ငါးဖမ်းသင်္ဘော ကိစ္စ ကြောင့် တောင်နှင့်မြောက် ကိုရီးယားတို့ ဆက်ဆံရေး တင်းမာ

alt

တောင်ကိုရီးယား ငါးဖမ်း သင်္ဘောတစင်း အား မြောက်ကိုရီးယား တို့က ဖမ်းဆီး လိုက်ခြင်းသည် ဒေသတွင်း တင်းမာမှုကို ပိုမိုမြင့်တက် လာစေခဲ့သည်။

ဇူလိုင်လ (၃၀)ရက်နေ့ နံနက် အစောပိုင်းက နှစ်နိုင်ငံ နယ်နိမိတ် အနီး မြောက်ကိုရီးယား ရေပြင်သို့ လမ်းမှား ဝင်ရောက် သွားသည့် အဖွဲ့သား (၄)ဦးပါ ငါးဖမ်းရေယာဉ်ကို မြောက်ကိုရီးယား ကမ်းခြေစောင့် တပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 800 Yeonan အမည်ရှိ အဆိုပါ ငါးဖမ်းလှေအား ပြန်လွှတ်ပေးရန် တောင်ကိုရီးယားက တောင်းဆို ထားသော်လည်း မြောက်ဘက်ရှိ ကွန်မြူနစ် နိုင်ငံက တစုံတရာ အကြောင်းပြန်မှု မရှိသေးပေ။

လေ့လာသူများက မြောက်ကိုရီးယား၏ ယခုလုပ်ရပ်သည် ဒေသတွင်း ဆက်ဆံရေး တင်းမာမှုကို အဆိုးရွားဆုံး ဖြစ်လာစေရန် တွန်းအား ပေးသွားနိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ၎င်းတို့သည် အရှေ့ ပင်လယ်အတွင်း ဖမ်းဆီးခံခဲ့ရသည့် ငါးဖမ်းလှေ အတွက် မြောက်ကိုရီးယား ရေတပ်သို့ ဆက်သွယ် ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ငါးဖမ်းလှေနှင့် ပတ်သက်သော သတင်း အချက်အလက်များကို ယခုတိုင် မြောက်ကိုရီးယားက ပြန်ကြားခြင်း မရှိသေးဟု တောင်ကိုရီးယား သတင်းဌာနများ က ဆိုသည်။ တောင်နှင့်မြောက် ကိုရီးယား (၂)နိုင်ငံတို့သည် မြောက်ကိုရီးယားက အနုမြူဗုံး စမ်းသပ် ဖောက်ခွဲမှု ပြုလုပ်ပြီး နောက်ပိုင်း ဆက်ဆံရေး အခြေအနေ တစထက် တစ ဆိုးရွား လာဆဲဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here