးရွာ အကြီးအကဲ ကလည်း ရွာသူ ရွာသားများ စုပေါင်း အကုန်အကျခံကာ ၎င်းအတွက် အတော်ဆုံး ရှေ့နေတဦး ငှားပေးရန် အသင့် ရှိနေကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြသည်။

ရဲများက ဒေသခံများသည် ထိုသူအား အစားအစာ ထောက်ပံ့ခြင်းနှင့် အသေးအမွှား အလုပ်လေးများ ခိုင်းစေပြီး ငွေကြေး ပေးကမ်းခြင်းများ ပြုလုပ်ခဲ့သော်လည်း ထိုသူ နေထိုင်ရာအရပ်ကို တစ်ဦးမျှ ထုတ်မပြောကြောင်း ဝန်ခံခဲ့သည်။ ရဲများက ၎င်းသည် ထောင်ဖောက် ပြေးမှုအတွက် ပြစ်ဒဏ် မတိုးလျှင်ပင် လက်ကျန် ထောင်ဒဏ် (၈)နှစ်ကိုမူ မလွဲမသွေ ကျခံရနိုင်ကြောင်း မှတ်ချက ်ပေးထားကြသည်။

ဒေသခံ သတင်းစာ တစောင်၏ အဆိုအရ ထိုသူသည် အဖမ်းခံရချိန်တွင် ၎င်း၏ ခွေးအတွက် အလွန်စိုးရိမ်ခဲ့ပြီး ထိုခွေးကို ခင်မင် ရင်းနှီးနေသည့် ရွာသားတဦးထံ ပေးခဲ့ခွင့်ပြုရန် ရဲများအား တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here