လွတ်မြောက်ရေး မုန်တိုင်းများ ၏ နိဒါန်း

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် (လှိုင်းဘွဲ့)

မကြာမီ ရောင်နီ လာတော့မည်၊ ကျောင်းသား ရဲဘော်များ၏ နှင်းမြူများကြားမှ ထွင်းဖေါက် ထွက်လာသော နံက်စောစော လေ့ကျင့်ရေးကွင်း ဆီမှ ညီညာစွာ အော်ဟစ်လိုက်သော “ဘာ .. စိတ်ဓါတ်လဲ? …. ခွပ်ဒေါင်း စိတ်ဓါတ်”

အသံများက တောင်နံရံ တဝိုက်ဆီ  ပဲ့တင်ခတ်၍ ဟိန်းနေလျှက်။

ကျနော့် ဘေးတွင်ရှိ ခွပ်ဒေါင်းစစ်သည် နှစ်ဦး၏ အသံများသည်လည်း အေးစက်စက် ဆောင်းလေတိုး၍ စကားပြောသံများ တိုးသွားလိုက် ကျယ်သွားလိုက် မီးပုံကို အာရုံပြုကာ ရှင်းပြ ဆွေးနွေးလျှက်၊ ကျနော့်မှာတော့ မနောမြေ တောင်တန်းများ၏ အအေးဒါဏ်ကို ကြံ့ကြံ့ခံလျှက် သူတို့ ပြောသမျှကို ကြံုးငုံ့၍ ရေးလျှက် မှတ်လျှက်၊ လက်များ ကတော့ ခဲသွားမလား လို့ပင် ထင်ရလောက်အောင် အေးစက် ထုံကျင် ခဲနေချေပြီ၊ သို့သော် သူတို့ပြောတဲ့ အရှိန်ကြောင့် ခန္ဓာကိုယ်မှ သွေးများက အရှိန်ပြင်းစွာ လည်ပတ်နေသည်၊ ကချင်ပြည်နယ်၊ မိုးညှင်းမြို့ သိမ်းတိုက်ပွဲသည် ထိုနေ့က လိုင်စင်ဒေသ ဥတ္တရနံနက်ခင်း ရေခဲများကို အရည်စက်လက် ပျော်ဝင်စေခဲ့သည်။

တိုက်ပွဲ အတွက် ကနဦးပိုင်း အခြေအနေ

မိုးညှင်း တိုက်ပွဲသည် ကျောင်းသား ပြည်သူအားနှင့် လက်နက်ကိုင် တော်လှန်ရေးကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့သဖြင့် လူထုတရပ်လုံး ထောက်ခံမှုရခဲ့သော အဖြစ်မှန် မြို့သိမ်းတိုက်ပွဲကြီး၊ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးကို န.ဝ.တ စစ်အုပ်စုက ရက်ရက်စက်စက် ဖြိုခွဲပြီးနောက် မိုးညှင်းမြို့ခံ လူထုများ၏ အနာဂတ် ရင်သွေးငယ်များ၊ အရေးတော်ပုံနှင့် ပါတ်သက်နေသော သူများအား ဖမ်းဆီးချုပ်နှောင် ထောင်သွင်း အကျဉ်းကျခံမူများမှ လွတ်မြောက်စေခဲ့သော တိုက်ပွဲကြီး ဖြစ်သဖြင့် မြန်မာ့သမိုင်းတွင် ကျောင်းသားတပ်မတော်၏ အရေးပါ အရာရောက်သော ကနဦး တိုက်ပွဲတပွဲ၊ ခွပ်ဒေါင်းတို့၏ လွတ်မြောက်ရေး တပ်လှန့်သံဟု ပြောလျှင် ရပေမည်၊ လက်နက်ကိုင် တော်လှန်ရေးနှင့် လူထု၊ ကျောင်းသားပေါင်းစပ်မှု အရှိန်ကြောင့် ထိုကျောင်းသား လူငယ်များ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြ ရသည်။

ထို တိုက်ပွဲထဲတွင် လူထုအားနှင့် ကျောင်းသားအား၊ လက်နက်ကိုင် အင်အားကို အထူးပေါင်းစပ် ပေးနိုင်ခဲ့သူများမှာ ကျောင်းသားတပ်မတော်မှ ဗိုလ်ပီတာ၊ ဗိုလ်ဦးဝင်း၊ ဗိုလ်ဇော်ဦး၊ ဗိုလ်ထွန်းလွင်တို့ ဖြစ်ကြသည်၊ ဗိုလ်ဇော်ဦးသည် ရှမ်းပြည်တောင်ပိုင်း တောတွင်းတနေရာ၌ တိုက်ပွဲတွင် ကျဆုံး သွားခဲ့သူတဦး ဖြစ်ပြီး ဗိုလ်ပီတာသည် ၁၉၉၄-မေလခန့်က ဖားကန့်ဒေသ၌ ရန်သူ့ လက်ချက်နှင့် အသက်စွန့် သွားသူဖြစ်သည်၊ ဗိုလ်ဦးဝင်းသည် ကေအိုင်အို အခြေစိုက် လိုင်ဇာဒေသ နောင်လာပါ စခန်းတွင် ငှက်ဖျားရောဂါဖြင့် ၁၉၉၆တွင် ကွယ်လွန်ခဲ့၍ သူ၏ ရုပ်ကလပ်သည် ထိုစခန်း၌ ငြိမ်းချမ်းစွာ လှဲလျောင်းလျှက်၊ ဗိုလ်စိန်အေး (အတွင်းရေးမှူး ကျောင်းသားတပ်မတော်) မြောက်ပိုင်းသည် ၁၉၉၈တွင် နယ်စပ်တနေရာ၌ အဖမ်းဆီးခံခဲ့ရပြီး ယခုအခါ သရက် အကျဉ်းထောင်တွင် ၁၇-နှစ် ချုပ်နှောင်ထားခြင်းကို ခံနေရသူတဦး ဖြစ်သည်၊ ၁၉၈၈ မှ ယခုတိုင် ဒီမိုကရေစီ လွတ်မြောက်ရေး တိုက်ပွဲများ အတွက် မြောက်ပိုင်း ကျောင်းသားရဲဘော်များက အယောက် တရာကျော် တိုင်းပြည်အတွက် အသက်ပေးလှူ သွားခဲ့ကြသည်။

ယခင် ကာလများ၌ မိုးညှင်း၊ နမ္မား၊ မော်လူး၊ မော်ဟန် ထိုဒေသတွင် ရှမ်းနီ အများစုနေသော ဒေသများသို့ ကေအိုင်အိုသည် အနီးသို့ပင် ခြေချခွင့် မရနိုင်ခဲ့ချေ၊ အဘယ့်ကြောင့် ဆိုသော် အတိတ် သမိုင်းများတွင် ရှမ်းနီ နှင့် ကေအိုင်အို တို့ကြီးစွာ ပဋိပက္ခ ဖြစ်ခဲ့ကြ၍ လူမျိုးစုခြင်း သွေးချောင်းစီး တိုက်ခိုက်ခဲ့ကြဖူးသည်၊ သို့သော် မိုးညှင်းတိုက်ပွဲ ပြီးဆုံးသွား ပြီးနောက် ထိုဒေသမှ လူထုတရပ်လုံး၏ လေးစားချစ်ခင် ယုံကြည်မှုကို ကေအိုင်အိုမှ ရရှိလိုက်သည်၊ ယနေ့ လူထုတရပ်လုံး၏ လိုလားချက်များကို ဖြည့်ဆည်းပေးရန် လက်နက်ကိုင် တော်လှန်ရေး အင်အားစုများက သင်ခန်းစာယူ၍ ရှေ့သို့ တဟုန်ထိုးတက်ရန် လိုအပ်လာသည့် အချိန် ကျရောက် နေခဲ့ချေပြီ။ လက်နက် ကိုင်တော်လှန်ရေးနှင့် လူထု၊ ကျောင်းသား ပူးပေါင်းဆောင်ရွက်မှု အရှိန်သည် ကြီးစွ။

ယနေ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့့ အစည်းတချို့၏ လက်နက်များသည် န.အ.ဖ ၏ မက်လုံးပေးမှုများ အောက်တွင် အရည်ပျော်လျှက် ရှိနေကြသည်၊ သူတို့သည် သူတို့၏ တကိုယ်ရေ အကျိုးစီးပွားကြောင့် လူထုနှင့် တော်လှန်ရေးကို ကျောခိုင်းနေကြပြီ၊ နေကြတော့မည်၊ ထို့ကြောင့် စစ်ဖိနပ်အောက်၌် ဖိနှိပ်မှုများစွာ ဆက်၍ ဆက်၍ ဖြစ်ပေါ်လျှက် ရှိနေသည်၊ လူထု အကျိုးကို လိုလားသော လူမျိုးစု လက်နက်ကိုင် အင်အားစုများမှ ရဲဘော်များ၏ လက်များသည်လည်း သေနတ်မောင်း ခလုပ်ထဲ၌ လက်ညှိူး ထည့်လျှက်၊ လက်နက်ကိုင် တော်လှန်ရေးနှင့် လူထုတိုက်ပွဲ စနစ်တကျ ပေါင်းစပ်နိုင်မည့် အချိန် ကျရောက် လာလျှင်ဖြင့် ရန်သူသည် များကြာမှီ ကသောကမျှော ပြေးကြရတော့မည်ကို ဤ မိုးညှင်းတိုက်ပွဲက ပြယုဒ်အဖြစ် သက်သေပြုလျှက် ရှိနေတော့သည်။

ထိုတိုက်ပွဲ အတွက် ကျနော်အသိချင်ဆုံး အရာသည်ကား ထိုသုံးခု ………

  • မိုးညှင်းမြို့၏ ပထဝီဝင် အနေထား၊
  • ကေအိုင်အို ၏ စစ်ဆင်ရေးဗျူဟာ ရေးဆွဲမှု၊
  • ကျောင်းသား ပြည်သူများ၏ အားထုတ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု မှန်းချေ ပေါ့လေ ….

မိုးညှင်းမြို့၏ ပထဝီဝင် အနေအထား

မိုးညှင်းမြို့၏ အရှေ့ဘက်တွင် ကြီးမားသော တောင်ကြီးက မားမားမတ်မတ် ထိုးထိုးထောင်ထောင်၊ စိမ်းစိမ်းညှို့ညှို့ မှုံမှိုင်းလျှက်၊ လယ်ကွက်တချို့က တောင်ခြေနှင့်ထိစပ် ယှက်နွယ်လျှက်၊ လူနေ ရပ်ကွက်တချို့က တောင်ခြေကို ဦးခိုက်လျှက်၊ ထိုတောင်ခြေနှင့် ကပ်လျှက် ရပ်ကွက်များ ဖြစ်သော အောင်သပြေ၊ အရှေ့စု၊ မိုးတားစု တို့ တည်ရှိကြသည်၊ ထိုမှတဆင့် ဆင်းလာလျှင် ကားလမ်းမကြီးက တောင်မြောက် သွယ်တန်းလျှက်၊ မြောက်ဘက်သို့ ယွန်းသော် မြစ်ကြီးနား၊ တောင်ဘက်တွင် မန္တလေး၊ ထိုမှ အနောက်ဘက်သို့ ဦးတည်လျှင် သာယာလှပသော နမ့်ရင်း ချောင်းကြီးက မိုးညှင်းမြို့ကြီးကို ရစ်ခွေပတ်ကာ စီးဆင်းလျှက်။ ထို နမ့်ရင်းချောင်းပေါ်၌ ကြိုးတံတား၊ အုတ်ကျင်းတံတား၊ သံတံတား၊ နောင်စွန်းတံတား တို့ ဖြတ်သန်းလျှက်ရှိသည်၊ ထိုမှ အနောက်လွန်လျှင် မန္တလေး၊ မြစ်ကြီးနား သံလမ်းကြီးက ဖြောင့်တန်းစွာ မြို့အလယ်၌ အိပ်စက်သလို လဲလျောင်းလျှက်၊ ထို မိုးညှင်းဘူတာ ဘေးတွင် ရှေတန်း တပ်ရင်းရုံးက ကပ်လျှက်တည်ရှိပြီး မိုးညှင်းတောင်ဘက်တွင် တပ်ရင်း(၁၅)က မဲပုတ်ပုတ် တစ္ဆေတကောင်လို ဝပ်တွားတည်ရှိလျှက် ရှိနေသည်။

ကချင်ပြည်နယ်၌ လွင်ပြင်ကြီး သုံးခုရှိသည်၊ ကောက်ကွေ့ လွင်ပြင်၊ နမ့်ရင်း လွင်ပြင်၊ ဟူးကောင်း ချိုင့်ဝှမ်းလွင်ပြင် တို့ဖြစ်ကြသည်၊ ထိုထဲမှ နမ့်ရင်း လွင်ပြင်သည် ကချင်ပြည်နယ် တခုလုံး သာမက အထက်မြန်မာပြည် တပြည်လုံးကိုပင် ကျွေးမွေး သုတ်သင်နေသလို ရှိလျက်နေသည်၊ နမ့်ရင်း လွင်ပြင်ပေါ်၌ မိုးညှင်းမြို့က ထီးထီးမားမား တည်ရှိနေသည်၊ မိုးညှင်းဒေသရှိ လူထုတရပ်လုံးသည် လယ်ယာဖြင့် အသက်မွေး ဝမ်းကြောင်း ပြုကြသည်၊ သူတို့သည် ရိုးသားသော တောင်သူလယ်သမား ရှမ်းလူထုများ ဖြစ်ကြပြီး အဖိနှိပ်ခံ စနစ်ဆိုးကြောင့် စစ်အုပ်စုကို တူးတူးခါးခါး ရွံရှာ မုန်းတီးကြသည်၊ မိုးညှင်းမြိုနယ် ထဲ၌ မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်သော အင်းတော်ကြီး အိုင်သည် လှပစွာ ငြိမ်ဝပ်စွာ တည်ရှိနေပြီး ထိုအိုင်မှာ မြန်မာနိုင်ငံတွင် အကြီးဆုံး ရေအိုင်ကြီးဖြစ်ကာ ရေအိုင်အလယ်၌ အင်းတော်ကြီး ရွှေမဥ္ဇူဘုရား ကလည်း သပ္ပါယ်စွာ တည်ရှိနေသည်၊ ဗုဒ္ဓဘာသာဝင် တောင်သူများ တည်ရှိသောမြို့ ဖြစ်သဖြင့် အေးချမ်းသော လုပ်ငန်းများဖြင့် ငြိမ်းငြိမ်းချမ်းချမ်း လုပ်ကိုင် စားသောက်သော လူထုများ ဖြစ်ကြသည်၊ လယ်ယာလုပ်ငန်းမှ ရရှိလာသော သူတို့၏ အရင်းအမြစ် ချွွေးနဲစာများသည် လှူရေးတန်းရေးသာ ဖြစ်ကြသည်။

လယ်ယာ လုပ်ငန်းပြီးစီးလျှင် ကျောင်းကန် ဘုရားသွားကြမည်။ လူငယ်များက ဖါးကန့် ကျောက်စိမ်း မှော်ထဲသို့ သွားကြသည်။ ထိုဒေသရှိ တောင်သူ လယ်သမားများ အပေါ် စစ်အုပ်စု၏ ဗိုလ်ကျ ဖိနှိပ်ဂုတ်သွေးစုပ်မှုများက ရှစ်လုံးလေး အရေးတော်ပုံကြီးတွင် တက်ကြွစွာ ပါဝင်လာစေရန် မီးပွားကြီးတခု ဖြစ်စေခဲ့သည်။ ဤသို့ဖြင့် ထိုသမိုင်းဝင် အရေးတော်ပုံကြီးတွင် မိုးညှင်း လူထုတရပ်လုံးမှ လေထဲမိုးထဲ ရေထဲ၌ ဒီမိုကရေစီကို ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြသည်၊ မြန်တပြည်လုံး လူထုတရပ်လုံး၏ တောင်းဆိုမှုများနှင့် တထပ်တည်း တသားတည်း ကျခဲ့သည်၊ ၁၉၈၈ စက်တင်ဘာလတွင် စစ်အုပ်စုက အာဏာသိမ်း လိုက်သည်၊ အာဏာသိမ်းပြီး မိုးညှင်းကျောင်းသား ကျောင်းသူ များက ဇွဲမလျှော့သေး၊ မကြောက်တမ်း ဆက်လုပ်ကြ ပြန်သည်။ ထိုသို့ ဆက်လုပ်သည့် ကျောင်းသား ကျောင်းသူများ အယောက် နှစ်ဆယ်ခန့်အား န.ဝ.တ က ဖမ်းချုပ်ပြီး မိုးညှင်း ရဲစခန်းသို့ ဂုတ်ဆွဲ၊ ရိုက်နှက်၍ ပို့လိုက်ကြသည်၊ ထို ကျောင်းသားများအား ဖမ်းဆီးထားမှုသည် မိုးညှင်းမြို့ လူထု တရပ်လုံးအား စိတ်နှလုံးဝမ်း ပူပန်သောက ရောက်စေခဲ့သော အဖြစ်ဆိုးကြီးပင် မဟုတ်ပါလား။

ကေအိုင်အို ၏ စစ်ဆင်ရေးဗျူဟာ

မိုးညှင်းမြို့ ၏ ပထဝီ တည်ရှိမှုကို အခြေခံ၍ ကေအိုင်အိုက ဗျူဟာဆွဲသည်၊ အဓိကကျသည့် အရေးကြီး စဉ်းစားရမည့် အချက်တွင် ကျောင်းသားပြည်သူ ပူးပေါင်း ဆောင်ရွက်ရေး ဖြစ်သည်၊ ရန်သူက အရှေ့၊ အနောက်၊ တောင်၊ မြောက်ဘက် အဘက်ဘက်မှ ဝင်ရောက် လာနိုင်သည်၊ ထိုနေရာများကို အဖွဲ့များစွာ ဖွဲ့၍ ပိတ် ရမည်၊ ဆို့ ရမည်၊ ကာ ရမည်၊ တိုက် ရမည်၊ စီမံချက်သည် လုံးဝ အသေးစိတ်ကျမှ ဖြစ်မည်၊ ထို့အတွက် ကျောင်းသားပြည်သူများ၏ အင်အားများစွာ၏ စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်မှု လိုလာသည်၊ စစ်အောင်နိုင်ရကြောင်း အခြေခံ အချက်များစွာထဲတွင် လူထုတရပ်လုံး၏ ပူးပေါင်းပါဝင် ဆောင်ရွက်ချက် များကပို၍ အရေးကြီးသည်၊ မြောက်ဘက်ရှိ စစ်ဌာနချုပ်များရှိရာ မြစ်ကြီးနားဘက်မှ ရန်သူကိုလည်း ဂရုစိုက်ရမည်၊ တောင်ဘက်က ခ.လ.ရ(၁၅) က ကိုလည်း အပြတ်တွယ်ကာ ဖိထားမှ ရမည်၊ မိုညှင်းမြို့ကို ပတ်ခွေ စီးဆင်းနေသည့် နမ့်ရင်းချောင်း အနောက်ဘက် တဖက်ကမ်းမှ ဝင်လာနိုင်သည့် ရန်သူများကိုလည်း အလေးထားရမည်၊ ဘူတာနှင့် ကပ်လျှက်ရှိသော ရှေတန်းရုံးက ကောင်တွေကိုလည်း အသေးစိတ်ကြည့် မျက်ခြေမပြတ် နေမှရမည်၊ မြို့တွင်း ရန်သူ၏အုပ်ချုပ်ရေး ယန္တရားမှန်သမျှ အကုန်လုံး အစုံ ဂရုစိုက်ရတော့မည်၊ ဤနေရာ၌ တိုက်ပွဲ၏ မြောက်ပိုင်းကျောင်းသားများ အခန်းကဏ္ဏက ပို၍ အရေးကြီးလာသည်။

ဖမ်းဆီးခံ ကျောင်းသားများကို ကယ်ထုတ်ရန် ကြိုတင်ကြိုးပမ်း အားထုတ်မှုများ။

ကျောင်းသားများအား ကယ်ထုတ်ရန် ကိုထွန်းလွင်၊ ကိုသံချောင်း၊ ကိုကျော်ကျော် နှင့် ကိုအောင်ကြီး၊ ကိုမင်းဌေး (ရမ်ဘို-၄ ဇါတ်ကားမှ ဗိုလ်မှူးမောင်မောင်ခင်) တို့က ပထမ စောလျင်စွာ ကေအိုင်အို ဗဟိုနှင့် လိုင်စင်ဒေသ၌ တွေ့ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ ကိုထွန်းလွင် က မိုးညှင်းသို့ကြို၍ ဆင်းသွားသည်၊ ကေအိုင်အို အရာရှိတဦးနှင့် ကျနော်က မြို့တွင်းသို့ ရန်သူ့အခြေအနေကို သွားထောက်လှမ်း လေ့လာသည်၊ တပ်ရင်း၁၅ အခြေအနေကို ဘက်ပေါင်းစုံ လေ့လာသည်၊ မိုးညှင်း ဘူတာအနီးရှိ ရန်သူအင်အားကို တွက်ဆသည်။ ထိုစဉ်က ရှေ့တန်းရုံးအနားသို့ ညနေပိုင်း ကျနော်တို့ ရောက်သွားတော့ တန်းစီချိန် ဖြစ်သဖြင့် လူစေ့တက်စေ့ကို မြင်လိုက်ရပြီ။ ရန်သူအဝင် အထွက် လမ်းကြောင်းများကို လေ့လာသည်၊ မိုးညှင်း ပြည်သူ့စစ်များနှင့် စီမံကိန်း အသေးစိတ်ကို ဒူးတိုက် ဆွေးနွေးသည်၊ အချိန်တို ကာလအတွင်း ကျိုးပမ်းအား ထုတ်သော်လည်း ရန်သူ၏ဘက်ပေါင်းစုံ အခြေအနေများကို ခြံုငုံ ကျေနပ်လောက်စွာ လေ့လာမိသည်၊ ဗိုလ်ပီတာ၊ ဗိုလ်ဦးဝင်း၊ ဗိုလ်ဇော်ဦးတို့ လိုင်စင် ကျောင်းသားဗဟိုမှ ဆင်းလာကြဦးမည်။

တာဝန် ခွဲဝေခြင်း။

ခလရ (၁၅)ကို တွယ်မည်၊ ဗျူဟာတော့ ဆွဲပြီးသွားပြီ၊ သဲမြေပုံများနှင့် တာဝန် ခွဲဝေကြသည်၊ မြို့တွင်းသို့ ဒူကဘာ လဆန်အောင်ဝါ တာဝန်ယူမည်၊ တပ်ရင်း၁၅ကို ဒူကဘာ ဇော်တူးက တွယ်မည်၊ မြစ်ကြီးနား၊ မိုးကောင်းမှ မီးရထားဖြင့်လာနိုင်မည့် ရန်သူကို ပိတ်ဆို့ ဖြတ်တောက်ရန် တာဝန်ကို ဗိုလ်ဦးဝင်းနှင့် ဗိုလ်ဇော်ဦးက တာဝန်ယူကြမည်၊ မြို့တွင်း နမ့်ရင်းချောင်း အနောက်ဘက်ကမ်း ရှေ့တန်းရုံးမှ ဝင်လာနိုင်သော ရန်သူများကို ဗိုလ်ထွန်းလွင်က တာဝန်ယူကြမည်၊ အချုပ်စခန်းသို့ ဝင်စီး ထိုးဖေါက်ရေးနှင့် ကျောင်းသား ကျောင်းသားများအား ကယ်ထုတ်ရေး တာဝန်ကို ဗိုလ်ပီတာက တာဝန် ယူမည်၊ ဗိုလ်စိန်အေးက မျက်စိမကောင်း၍ ဗျူဟာကုန်း၌သာ ကျန်နေရစ်တော့သည်။ ဒီ… မိုးညှင်းမြို့ ဝင်စီးသည့် တိုက်ပွဲသည် ကျောင်းသားတပ်မတော် သမိုင်းတွင် အစောဆုံး သေနတ်ပေါက်ခဲ့သည့် တိုက်ပွဲကို မြန်မာပြည် မြောက်ဖျားက ဒေါင်းများက မနောမြေတွင် ၁၉၈၉ခုနှစ် ဖေဖေါ်ရီလ လည်ပိုင်းတွင် သမိုင်းကမ္ဗည်း ရေးထိုးကြတော့မည် ……. ။

စစ်ပြင်ခြင်း။

အချိန်က ညမှောင်ပြီ။ ။ မြို့ကို ကပ်တော့မည်၊ ဆောင်းတွင်း အအေးဓါတ်က ကျနော်တို့ကို နှိပ်စက်လျှက် ရှိသည်၊ ရဲဘော်များက ခုန်ဆွ ခုန်ဆွ ဖြစ်နေသည်၊ ကျနော်သည်လည်း အိမ်မှပါလာသည့် အင်္ကျ ီအပါးလေးဖြင့် အချမ်းဒါဏ်ကို ခုခံ ကာကွယ်လျှက်။ ငါတို့ ကျောင်းသားတွေ အရေးက ပိုအရေးကြီးသည်ဟု စိတ်ထဲတွင် တင်းကာ အအေးဒါဏ်အား စိတ်ဖြင့်ကာလျှက်၊ ကေအိုင်အို ရဲဘော်များ၏ သေနတ် မောင်းထိုးသံများ ဂျောက်ဂျက် ဂျောက်ဂျက် ကြားနေရသည်၊ လူ စစ်ဆေးနေသံ များနှင့် စိတ်ထဲမှာတော့ ဂယောက်ဂယက် ဒီကောင်တွေ အရေးတော်ပုံကိုလည်း ဖြိုခွဲသည်၊ ငါတို့ ဘာသာဝင် မန္တလေးဘုန်းကြီးတွေကို ပစ်သတ်သည်၊ ငါတို့ ပြည်သူ စစ်ကိုင်းလူထုကိုလည်း ပစ်သတ် မြစ်ထဲ မျှောချသည်၊ ငါတို့ ကျောင်းသား များကိုလည်း ဖမ်းဆီးထားသည်၊ အို….ဒီဒေသတွင်း ကြားရသမျှ ဘာမှ မတရား၊ ကျား နှင့် ဆင် လယ်ပြင်မှာ တွေ့ကြတော့မည်၊ အာဏာသိမ်း စစ်ဘီလူး စောမောင်ရေ …….. ! နိုင်တုန်း လုပ်ထားကွလို့သာ စိတ်ထဲက တေးနေမိသည်။

ချရတော့မည် ဆိုသည့် အသိက ရင်ထဲသို့ ဆောင့်တက် လာသည့်နှယ် ဒိန်းတလိန်း နတ်ပူးသလို တလှိမ့်လှိမ့် တက်လာနေသည်။ ဆူနာမီ ရေလှိုင်း ထက်ပင်လျှင် အဆထောင်သောင်း ကြီးမားနိုင်သည်၊ ဒီကောင်တွေကို ချမှရတော့မည်ဟု စိတ်ကူး အတွေးဝေစီလျှက်၊ တပ်ရင်း (၁၅)ကို ည လင်းအားကြီး နှစ်နာရီတွင် တိုက်မည်၊ သတ်မှတ်ထားသော အချိန်ရောက်ရန် ကျနော်သည် စိတ်စောလျှက်၊ စိတ်မောလျှက်၊ စောင့်ရသည့် အလုပ်သည် ကမာ္ဘမှာ အပင်ပမ်းဆုံး အလုပ် ဖြစ်သည့်အတွက် ကျနော်က မချင့်မရဲ ဖြစ်နေမိသည်၊ ကျနော်၏ စိတ်အရှိန်သည် အထွတ်အထိပ် အဖျားသို့ ရောက်လျှက်။ နှစ်နာရီတွင် ချတော့မည် ထိုးပါတော့ ဒီနှစ်နာရီဟု “တ”နေမိသည်၊ ဒီတင်ပဲ နှစ်နာရီ ထိုးပြီ ဝင်တော့ဟု စက်မှ ပြောလာသည်နှင့် ချရတော့မည် ဟူသော စိတ်အလျင် နှင့်အတူ မြို့အတွင်းသို့ အရှိန်ဖြင့် ပြေးဝင်မိသည်၊ ထိုစိတ်အလျင်၏ ရိုက်ခတ်လာသဖြင့် ဝမ်းသာ ကြည်နူးစိတ်များကြောင့် ကျနော်၏ ပါးပြင်ပေါ်သို့ မျက်ရည်များ သူ့အလိုလို ကျဆင်း လာတော့သည်၊ ထိုစဉ် မြို့အနီးသို့ ကပ်၍ဝင်ေရောက်နေသော ကျနော်တို့ တပ်ဖွဲ့ကို ဆုတ်ပါ ဆုတ်ပါ ဟု ပြောလိုက်သံကြီးက နားထဲသို့ သံရေပူနှင့် လောင်းချ နေသကဲ့သို့ ဖိစီးဝင်လာသလို အသံတွေ ဘလောင်းဆူလျှက်၊ သေနတ်ဖျားတွင် တပ်ထားသော ချွန်မြနေသော ဘက်နက် ကို “မင်း” ဖြုတ်သိမ်း လိုက်ပါဟု ပြောဆိုနေ သကဲ့သို့၊ သို့လော သို့လော … စစ်ဆိုသည်မှာ မထင်မှတ်သော အဖျက်အမှောက် အရာများက ဝင်ရောက် လာတတ်သည်၊ ဆုတ်ပါဟု ပြောခြင်းကို မကျေနပ်နိုင်၍ ဘေးဘီကြည့်လိုက်တော့လဲ အားလုံးက နေမြဲ။

မြို့တွင်းသို့ ဝင်ရောက် ထိုးဖေါက်တိုက်ခိုက် စီးနင်းခြင်း။

ထိုစဉ် လက်နက်ကြီးသံ အုန်း … ဂျိန်း ….ဆိုသည့် အသံများ တပ်ရင်း ၁၅ဖက်က ကြားလိုက်ရသည်။ ဂျီသရီး အသံ၏ ဒုတ်…ဒုတ်…ဒုတ် ဟု အသံများက ဖေါက်ထွက် လာသည်။ အေကေ ၄၇ အသံများက လည်း ကျွွက်ကျွက်ဆူ လာသည်၊ လက်နက်ကြီးကျသံ၊ သေနတ်ပေါက်သံများက မိုးညှင်းမြို့၏ မနက်ဦးယံကို လှုပ်ခါ နိုးထစေသည်၊ မြောက်ပြန်လေနှင့် အတူသယ်လာသော ကာဘိုက်ယမ်းနံ့က ကျနော်၏ စစ်သွေးစစ်မာန်ကို ဒိုင်းကနဲ ဆောင့်တက် လှုံ့ဆော် လာစေသည်၊ ကျနော်တို့ မြို့ဝင်မည့် တပ်ဖွဲ့သည်လည်း နော်မန်ဒီ ကမ်းခြေသို့ တက်၍ထိုးသော စစ်သည်များလို တရှိန်ထိုး တိုး၍ မြို့တွင်းသို့ တဟုန်ထိုး တိုး၍ ဝင်ကြလေပြီ။

မိုးညှင်းမြို့ မြောက်ဖက်တွင် ဗိုလ်ဇော်ဦးနှင့် ဗိုလ်ဦးဝင်း ဦးဆောင်သည့် အဖွဲ့က ရန်ကင်း တံတားကိုလည်း ဖေါက်ခွဲကုန်ပြီ။ အားလုံး တိုင်ပင်ကိုက် လှုပ်ရှားကြပြီး၊ ဝုန်း … ဂျိန်း။ ဒုတ်…ဒုတ်….ဒုတ်….ဒုတ် အသံများက ဆူကျွတ်နေဆဲ။ တောင်ဖက်၊ မြောက်ဖက်၊ အရှေ့ဖက် အနှံ့သေနတ် ပေါက်ကုန်ကြလေပြီ။ အောင်သပြေ၊ နတ်ကြီးကုန်း လမ်းကြောင်းအတိုင်း ကျနော်က နမ့်ရင်းချောင်းဘက်သို့ ဦးတည်နေသည်၊ ကျနော်နှင့်အတူ ကေအိုင်အို စစ်ကြောင်းသည် လိုက်ပါလျှက်။ ချောင်းဘက်မှ ဝင်လာနိုင်မည် ဖြစ်သော ရန်သူများတွင် သာမက ဘူတာဘေး၌ ရှိသော ရှေ့တန်းရုံး စစ်ခွေးများ ကိုလည်း ကျနော်တို့ တာဝန်ယူထားရသည်၊ ကျနော်၏ တာဝန်ကလည်း အရေးကြီးနေသည်၊ မြို့ထဲမှလျှံကျ လာနိုင်သည့် ရန်သူ၊ မြို့တွင်းရန်သူ ဝင်လာနိုင်သည့် လမ်းများကို ကျနော်က ပိတ်ဆို့ရလေပြီ။ ရန်သူ့ သေနတ် မိုးပေါ်ထောင်ဖေါက်သံများက တမြို့လုံး ဆူညံလျှက် ရှိနေသည်။

သေနတ် ကျည်ဆံများ၏ မီးရောင်များကလည်း တလက်လက် တဖိတ်ဖိတ် ထွက်လျှက်ရှိသည်၊ ကျနော်တို့ ရဲဘော်ရဲဘက်များ၏ အမ်၂၂ အမျိုးအစား သေနတ် သုံးလက်၏ မီးရောင်အရှိန်များသည်လည်း ကားမီးထွန်းသည့် ပမာ အရောင်များက ဖွေးဖွေးလှုပ်လျှက်၊ ကျနော်သည် ထိုနေရာမှ မြို့အဝင် ကြိုးတံတား ရှိရာသို့ ဖေါက်ထွက်သွားရသည်၊ ထိုနေရာ ရောက်သည်နှင့် ကျနော်၏ တပ်စုကို ကမန်းကတန်း နေရာချရ ပြန်သည်၊ ပြီးလျှင် သံတံတား ရှိရာဘက်ဆီသို့ အပြေးအလွှား သွားပြီး ထိုနေရာမှ ခုခံနေသော ရန်သူကို ကျနော်တို့ သွား၍ ဖြိုခွင်း ရပြန်သည်၊ ရန်သူက ကြောက်လန့်တကြား ဆုတ်ခွာသော်လည်း ကာပစ်တော့ ပစ်နေသေးသည်၊ ရန်သူဆုတ်ခွာသည့် သတင်းကို ကြိုးတံတားရှိရာ ကျနော်၏ မဟာမိတ်များဘက်သို့ ထို သတင်းပေးပို့ရန် သွားရပြန်သည်။ ရပ် … ဘယ်သူလဲ ! ဘယ်သူလဲ ! ဟု မေးသံကြား လိုက်ရသည်၊ ကျနော်၏ ရဲဘော်က ကချင်လို ပြောလိုက်သဖြင့် ကျနော့်တို့ကို စပစ်တော့သည်၊ ဟိုက် !! ဟုသာ အော်နိုင်သည် အလျှင်အမြန် ဝပ်လိုက်ရသည်၊ အကွာအဝေး သည်ကား ကိုက် ၁ဝကိုက် မျှသာ။ ရန်သူက ကြောက်ကြောက်နှင့် ပစ်၍သာ ကျနော့်နှင့် ရဲဘော်များကို မထိခြင်းပင်။ ကျနော်က လှိမ့်၍ လှိမ့်၍ ကျည်ကွယ်ရာ နေရာယူသည်၊ စိတ်ထဲတွင် လက်ပစ်ဗုံးနှင့် ပစ်ခွဲရန် ကြံစည်မိသော်လည်း အခြေအနေက မပေးလိုက်။

တိုက်ပွဲဖြစ်စဉ်များ သည်ကား ရူပ်ထွေးလျှက် ရှိနေသည်။ ရန်သူပစ်သော သေနတ်မီးရောင်များက ဖွာကနဲ ဖွာကနဲ ရဲကနဲ ရဲကနဲ ထွက်လာနေသည်၊ ကျနော်က မြို့လည် ဘူတာရုံအနီး ရှေ့တန်းရုံးမှ အန်ထွက် လာနိုင်မည့် ရန်သူ မှန်သမျှကို ပိတ်ဆို့ကာဆီး ပစ်ရှင်း ရှင်းနေရသည်၊ သေနတ်သံများကလည်း အဝီဇိငရဲ ပွက်ပွက်ဆူ နေသကဲ့သို့ ဖြစ်နေသည်၊ အသံကိုမြှင့်လျှက် လက်သီးကိုဆုပ်ကာ … ယော်အေ့ …. ယော်(ကချင််စကားဖြင့်) (ချဟေ့ … ချကွ)ဟု ကျနော်သည် ဟစ်ကြွေးလျှက် ရှိနေသည်၊ အနောက်ဘက် သံတံတားဘက်မှ ရန်သူပစ်လိုက်သည့် ကျည်ဆံ မီးကျည်များသည် ကျနော်တို့ ဘက်ရှိရာသို့ တန်းကနဲ တန်းကနဲ ကျလာပြန်သည်၊ ကျနော်တို့ မဟာမိတ်ကလည်း ရဲရဲတင်းတင်း လမ်းမပေါ်၏ စက်သေနတ်ကို ထောက်ကာ ရန်သူကို တဒက်ဒက်နှင့် ပစ်ခတ်နေသည်ကို တချက် တချက် အလင်းရောင်များကြား တွေ့လိုက်ရသည်။

သေနတ်သံ များကလည်း လူထုကို ဆွဲရမ်း လှုပ်နှိုးနေသကဲ့သို့ မိုးညှင်းပြည်သူ လူထုကြီးကလည်း သေနတ်သံများကြောင့် အိပ်မောကျရာမှ နိုးထ လာကုန်ကျပြီ။ ကျည်ပေါက်သံက လူထုကြီးကို အရုဏ်ဦး အုန်းမောင်း ခေါက်ဘိနှယ် နေ၏။ ထိုခဏ တွင်ပင်လျှင် အသံနက်ကြီးများ တမြို့လုံး ဟိန်း၍ ဟိန်း၍ ထွက်လာသည်၊ ထိုအသံကြီးက ရန်သူကို တုန်လှုပ် ခြောက်ခြားစေ၏ ၊ ထိုအသံနက်ကြီးက မနက်ခင်း အရုဏ်ဦးတွင် ကျယ်လောင်စွာ မြည်ဟည်းလျှက်။ ကျယ်လောင်စွာ ထွက်ပေါ်လျှက်။ ထိုအသံကြီးကား ရန်ငါစည်း ခွဲခြားသံ။ ထို အသံသည်ကား ရန်သူကို ပုန်ကန်သည့် အသံ။ ထို အသံသည်ကား ရင်ထဲမှ လာသော ပြည်သူ၏…. ချကွ၊ ချကွ …. ဒီကောင်တွေကို ချကြကွ ဟု နေအိမ်များတွင်းမှ အားပေး သံများကြားရသည်။ လူထုက အသံဖြင့် စစ်အုပ်စုကို ပုန်ကန် ကုန်ကြပြီ …. ။ မိုးညင်းမြို့ကြီးကို ထိုအသံဖြင့် လှုပ်နိုး လှုပ်ခတ် လှုပ်ရမ်း သွားစေခဲ့ချေပြီ။

န.ဝ.တ ခလရ (၁၅)တပ်ရင်းမှူး ဗိုလ်မှူးကြီး၏ ထွက်ပြေးခြင်း အဖြစ်သနှစ်

တမြို့လုံး ဒိန်းဒိန်းဒိုင်းဒိုင်းဖြစ်၍ မိုးလုံးညံကာ ဝေသာလီပြည် ဘီလူးစီး သလို ဖြစ်နေသည်၊ တပ်ရင်း(၁၅) တပ်ရင်းမှူးကြီးသည် သွေးလေ ခြောက်ခြားနေသည်၊ သူသည် ပြေးပေါက် ရှာကြံလျှက် ရှိနေသည်၊ လက်နက်ကိုင် တော်လှန်ရေးနှင့် လူထုတိုက်ပွဲ ကျောင်းသား ပူးပေါင်းမှုကြီးက သူကို ယူနီဖေါင်းတောင် ဝတ်ချိန် မပေးနိုင်ခဲ့။ ဆောင်း ကာလကြီးတွင် မာရသွန် အပြေးသမားတယောက်နှယ် လန်ကွတ်တီ နှင့် ဒိုးမှ ပြေးမှ ရတော့မည်။ သူ၏ လန်ကွတ်တီ အောက်ခံ အနီရောင် ဘောင်းဘီတို ကိုပင်လျှင် တချက် တချက်ပစ်သော မီးကျည်ကြားမှ မြင်နေရပြန်သည်၊ မဲပြောင် ပြောင် ကိုယ်လုံးကြီးပေါ်၌ အတွင်းခံ ဘောင်းဘီတထည် မျှသာ တင်၍ ပြေးသည်ကို ရာဇဝင် စာတင်နိုင်တော့မည်၊ တမြို့လုံး လက်နက်ကိုင် ပျောက်ကျားများ စိမ်းစိမ်းလှုပ်နေသည်၊ နောက်ကျတဲ့ ခြေထောက် သစ္စာဖေါက် ဟု သူတွေးမိလိုက်သည် ထင်ရဲ့၊ ( သူ၏ ဖနောင့်နှင့် တင်ပါးတသားတည်း ကျကာ ခြေကုန်သုတ် ပြေးသည်ကို အဝေးမှ မိုးညှင်းတွင် ဈေးထွက်ရောင်းလာကြသော ဈေးသည်မများက ဤသို့ မြင်၍ နောက် ပြန်ပြောပြချင်မျှသာ) ဟယ် …. ဝေလီဝေလင်းမှာ ဝိရိယ ကောင်းလိုက်တာ …. ဟယ်၊ စောစောစီးစီးကြီး အင်္ကျ ီမပါဘဲ အပြေးကျင့်နေလိုက်တာ ဟု ရှမ်းနီ တောသူတွေက မှတ်ချက် ချနေကြသည်။ လက်နက်ကိုင် နောက်မှ တံတါးဂိတ် ရန်သူရဲဘော်တပ်စိတ် တစိတ်ဆီသို့ သူသည် ကြောက်လန့်တကြား မောကြီးပမ်းကြီး ရောက်လာပြီး ကျနော်တို့ ပြန်အတက်လမ်းကို သွားရောက် ပစ်ခတ်ရန် အာဏာပြ အမိန့်ပေးနိုင်တော့သည်။

ကယ်ဆယ် လို့ရပြီ ….!

မိုးညှင်း ရဲစခန်း၌ ကျောင်းသားများကို ချုပ်နှောင်ထားသည်၊ ထို ကျောင်းသားများကို ကယ်ထုတ်ရန် ဗိုလ်ပီတာ စစ်ကြောင်းက တာဝန်ယူ ရသည်၊ ရဲစခန်း၊ ကောင်စီရုံးများရှေမှ ဘန်ကာထဲက ရန်သူက ကန့်လန့် ကန့်လန့် လုပ်နေသည်၊ ကျောင်းသား တပ်မတော်ဝင်မည့် လမ်းကြောင်းကို ပိတ်ဆို့ ထားနေသည်၊ ဒီကောင် တွေကိုရှင်းမှ ရတော့မည်ဆိုကာ ဘဇူကာ တလုံး ပစ်ထည့်လိုက်သည်။ ဘဇူကာက အပေါ်သို့ ထောင်တက်ကာ ထိုဘန်ကာထဲရှိ အကုသိုလ်ကောင်များဆီသို့ တန်း၍ မတ်၍ ဝင်သွားချေပြီ။ ဒုန်း … ဂျိန်း။ အခုနက လှုပ်တုတ်တုတ် အကောင်များ အသံမကြားရတော့၊ ဘဇူကာ သီးကြီး၏ အစွမ်းက ထက်လေစွ။ စစ်ကြောင်းသည် အရှိန်ဖြင့် ထိုး၍ ရဲစခန်းဝင်းထဲသို့ အပြေး ဝင်ရောက်သည်၊ အချူပ်ခန်းသော့ကို သေနတ်များဖြင့် ပစ်ချိုး ဖျက်စီး လိုက်ကြသည်၊ သံတိုင် အချုပ်စခန်းကြားမှ ကျနော်တို့ သွေးသောက်ကျောင်းသား ရဲဘော်များ ငြိုးလျစွ နွမ်းဖတ်ဖတ်နှင့် ရှိနေပြီး ရိုက်နှက် နှိပ်စက်ထားသည့် ဒဏ်ရာများကြောင့် တချို့က မထနိုင်ကြချေ၊ စစ်ကြောင်းဝင် လိုက်သည်နှင့် ရဲဘော်များ ရေထိသော ပန်းများကဲ့သို့ လန်းဖြာ ကုန်သည်။

ကျောင်းသား ကျောင်းသူလေးများ၏ မျက်ဝန်းအိမ်များ၌ အားငယ်စိတ်။ ကြောက်ရွံ့စိတ်များမှ ဝမ်းသာ ကြည်နူးမှုများကို သေနတ်သံများကြားမှ တွေ့လိုက် ရတော့သည်၊ ဗိုလ်ပီတာ၏ လက်နှင့် သူတို့လက်များ လက်ချင်း ယှက်သွားကြလေသည်၊ သူတို့၏ လက်များက ခိုင်မြဲဆွဲကိုင်လျှက် ရဲဘော် အချို့က အောင်ပြီ …. ။ အောင် ပြီ …. ။ အောင်ကြပြီဟု ကြွေးးကြော်ကြ သည်၊ ကျောင်းသား ရဲဘော်များနှင့် ပြည်သူများ၏ နူတ်ဖျားမှ ပွင့်အန် ထွက်လာကြသည်၊ အချို့က ဒို့အရေး …. ။ ဒို့ အရေး အသံများကလည်း မိုးလုံးညံလျှက် အချို့မူကား ချကွ …. ။ ချကွ …. ။ အောင်ပြီ …. ။ အောင်ပြီ ….ဟု ဟစ်ကြွေးလျက် … ဒို့အရေးသည် …. တို့ပြည်သူများ အရေးပင် မဟုတ်ပါလား။

ရန်သူကို အရှင်ဖမ်းဆီး ရမိခြင်း

တရားရုံး ထဲက စာရွက်စာတမ်းများကို မီးရှို့လိုက်ကြသည်၊ ရဲစခန်းကို မီးတိုက်၏၊ ဒီနေရာတွေ ဟာ လူထုကို မတရားဖိစီးသည့် နေရာများမို့ ဤသို့ ပြုကြရသည်၊ ညီနောင် ကျောင်းသားများကို ခေါ်ဆောင်လာခဲ့ပြီး မလိုအပ်သော သူများအား ရဲစခန်းရှေ့မှပင် လွှတ်ပေး လိုက်ကြသည်၊ ထိုနေ့ အရုဏ်ဦး၏ တဟုန်းဟုန်း တောက်လောင်နေသော မီးရောင်များက မိုးညှင်းမြို့ တမြို့လုံးကို ထိန်ထိန်လင်း စေသည်၊ ကျနော်တို့ ရည်မှန်းချက် ပြီးဆုံးပြီ အထမြောက်၏၊ သတ်မှတ်နေရာသို့ ရောက်အောင် စစ်ကြောင်းက အမြန်ဆုတ်ခွာကြ ကုန်လေပြီ၊ ကျနော်လည်း တောင်ခြေဘက်သို့ ဦးလှည့်၍ စစ်ကြောင်းများနှင့် နောက်ကြောင်း ပြန်ဆုတ်ခွာသည်၊ တောင်ခြေ တောစပ် ကလေးတနေရာသို့ ရောက်သွားရာ ထိုနေရာ၌ ဗိုလ်မှူးသိန်းတင့် အူယာဖားယား ပြေး၍ ပစ်ရန် အမိန့်ပေးခဲ့သော တံတားထိပ် တပ်စိတ်မှ ရန်သူ သုံးကောင်ကို မထင်မှတ်ပဲ တွေ့လိုက်ရသည်၊ ကျနော်က ဟိတ် … ! ရပ်….လက်နက်ချ၊ လက်နက်ချ ဟု အော်ပြော၍ အုပ်စုလိုက် နေရာယူကာ ထို၃ယောက်ကို သေနတ်ဖြင့် ထိုးချိန်ထားကြသည်။ ထိုသုံးယောက်သည် ကြောက်ဒူးများပင် တုန်လျှက်ရှိကာ၊ သူတို့၏ မျက်နှာသည် ကြောက်ရွံမှုများကြောင့် ဆိုဖွယ်ရာမရှိ၊ ထိုစဉ် ကျနော်က …. ကျနော်တို့ ကျောင်းသားတွေပါ၊ ခင်ဗျားတို့ အသက်တွေကို ကျနော်တို့ လုံးဝ အာမခံတယ် ဟု အော်ပြောနေသော ကျနော့်ကို သုံ့ပန်း ပေါ်လစီကို နားမလည် မသိသေးသော ကေအိုင်အေ ရဲဘော်များက မပစ်ရ ကောင်းလားဟု ကြောင်တောင်တောင်ဖြင့် ကျနော့အား ကြည့်နေကြသည်၊ ကျနော်က လမ်းမကြီးပေါ်၏ တကိုယ်လုံးပေါ်၍ ထွက်အော်နေသည်။

ထိုစဉ် ဘာအကွယ်မှ မရှိ။ ထိုကြောင့် ကေအိုင်အို ရဲဘော်များက ကျနော်တို့ ကျောင်းသားများ၏ ရဲတင်းမှုကို အံ့ဩလျှက် ကြည့်နေကြသည်၊ တပ်ကြပ်ကြီး တဦးနှင့် အကြပ်နှစ်ယောက် သစ်ပင်အကွယ်မှ ထွက်လာကြသည်။ ဂျီသရီး၊ ဂျီဖိုး သေနတ်များ ကိုင်ဆောင်လျှက်။ ကျနော်၏ ရှေ့ ဒေါက်ထောင်လျှက်သား လက်နက် လာချသည်၊ ကျောင်းသားများအပေါ် ယုံကြည် ကိုးစားလွန်း၍ သူ့အသက်၏အရံ လက်ပစ်ဗုံးကိုပင် သူ့အိတ်ထဲ၌ နိုက်ယူသွားရန် ဆိုခဲ့သည်၊ထိုမှစ၍ သူတို့ တပ်ရင်း(၁၅) တပ်ရင်းမှူးကြီး၏ အဖြစ်သနစ်ကို သူတို့ထံမှ စုံလင်စွာ သိလိုက်ရသည်၊ သူတို့ တပ်ရင်းမှူးကြီး အသကုန် ပြေးမှတော့ဖြင့် သူတို့သည်လည်း ဤကဲ့သို့ လက်နက်ချ ရလေပြီ။ ပြည်သူ့ ချဉ်ဖတ် ရဲအလောင်း များသည်လည်း မီးစက်ဝင်းထဲမှာ ပိုးလိုးပက်လက် လှမ်းမြင်ခဲ့ရသေးသည်။

ကျနော်တို့ အဖွဲ့များသည် အောင်ပွဲရခဲ့သည့် စစ်သည်တော်ကြီးများ ပမာ ဆုတ်ခွာလာခဲ့ကာ နှုတ်မှတော့ …. “တိုင်းပြည်ကို … ရှေ့ဆောင်ကာ … တို့ကျောင်းသားတွေသည် … စံနမူနာတင် … ကျောင်းသား သမဂ္ဂတို့ဖြစ်သည် ကမာ္ဘတဝှမ်းမှာ … မြန်မာစွမ်းကာ … မော်ကွန်းတင် လေမည်၊ ဒို့တတွေ သွေးစည်းမည်၊ မြန်မာပြည်ဆိုင်ရာ … ကျောင်းသားသမဂ္ဂသည်… ရာဇဝင် တင်လောက်ပေသည် … တော်လှန်ရာတွင် ရှေ့ကပင် ဦးစီးသည် … သက်စွန့်ကျိုးပမ်း … ထမ်းရွက်ခဲ့လေသည်၊ ကိုယ်ကျိူးအတွက်ဆို …. မငဲ့ကွက် နိုင်ပါသည် ကျောင်းသားများရဲ့ … ကောင်းကျိုးတွေကို… ထမ်းရွက်မည်”……. “ကျောင်းသားသမဂ္ဂ”သီချင်း ဆိုသံများသည် မိုးညှင်းအရှေ့ တောတောင်တခွင်လုံးကို ရိုက်ခတ်သွားသည်။ အချုပ်ခန်းထဲမှ ရရှိခဲ့သော ရိုင်ဖယ်သေနတ် ဖေါက်သံများ ကလည်း “ကျောင်းသားသမဂ္ဂ” သီချင်းကို ဘရာဇီးတွေ တီးခတ်တဲ့ ဆမ်ဘား တေးဂီတလို နရီစည်းဝါး လိုက်လျှက် သလိုပင် … ရှိလေစွ။

ရှေ့မှာ မားမားမတ်မတ် ထိုးထိုးထောင်ထောင် ရှိသော မနောမြေ စိမ်းညှိ့ညှိ့ တောင်တန်းကြီးများက ကျနော်တို့ကို ရင်ဖွင့်၍ ကြိုဆို နေသည့်နှယ််၊ မိုးညှင်း နမ့်ရင်းချောင်းကြီး သည်လည်း သာယာသော အလျင်အဟုန်ဖြင့် စီးဆင်လျှက်၊ ကျနော် တို့သည်လည်း အေးမြ၍ လွတ်လပ်စိမ်းစိုသော မနောမြေ တောရိပ်တောင်ရိပ်၏ ရင်ခွင်သို့ ခိုလှုံမိကြသည်။ လက်နက်ကိုင် တော်လှန်ရေးနှင့် လူထု ကျောင်းသားများ၏ အစွမ်းထက်လှသော လက်စောင်း ကို န.ဝ.တ ကောင်းကောင်ကြီး ခံစားလိုက်ရချေပြီ။ မိုးညှင်းတရားရုံး၊ ရဲစခန်းများမှ ထွက်ပေါ်လာသော မီးခိုး မှိုင်းမှိုင်းကြီးများက သက္ကရာဇ် ၁၉၈၉ရဲ့ ဖေဖေါ်ဝါရီလ ကောင်းကင် တိမ်တိုက်များ အကြား အမှန်တရားကို ရေးချယ်နေသလို မနောမြေ တောင်တန်းများပေါ်မှ သမင်လည်ပြန် ကြည့်မိတဲ့ ကျနော်တို့ မြင်တွေ့ လိုက်ရသည်။

ကေအိုင်အို နောက်တန်း တပ်ရင်း(၅) ပြန်ရောက်တော့ မီးပုံပွဲကြီး၏ စစ်ဇောမာန်တက်နေတဲ့ မီးရောင်အရှိန်များဟာ တတောလုံး တတောင်လုံး လင်းထိန်လျှက် ရှိလို့ နေတယ််၊ ကျနော်တို့ ကချင်ပြည် ကျောင်းသားများသည် အောင်သေ အောင်သား စားလျှက်၊ ပျော်လျှက်၊ မော်လျှက်။

တကယ်တော့ ဒါတွေဟာ မြန်မာပြည် လွတ်မြောက်ရေး သမိုင်းမှာ စစ်အာဏာရှင်တွေကို အန်တုမဲ့ အနှစ်၂၀ကျော် ဒီမိုကရေစီ ခရီးရှည်ကြီးရဲ့ အစလို့ အဲဒီအချိန်က ကျနော်တို့ မတွေးမိသေးတာတော့ အမှန်ပါ။

ကချင်ကျော်ကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here