ဖြစ်ပုံ စုံလင် သည်လတွင်(ဇူလိုင်)

အရာရာတိုင်းမှာ အမှားနဲ့ အမှန်ဆိုတာ ဒွန်တွဲလျှက် ရှိပါတယ်။ ကြီးမားတဲ့ အလုပ် ပြုလုပ်သူက များများ မှားတတ်ပြီး ထိုအမှားဟာ ဆွေစဉ် မျိုးဆက် အထိ ပါသွားတတ်သလို၊ ကြီးမားတဲ့ အလုပ်တခုကို ဆောင်ရွက်မည် ဆိုရင် ဆင်ခြင်တုံ တရားကို လက်ကိုင်ပြုမှသာ ကောင်းမွန်နိုင် ပါလိမ့်မယ်။ အစိုးရ အမျိုးစားထဲမှာ ပြည်သူတွေက ဒီ အစိုးရကို ရှိမှန်းတောင် မသိတာက အကောင်းဆုံး အစိုးရတဲ့။

ထို့အတူ အဖွဲ့အစည်းများ အတွင်းလည်း ရှိမှန်းတောင် မသိတဲ့ ခေါင်းဆောင် ဖြစ်နေရင် ကောင်းမွန်နိုင်မှာ သေချာတယ်။ဆိုလိုတာကအောက်ခြေ အဖွဲ့ဝင်များက ထို ခေါင်းဆောင်အပေါ် အပြစ် တစုံတရာ ပြောနိုင်လောက်အောင် အမှားအယွင်း မရှိတာကိုပါ။ တစုံတခုဟာ အမှားတွေ ဆက်တိုက် ဖြစ်ပေါ်လာသည့်နဲ့ အမျှ တပြိုင်နက် ပြုလုပ်နေတဲ့ ရည်မှန်းချက်များ ပျောက်ကွယ် ကျဆုံး နိုင်ပါတယ်။

ထိုသို့ အမှားဟု ယူဆရသော အခြေအနေ အရပ်ရပ်ကို ပြုပြင်မှ သာလျှင် လက်ရှိ အနေအထားထက် သာလွန်သော အောင်မြင်မှုတခု ရရှိမှာ သေချာပါတယ်။ မိမိ အမှားတွေကို မိမိနှင့် ယှဉ်ပြိုင်နေသော ရန်သူက ထောက်ပြရပြီး ဆုံးရှုံးခံမည်လား ..? ဒါမဟုတ် မိတ်ဘက်တွေက အပြုသဘောနှင့် ထောက်ပြ၍ အောင်မြင်ခြင်း လမ်းစကို ရှာဖွေမည်လား ..? ဟု ဆုံးဖြတ်ရမဲ့ ကာလတွင် ထူးမခြားနား ဆက်သွားနေရင် အဆိုးဖက်ကို လျင်မြန်စွာ ချည်းကပ် သွားမှာ ဖြစ်တယ်။ ပြင်သစ် စစ်ဘုရင် နပိုလီယန်က “ ရန်သူက အမှားများကို ကျူးလွန်နေလျှင် ဘယ်တော့မှ ထောက်ပြပါနဲ့၊ လက်ပိုက် ကြည့်နေလိုက်ပါ ” လို့ ဆိုခဲ့တယ်။ မပြောမပြီး မတီးမမြည် ဆိုသလို အပြု သဘောဆောင်ပြီး တင်ပြမှုသာ ဖြစ်ကြောင်း တင်ကြို ပြောရပေဦးမယ်။

သတင်းစာ ဆရာကြီး လူထု ဦးစိန်ဝင်း၏ NLD အား ဝေဖန်မှု အပေါ် ပြည်ပ အတိုက်အခံ လောကက အတော်ကို ကြိုက်နှစ်သက်ပုံ ရသည်။ ဒါလည်း လွတ်လပ်စွာ ကွဲလွဲခွင့် ဆိုတဲ့ ဘောင်တခု အတွင်းကနေ အပြုသဘော ဆောင်ပြီး ပြောဆိုလိုက်ခြင်းလို့ ယူဆ ရပါမည်။ NLD ဖက်ကလည်း ကြည့်ရင် န.အ.ဖ ကို ထိထိရောက်ရောက် တုန့်ပြန် နိုင်ရေးမှာလည်း အလွန်အမင်း ခက်ခဲစွာ တည်ရှိနေမှာ လူတိုင်း သိကြပါတယ်။ လက်ရှိ ခေါင်းဆောင်းတချို့ရဲ့ ပျောပြောင်း ညင်သာသော မူဝါဒကို မကြိုက်လို့ ဖြစ်စေ၊ သက်တော်ရှည် ခေါင်းဆောင်တွေ များလို့ ဖြစ်စေ၊ ရပ်တည်မှု ဆိုတဲ့အပိုင်းကို ကြည့်ပြီး သွားနေတာကို ဖြစ်စေ အတိုက်အခံ လောက က အားမလို အားမရ ဖြစ်နေတာ ဖြစ်ချိမ့်ပေမည်။

မင်းတို့ဘက်က ကြည့်ရင် လက်ဖမိုး၊ ငါဘက်က ကြည့်ရင်တော့ လက်ဖဝါး ဆိုသလို အရာရာတိုင်းမှာ သူ့ဖက် ကိုယ့်ဖက် အမြင်တွေတော့ ရှိနိုင်မှာပါ၊ သေချာတာက NLD ဟာ တောတောင်များကြားက ကွင်းပြင်ကြီးတခုမှာ ထီးထီးမားမားကြီး မြင်သာထင်သာ ဖြစ်နေပြီး တောစပ်ရှိ ရန်သူ၏ အချိန်မရွေး တိုက်ခိုက် ချေမှူန်းပစ်နိုင်တဲ့ သတ်ကွင်း အနေအထား တခုပါ၊ ဒီအခြေအနေကို NLD အနေဖြင့် လက်ချည်းသာ တန်ဆာဗလာဖြင့် ကြံကြံခံ နေရတယ်ဆိုတာကိုတော့ မည်သူမှလည်း ငြင်းလို့ ရနိုင်လိမ့်မယ် မထင်ပါဘူး။ မလုပ်၊ မရှုပ်၊ မပြုတ် ဆိုတာထက် ဗမာ့နိုင်ငံရေးမှာ ရန်သူကို ရက်စက် ကြမ်းကျုတ်စွာ မညာမတာ ပြုလုပ်တတ်တဲ့ စစ်အာဏာပိုင် များကို သတ္တိရှိရှိ ဆန့်ကျင် နေတာကိုက လေးစား ပေးရဦးမှာလေ။

အရာရာတိုင်း မှာတော့ အမှားနှင့် အမှန်ဆိုတာ ဒွန်တွဲ နေတတ်ပါတယ်။ ဒါပေမဲ့ NLD သည် လေးစားဖွယ် မရှိသော အဖွဲ့အစည်းတခု မြင်လိုက်ခြင်းထက် စစ်အာဏာရှင် စနစ်ကို မကြိုက်ခြင်း အတူတူ ဘာကြောင့်များ အပြုသဘောနဲ့ လက်တွဲပြီး မလုပ်ချင်တာလဲ ဆိုတဲ့ မေးခွန်းတွေက သုံးသပ်မိ လာပါတယ်။ သူ မရှိလို့ ငါမလုပ်နိုင်ဘူး ဆိုတဲ့ အတွေးအခေါ် ဟာလည်း ဖြတ်သန်းလာတဲ့ အတိုက်အခံ အဖွဲ့အစည်းများ အတွင်း တပ်မက်စွာ ကျင့်သုံး လာနေတာကြောင့် မဆုံးရှုံးသင့်ပဲ ဆုံးရှုံး ခဲ့ရတာတွေကို ထောက်ပြရင် သာဓကတွေ အများကြီးပါ၊ တခုတော့ ရှိတာပေါ့ လူအပေါ်မှာ ကွဲလွဲခြင်းထက် မူအပေါ်မှာ ကွဲလွဲပြီး လက်တွဲလို့ မရတာက တပိုင်းပေါ့၊ စစ်အာဏာရှင်အား အကြမ်းမဲ့ ဆန့်ကျင်သော အနုနည်း ဝါဒက မဖြစ်နိုင်တော့ပြီ၊ တခြားသော အကြမ်းဖက် တိုက်ခိုက်မှု ဝါဒကို ပြောင်းလဲလက်ခံပြီး မူအပေါ်မှာ ကွဲလွဲ လက်မတွဲနိုင်ဘူး ဆိုရင် တမျိုးပေါ့၊ ဒါက မူတခု အပေါ်မှာ သံသယ ရှိလို့ ကွဲလွဲခြင်းလို့ ယူဆရမယ်လေ။

နောက်ပြီး NLD မှာ တချို့ ခေါင်းဆောင်များဟာ အထူးသဖြင့် ဘောင်းဘီစိမ်းဝတ် စစ်ဗိုလ်ထွက်များကို အဖွဲ့အစည်းရဲ့ အောက်ခြေ အဖွဲ့ဝင်များရော၊ အတိုက်အခံ အများစုက အားမလို အားမရ ဖြစ်နေ ကြရတယ်။ ဒါလဲ မှန်ပါတယ်။ ဦးစိန်ဝင်း၏ ကောင်းကွက် အနေဖြင့်တော့ NLD မှ ပွင့်လင်းတက်ကြွတဲ့ အမျိုးသမီးများကို ချီးမွမ်းခန်း ဖွင့်ထားတာ တွေ့ရတယ်။ NLD ကို ဆွံအ နားမကြားကျောင်းလို ဝေဖန်လိုက်တဲ့ စကားလုံးတွေက နည်းနည်း ပြင်းထန်လားတော မသိ၊ ဖြစ်ရမှာက မောင်ဖြူ မကောင်းရင် မောင်ဖြူ၊ မောင်မဲ ဆိုးနေရင် မောင်မဲကိုပဲ ထုတ်ဖေါ် ပြောဆိုရမယ်လေ။ အခုက NLD ဆိုတဲ့ အရာဟာ အားလုံးကို ရမ်းခြုံပြီး ဝေ့လိုက်သလို ခံစားမိပါတယ်။ နောက်ဆုံးတော့ ဝေဖန် ပြောဆိုမှုဟာလည်း အင်အား ချိနဲ့နေတဲ့ NLD အတွက်လဲ အဆိပ်တခွက်ကို သောက်မိ လိုက်သလို ဖြစ်နေရတယ်လေ။

ကျုပ်အမြင် ပြောရမယ်ဆိုရင် တော်လှန်ရေးဆိုတာ အကြမ်းပတမ်း တိုက်ခိုက်တဲ့ ကိစ္စကိုမှ တော်လှန်ရေးလို့ ဆိုလိုတာ မဟုတ်ဘူး… လက်ရှိ စနစ်ဟောင်းကို တော်လှန်ပြီး စနစ်သစ် ဘွားကနဲ ပေါ်ပေါက် လာတာကို ဆိုတာပဲ

( ဗိုလ်ချုပ်အောင်ဆန်း )

NLD ရဲ့ ထိပ်တန်း ခေါင်းဆောင် တယောက် တဖြစ်လဲ ရှေ့တန်း တိုက်စစ်မှူးကြီး ဆရာကြီး ဦးဝင်းတင် ဟာ “ NLD ဟာ လမ်းဆုံ လမ်းခွကို ရောက်နေပါပြီ ” ဆိုတဲ့ စကားကို မြင်သာ ထင်သာအောင် ထုတ်ဖေါ် ပြောကြားလိုက်တယ်။ ဒီစကားကို ထောက်ခံပြီး ပြောရမယ်ဆိုရင် ဦးဝင်းတင်ရဲ့ နိုင်ငံရေး လမ်းသစ်အစ ခြေလှမ်းတခုပဲ ထင်မြင်ပါတယ်။ ခြေလှမ်း အစမှာ သေးကွေးတဲ့ ပြဿနာဟု ထင်ရတဲ့ အမှုကိစ္စ မှန်သမျှကို ပြုပြင် ပြောင်းလဲ ရပါတော့မယ်။ အထူးသဖြင့် ပါတီအတွင်း ထက်မြက်တဲ့ လူငယ် ခေါင်းဆောင်များကို လက်ရှိ ခေါင်းဆောင်များက လက်ဆက်ကမ်း လက်တွဲ သင်ကြား နေရာ ပေးသင့်နေတာ ကြာပါပြီ၊ တကယ်လိုများ ဒီလို မလုပ်ခဲ့ရင် ပါတီဟာ လက်ရှိ ခေါင်းဆောင်တွေ မရှိတဲ့ နောက်ပိုင်းမှာ အဖွဲ့အတွင်း တာဝန်ယူမှု တာဝန်ခံမှု အပိုင်းတွေနှင့် ပတ်သက်ပြီး သဘောထားများ အစိတ်စိတ်မွှာမွှာ ကွဲလာနိုင်ပါတယ်။

နောက်ပြီး ယခုတလော ဖြစ်ပွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အမှုတွဲ ရင်ဆိုင်နေရတဲ့ အချိန်မှာ သူမဟာ အပြင်လူများနှင့် ဆွေးနွေးပြောဆိုခွင့် ရှိနေတယ်လို့ ဆိုရမယ်။ အရင်တုန်းကဖြင့် နေအိမ်အကျယ်ချုပ် ချုပ်နှောင်ခံရတဲ့ အနေအထားမှာတော့ NLD ပါတီ၏ အပြင် ခေါင်းဆောင်ကြီးများနှင့် သူမဟာ ဆက်သွယ်မှုဆိုတာ မရှိနိုင်ခဲ့ဖူးလေ၊ ရှုတတ်ရင် မြင်ပါတယ်၊ သို့အတွက်လည်း ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များကို လမ်းကြောင်း ရွေးချယ်ရန် ဆုံးဖြတ်မှုအတွက် အခက်အခဲများ ရှိနေမှာပါ၊ အခုဆိုရင် အမှုကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးခွင့် ရတဲ့ အတောအတွင်းမှာ သူမ အနေဖြင့်လည်း လက်ရှိ ပါတီ ခေါင်းဆောင်ကြီးများနှင့် အဖွဲ့ဝင်များ အပေါ် သူမ၏ ဆန္ဒများကို လက်ဆက်ကမ်း ပြောခွင့် ရနိုင်ပါလိမ့်မယ်။

ဒီလို အနေအထားမှာ ပါတီရှိ သက်ကျားအို ခေါင်းဆောင်များဟာ တာဝန်ကို သေသည့်အထိ ထမ်းဆောင်ဖို့ ဆိုတာ လုံးဝ ဖြစ်နိုင်တော့ပါ။ တဗိုလ်တက် တဗိုလ်ဆင်း စနစ်ကို ကျင့်သုံးပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တာတော့ လက်ခံ နိုင်ပါတယ်။ ဒါကြောင့် မျိုးဆက်သစ် လူငယ်များ အတွင်းမှ ထူးချွန် တက်ကြွသူများကို လက်တွဲပြီး တာဝန်အမွေ လက်ဆက်ကမ်းနိုင်မှသာ အတွေးသစ် အမြင်သစ်ကို ဖောက်ထွက်နိုင်ပြီး စိန်ခေါ်မှုတွေကို ယှဉ်ပြိုင် ထိုးဖေါက်ထွက်နိုင်မှာပါ။

ဖြစ်ပေါ်နေတဲ့ အနေအထားများကို ကိုယ်ဖက်က ရှိပြီးသား အင်အားကို ဆုံးရှုံးမှုများ၊ လေလွင့်မှုများ မရှိအောင် ပါတီ သန့်စင်မှုများ လုပ်ရမှာ အသေခြာပဲလေ။ လက်ရှိ နိုင်ငံရေး မျက်နှာစာဟာ စစ်တပ်နဲ့ NLD တို့ အားပြိုင်မှု တခုပဲလို့ မြင်တယ်။ ကျန်တဲ့ ပါတီနိုင်ငံရေး တချို့ အဖွဲ့အစည်းများကတော့ စစ်တပ်ကို မကြိုက်လို့ ဖြစ်စေ၊ ကြိုက်လို့ ဖြစ်စေ၊ စစ်တပ်ကို စိတ်နဲ့တောင် ပျက်မှား မရဲပဲနှင့် စစ်တပ်အကြိုက် ဗောင်းတော်ညိတ် အလိုက်ပွဲ စကားတွေ တဖွဖွ အော်ပြီး မောင်မောင်ခေါ်ရင် ဗျာ ထူးကာ NLD ကို ထိုးနှက်နေကြပါ ပါရောလား။ ဒါမှသာ စစ်တပ် ချပေးတဲ့ မပို့မစို့ အခွင့်ရေး ရရှိပြီး ပါတီနိုင်ငံရေးမှာ လူတွင်ကျယ် လုပ်နိုင်မှာပါ။ ဒါကြောင့်လဲ NLD ၏ ရပ်တည်မှုဟာ အဖက်ဖက်က နှိမ့်ကျခဲ့ရပါတယ်။

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် အမှုနဲ့ ပတ်သက်ပြီး သူတို့ စွတ်စွဲချက်တွေကို ရှုံးနိမ့် သွားမယ်ဆိုရင် သူမဟာ ထောင်ထဲမှာပဲ သူ့ နိုင်ငံရေး လမ်းစဉ်နဲ့အတူ ကျဆုံးသွားအောင် လုပ်မှာပဲ။ ဒေါ်စု မရှိရင် NLD ဟာလည်း ကျဆုံး သွားရမယ်လို့ ယူဆတဲ့ န.အ.ဖ လည်း ဒီအကြောင်းကို ကောင်းကောင်း သိနေတော့ ဂွင်ဖန်ပြီး ချောင် ထိုးနေတာ ဖြစ်တယ်။ ဒီတော့ ယခု အခြေအနေမှာ NLD အနေနဲ့ ကျစ်လစ်ခိုင်မာ စုစုစည်းစည်း ဖြစ်အောင် လုပ်ရမှာလို့ ထင်ပါတယ်။ အထူးသဖြင့် ပါတီအတွင်း သဘောထား ကွဲလွဲမှုများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ရမဲ့ အနေအထားပါ။ သဘောထား ကွဲလွဲမှုကနေ ပါတီ တစစနဲ့ ပြိုကွဲ ပျက်စီးသွားနိုင်တဲ့ အခြေအနေကို ရောက်ရှ ိလာနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အမှု မဖြစ်ပွားခင်တုန်းက နိုင်ငံလုံးဆိုင်ရာ ရွှေဂုံတိုင် ပါတီညီလာခံမှာ အောက်ခြေ အဖွဲ့ဝင်တွေက ပါတီ ခေါင်းဆောင်အတွင်း တချို့သော ပုဂ္ဂိုလ်များကို လက်မခံနိုင်တဲ့ သဘောထားတွေ တင်ပြလာတယ်၊ ဒီအခြေအနေတွေဟာ ပါတီကို တနေ့ ထိခိုက်လာမှာ သေချာတယ်။ တခုတော့ ရှိတာပေါ့ စစ်တပ်ရဲ့ နှိပ်ကွပ်ခံရခြင်း အတူတူ နားလည်မှုတွေ ပေးရင်း ဒီအတိုင်းပဲ မြံုပြီး ဆက်သွားမယ ်ဆိုရင်တော့ ဦးဝင်းတင် ပြောတဲ့ နိုင်ငံရေးသစ် လမ်းကြောင်းနဲ့ ဝေးခဲ့မှာ သေချာပါတယ်။ “ လမ်းဆုံ လမ်းခွကို ရောက်နေပြီ ” လို့ ပြောတဲ့စကားကို ပါတီအတွင်းမှာ ခေါင်းဆောင်များ အထူးတလည်ဖြင့် စဉ်းစား ရလိမ့်မည်ဟု မျှော်လင့်ပါတယ်။

တသွေး တသံတမိန့် ကွန်မြူနစ် စနစ်ဟု လက်ခံထားတဲ့ တရုတ်နိုင်ငံမှာ တိန်ရှောင်ဖိန် မှအစ ကျန်စီမင်း အထိ ခေါင်းဆောင်များသည် ထက်မြက်သော လူငယ် ခေါင်းဆောင်များကို မြေတောင် မြှောက်ပေးပီး နိုင်ငံတာဝန်ကို လက်ဝါးကြီး အုပ်ထားခြင်း မရှိပဲ ပွင့်လင်းမြင်သာစွာ လက်ဆက်ကမ်းခဲ့သည်။ ဒါကြောင့် ထိုပုဂ္ဂိုလ်များဟာ လက်ရှိတာဝန်မှာ နှုတ်ထွက် သွားခဲ့ရသော်လည်း မျိုးဆက်သစ် လူငယ် ခေါင်းဆောင်များက ရိုသေလေးစားစွာ ဆက်ဆံခြင်း ခံရ၏။ လူငယ် ခေါင်းဆောင်များက ၎င်းတို့ တာဝန်ယူသည့် အချိန်အတွင်းမှာ ရှေ့ ခေါင်းဆောင်းများအား ဂျောင် ထိုးထားခြင်း၊ မျက်ကွယ် ပြုထားခြင်း စသော လုပ်ရပ်များ အပြန်အလှန် လေးစားသမှုမဲ့သော အလုပ်များ မပြုမှာ သေချာပါတယ်။

ဒါကြောင့်လည်း တရုတ် ကွန်မြူနစ်ပါတီဟာ စုစည်း ကျစ်လစ်စွာ ရပ်တည် နေနိုင်ခဲ့တယ်လို့ ယူဆရမှာပဲ။ တပါတီ အာဏာရှင်လို့ နာမည် ရသော်ငြားလည်း ၎င်းတို့ လူမှုအဖွဲ့အစည်း ကြီးပွား တိုးတက်ရေးအတွက် ခေါင်းဆောင်နေရာဟာ တဦး တယောက်ထဲ ကိုသာ သေသည်တိုင် သက်တော်ရှည် အာဏာ ချုပ်ကိုင်မှု လမ်းစဉ် မချထားခဲ့ပါ။ ဒါမှသာလျှင် အောက်ခြေနှင့် အထက်အတွင်း ဖြစ်လေ့ရှိသော သဘောထား ကွဲလွဲမှုများကို ဖြေရှင်ပြီးသား ဖြစ်စေခဲ့တယ်။

ရွှေဂုံတိုင် ညီလာခံအတွင်း တချို့ ကိုယ်စားလှယ်များက ဦးအောင်ရွှေနှင့် ဦးသွင်ကို နှုတ်ထွက်ပေးရန် တောင်းဆိုကြတယ် ဆိုတာ သိရတယ်။ ဒါဟာ အဖွဲ့အတွင်း ဖြစ်ပွားနေတဲ့ မကြေလည်မှု အစိုင်အခဲ တခု ဖြစ်နေမှာ သေချာတယ်။ ဒီအတွက် ပါတီရှေ့ရေးကို စဉ်းစားပြီး ကိုယ်စားလှယ်များ၏ တောင်းဆိုချက်များကို အသိအမှတ် မပြုခဲ့ပါဟု ယူဆရမည် ဖြစ်ပေသည်။ သို့သော် ထို မကြေလည်မှုအစိုင်အခဲဟာ ရပ်တန့်နေခြင်း မရှိပဲ ဖြည်းဖြည်း ကြီးထွားလာပြီး ပေါက်ကွဲခဲ့ရင် မိမိတို့ သာလျှင် ဆုံးရှုံးနစ်နာပြီး ကျဆုံးရမည် ဖြစ်ပါတယ်။ ထို့ကြောင့် ခေါင်းဆောင်းပိုင်း တာဝန်ယူမှုကို ကျောင်းထိုင်ကြီးများလို အိုမင်းသည်တိုင် ထမ်းဆောင်သည့် အလေ့အကျင့်ကို ဖျောက်ဖျက်ပြီး ထက်မြက်သော လူငယ်ခေါင်းဆောင်များကို လက်တွဲ သင်ကြားပြီး လွဲပေးသည့် စနစ်သာ အကောင်းဖက်သို့ ဦးတည်နိုင်မည် ဖြစ်ချေတော့သည်။

နောက် မျိုးဆက်အတွင်းသို့လည်း ထိုကဲ့သို့သော အပြုအမူ အလေ့အကျင့်များ ချပြ သင်ကြားနေသလို တွေးမြင် ခံစားနေမိတာ အမှန်ပါပဲ။ မိမိ အပြုအမူဟာ ဆိုးဝါးနေခဲ့လျှင် ထိုသူသည် လူသမိုင်း လူအကျင့် စာရိတ္တကို ဖျက်ဆီးသူလို့ သတ်မှတ်ခြင်း ခံရတတ်၏။ လူငယ်ဆိုတာ အတုမြင် အတတ်သင်ရာတွင် လွယ်ကူသဖြင့် မိမိ၏ ပြုလုပ်နေသော အပြုအမှုများကို နှစ်သက်စွာ လက်ခံ ယူငင်ခဲ့သော သူရှိလျှင် မျိုးဆက်တခုလုံးကို ဖျက်ဆီးရာ ရောက်သွားမည် ဖြစ်သည်။ ဒါကြောင့် တိုင်းပြည်အား ဦးဆောင် ဦးရွက်ပြုမည့် အဖွဲ့အစည်းများဟာ ထို အပြုအမှုများကို ရှောင်ကြဉ်ပါက မိမိအတွက် လည်းကောင်း၊ အဖွဲ့အစည်းနှင့် လူမှုဝန်းကျင် အတွက် လည်းကောင်း တိုးတက်စေ တိုင်းပြည် အတွက်လည်း အကျိုးရှိမှာ ဖြစ်ကြောင်း ပြည်တွင်းမှ လာသော သတင်းများအပေါ် သုံးသပ်ချက်အား ထိုမျှဖြင့်သာ ရပ်နားပါရစေ…။

လူလ

ရွှင်လန်းချမ်းမြေ့ပါစေ…

LEAVE A REPLY

Please enter your comment!
Please enter your name here