ဒေါ်အောင်ဆန်းစုကြည် အပေါ် စီရင်ချက် ချမည့်နေ့ ကို ဩဂုတ် ၁၁ ရက် သို့ ရွှေ့ပြန်

alt

အင်းစိန်ထောင်တွင်း အထူး တရားရုံးက အပြီးသတ် လျှောက်လဲချက်ကို နောက်ဆုံး ကြားနာ စစ်ဆေးခဲ့အပြီး ယနေ့ ၃၁ ရက်နေ့တွင် စီရင်ချက် ချမည်ဟု ကြေညာ ထားသည့်

ဒေါ်အောင်ဆန်းစုကြည် အမှုကို တရားရုံးမှ ဆက်လက် လေ့လာ သုံးသပ်ရန် လိုသဖြင့် ဩဂုတ်လ ၁၁ ရက်နေ့သို့ ရွှေ့ဆိုင်း လိုက်ကြောင်း ရှေ့နေ ဦးဉာဏ်ဝင်း က အတည်ပြု ပြောဆိုခဲ့သည်။

ရှေ့နေများ ဖြစ်ကြသော ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဦးကြည်ဝင်း နှင့် ဒေါ်ခင်စောဌေး တို့နှင့် နိုင်ငံခြား သံတမန်ကား ၅ စီးတို့သည် ယနေ့ နံနက် ၁ဝ နာရီ ကတည်းက အင်းစိန်ထောင် အထူးတရားရုံး သို့ ရောက်ရှိ နေခဲ့ပြီး၊ တရားရုံး ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်း နေခဲ့သည့် နည်းတူ၊ အာဏာပိုင်များက ပိတ်ခိုင်း ထားသည့် အင်းစိန်ဈေး အနီးတဝိုက်၊ အင်းစိန်လမ်းကြီး၊ လမ်းသွယ်များ မှ နေ၍ ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံကြောင်း ပြသသည့် အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ အပါအဝင် လူ ၅ဝဝ နီးပါးခန့် စုရုံး ရောက်ရှိနေခဲ့ ကြသည်။

ရှေ့နေကြီး ဦးဉာဏ်ဝင်း က ဒေါ်အောင်ဆန်းစုကြည် သည် အဆိုးဆုံး အတွက် ပြင်ဆင် ထားပြီးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမှု အခြေအနေကို ကြည့်မယ်ဆိုရင် စွပ်စွဲထားတဲ့ ပြစ်မှုတွေကို ဒေါ်အောင်ဆန်းစုကြည် ကျူးလွန်ခြင်း မရှိဘူး ဆိုတာ ပိုမို ထင်ရှားလာတယ်၊ ဥပဒေ အမြင်အရ ပိုမို ပေါ်လွင်လာတယ်။ ဒေါ်အောင်ဆန်းစုကြည် တွင် လုံးဝ အပြစ် မရှိပါဘူး ဟု ပြောဆို ထားခဲ့ပြီး၊ တရားရုံး၏ စီရင်ချက်သည် မည်သို့ ဖြစ်မည်ကို မသိရ သေးသော်လည်း အကဲခတ် အများစု ကမူ ဒေါ်အောင်ဆန်းစုကြည် ကို ဆက်လက်၍ ဖမ်းဆီး ချုပ်နှောင်ရန် အတွက် ဤဖြစ်ရပ်ကို အသုံးချကာ အကွက်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း ဝေဖန်သုံးသပ် ခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here