ဆယ်ကျော်သက် ချစ်သူအား သတ်ဖြတ်ခဲ့သည့် ဘောလုံးနည်းပြကို သေဒဏ် ပေးရန်တောင်းဆို

alt

အချိန်ပိုင်း မော်ဒယ် အဖြစ် လုပ်ကိုင် နေသည့် ချစ်သူ ဆယ်ကျော်သက် မိန်းကလေးအား ရက်စက်စွာ ဓားဖြင့် ထိုးသတ်ခဲ့သည့် ဘောလုံး နည်းပြအား သေဒဏ်ပေးရန် မိန်းကလေး၏ ဖခင်က တောင်းဆို လိုက်သည်။

အေမီလိ ဘာနာသည် သူမ၏ချစ်သူ ရီကာဒို မော်ရစ်ဆန်၏ ရက်ရက်စက်စက် ဓားဖြင့် ထိုးသတ်မှုကြောင့် သွေးအိုင်ထဲ လဲကာ သေဆုံး နေခဲ့သည်ကို ရဲက တွေ့ရှိခဲ့ရသည်။

သူမသည် မသေဆုံးမီ ချစ်သူက သူမအား ဓားဖြင့် ထိုးခဲ့ကြောင်း ဗြိတိန် ရဲတပ်ဖွဲ့သို့ ဖုန်းဆက်ကာ သတင်းပေး ခဲ့သေးသည်။ ထိုပြစ်မှု အတွက် အသက်(၂၂)နှစ် အရွယ် မော်ရစ်ဆန်မှာ ထောင်ဒဏ် (၂၄)နှစ် ကျခံရမည် ဖြစ်သော်လည်း မိန်းကလေး၏ ဖခင် အင်ဒရူး ဘာနာက သေဒဏ်ပေးရန် တောင်းဆိုခဲ့သည်။

ယခု ကိစ္စသည် ထောင်ဒဏ်မျှနှင့် မလုံလောက်ကြောင်း၊ မိန်းကလေး တဦးအား လူမဆန်စွာ သတ်ဖြတ်ခဲ့သည့် မော်ရစ်ဆန် ကဲ့သို့ လူစားမျိုး အတွက် ဗြိတိန် ဥပဒေသည် အားနည်းချက်များ ရှိနေကြောင်း ဝေဖန်ခဲ့သည်။

အေမီ၏ မိခင်ဖြစ်သော ကာရင် ကီလီနာက မော်ရစ်ဆန်အား ထောင်ဒဏ်မည်မျှ အပြစ်ပေးပေး သူမတို့ စိတ်ထဲတွင် လုံလောက်မှု မရှိကြောင်း ပြောကြားခဲ့ကြသည်။ မန်ချက်စတာ တရားရုံးမှ တရားသူကြီး အဲလစ်စတယ် မက်ဒပ်ဖ်က ၎င်း၏ အပြီးသတ် ဆုံးဖြတ်ချက်ကို ဖတ်ပြနေစဉ် အေမီ၏ မိခင်မှာ မကျေမချမ်းစွာ ငိုကြွေး နေခဲ့ကြောင်း သိရှိရသည်။

အေမီသည် မသေဆုံးမီ သီတင်းပါတ် အနည်းငယ် ကတည်းက ၎င်း၏ချစ်သူမှာ လမ်းခွဲလျှင် သူမအား သတ်ပစ်မည်ဟု ခြိမ်းခြောက်နေကြောင်း သူငယ်ချင်း များထံ ဖုန်း Messages များ ပေးပို့ခဲ့သည်ဟု တရားသူကြီးက အထောက်အထား များအရ ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here