သခွတ်ပင်က မီးတကျီကျီ (သို့) မွန်မြတ်သော စိတ်ထားဖြင့် လှူဒါန်း ရပါလို၏

ဆိုရေးရှိက ဆိုအပ်လှ၏၊ သာသနာ၏ အရိပ်အာဝါသအား အကွယ်အကာ ယူကာ အများ ဆန္ဒမပါပဲ မိမိလုပ်ချင်ရာ လုပ်မည်၊ ဆိုလျှင် တခါလည်း မဟုတ် ၂ခါလည်း မဟုတ် အကြိမ်ကြိမ် အလီလီမို့ ဥရောပရှိ ဗုဒ္ဓဘာသာဝင် သူတော်ကောင်း သူတော်မြတ်များ အပေါင်းတို့ မှာမူ သိသိကြီးနှင့်ပင် ခံရ ခက်နေကြရသည်။

နယ်သာလန် နိုင်ငံ၌ မနက်ဖန် ၂၆၊ ရ၊ ၂ဝဝ၉ နေ့တွင် ဘုန်းတော်ကြီးကျောင်း ပြန်အပ်ရတော့မည့် အတွက် ဆွေးနွေးပွဲ စတင်ပါတော့မည်၊ အသင် မိတ်ဆွေတို့ ကြားဖူးပါ သလော၊ ယခု ဖြစ်ရပ်မှာမူ ဘုန်းကြီးကျောင်း ဆောက်ပြီး ပြန်ဖျက်သည်နှင့် အလားသဏ္ဍာန် တူလေစွ၊ ဘုန်းကြီးကျောင်း ရှိပြီး၊ ဘုန်းကြီး မရှိသည်မှာ နှစ်ပရိစ္ဆေရ ကာလကြာသဖြင့် ဋ္ဌားထားသည့် ကျောင်း ပြန်အပ်ရမည် ဖြစ်သည်။ မိမိတို့မှာမူ ဘုရား၏ ကိုယ်စား ကိုယ်ပွား ဘုရား၏ အရည်တော် ခြံုလွှမ်းထားသော သံဃာအားကိုးကွယ် ဆည်းကပ်သည်မှာ ဘုရား၏ သာသနာတော်ကို တည်တံ့ခြင်း အလို့ငှာ ကိုးစား၍ ဖြစ်၏၊ သို့ပါသော်လည်း ဗမာလူမျိုးများ ပီပီ သင်္ကန်းမြင် ဦးညွှတ်ပြီးသား ဖြစ်သည့်အတိုင်း မိမိတို့အနေဖြင့် ကိုးကွယ် ရပါဦးမည်၊ ဗုဒ္ဓဘာသာဝင် ဆိုတိုင်း သံဃာလိမ် သံဃာ အတုများကို ကိုးကွယ် သင့်ပါသလား ? အလဇ္ဇီ ရဟန်းကို ကိုးကွယ် ထိုက်ပါသလား ? ဆိုသော မေးခွန်းများ ခေါင်းထဲသို့ အတွေးထဲသို့ စီတန်း၍ ဝင်လာပါတော့သည်။

လွန်လေပြီးသော နှစ်များဆီက မိမိတို့မှာ ဥရောပနိုင်ငံ များတွင် နယ်သာလန်၌ ပထမဆုံး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ဖြစ်မြောက် လာသည့်အတွက် အလွန့် အလွန်ပင် ဝမ်းမြောက် ဝမ်းသာခဲ့ရ ပါသည်၊ မိမိတို့နိုင်ငံမှ ဆက်သွယ်ပေးလိုက် သဖြင့် ဖင်လန်နိုင်ငံ သို့ပင် ပီနန် ဆရာတော်ကြီး အပါအဝင် အင်္ဂလန်နိုင်ငံ ဓမ္မဝိဟာရ ဆရာတော် ဦးဥတ္တရ နှင့် အခြားသော ဆရာတော်များပါ ၂ဝဝ၅ ခုနှစ်တွင် ကြွရောက် ခဲ့ကြပါသည်၊ ထို့နောက် ပီနန် ဆရာတော်ကြီးမှ အင်္ဂလန်နိုင်ငံတွင် သီတင်းသုံး နေထိုင်တော်မူသည့် ဓမ္မဝိဟာရ ဆရာတော် ဦးဥတ္တရအား ဥရောပနိုင်ငံများနှင့် ပါတ်သက်သည့် သာသနာပြု လုပ်ငန်းစဉ်များအား တာဝန် ပေးအပ်လိုက်ကြောင်း သိရှိရပါသည်။

ထိုစဉ်ကပင် စတင်၍ ဥရောပနိုင်ငံများတွင် ဘုန်းကြီးကျောင်း များအား တဦးတည်း/ တပါးတည်း လက်ဝါးကြီးအုပ်သည့် ဇာတ်လမ်းက စချေပြီ။ ထိုကြောင့် အင်္ဂလန်နိုင်ငံ ဓမ္မဝိဟာရကျောင်းတွင် ကျောင်းထိုင် သီတင်းသုံးတော်မူသည့် ဆရာတော် ဦးဥတ္တရ ဘယ်လဲ ? ဘာလဲ ? မေးဖို့ မေးခွန်းများ ဖန်လာခဲ့သည်၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ရာသီဥတုကြောင့် မြန်မာလူမျိုးစုများ ရေလှိုင်းများ သဖွယ် အုံနှင့် ကျင်းနှင့် ဥရောပနိုင်ငံအသီးသီး ရောက်ရှိလာပြီး၊ မိမိတို့ ရောက်ရှိရာ ဒေသတွင်း မိမိတို့ ယုံကြည်ရာ ကိုးကွယ်သည့် ဘာသာရေးဆိုင်ရာ ဘုရား၊ ကျောင်းကန်များ ဆောက်တည်ရာတွင် ကနဦး မဆွကပင် ဦးဥတ္တရ ခေါ် ဘုန်းတော်ကြီးမှ တပည့်မွေး၊ ဆရာမွေးစနစ် ဖန်တီးကာ ဒကာ စ, မွေးပါတော့သည်။

မိမိတို့ နိုင်ငံသို့လည်း မည်သည့် အချိန်တွင် မည်သည့်ဘုန်းကြီး ကျောင်း လာထိုင်ပါတော့မည် စသည်ဖြင့် အဝေးရောက် ဟောလုံးများထုတ်ကာ ဗုဒ္ဓဘာသာဝင် မိမိတို့အား လိမ်လှည် လှည့်ဖြား ပါတော့သည်၊ ဗမာ့ယဉ်ကျေးမှု နှင့် လူမှု စိတ်ဓါတ်များအား အခြေခံထားသည့် မိမိတို့သည် ဦးဥတ္တရ ဆရာတော်အား ယုံကြည်ကာ အင်တိုက် အားတိုက်ပင် အလှူတော်ငွေများ ထည့်ဝင်ကာ ကျောင်းဋ္ဌားရမ်း ပေးခဲ့ပါသည်၊ သို့သော်လည်း မျှော်ကားမျှော်၏ ကျောင်းထိုင်မည့် ဆရာတော်မှာ ရောက်မလာခဲ့ပါ၊ ဝါတွေ အကြိမ်ကြိမ် အလီလီ ဆိုခဲ့သော်လည်း မိမိတို့ လှူဒါန်းထည့်ဝင်ထားသည့် အလှူတော်ငွေများမှာ သာလျှင် ကျောင်းဋ္ဌား စရိတ်ထဲသို့ ရောက်ကာ ဝထ္ထုငွေ ပွန်း၍ အချီးနှည်း ဖြစ်ခဲ့ရသည်။

ဦးဥတ္တရ သာလျှင် သူမွေးထားသည့် ဒကာများထံသို့ တနှစ်လျှင် တခါ၊ နှစ်ခါ ဆိုသလို ကြွရောက်လာ တတ်သည်၊ ဒီထက်ဘာမှ မထူး၊ ထူးသည်က ဘုန်းတော်ကြီး ကျောင်းအတွက် သံသယပွား စကားတွေများ၍ ဓမ္မမိတ်ဆွေတွေ အဓမ္မ မိတ်ဆွေ အဖြစ်သာ အသွင်ပြောင်းသွားကြသည် ကသာ အဖတ်တင်သည်။ ဘုန်းတော်ကြီး ဖြစ်၍ တိုးတိုးပြောသည် မရ ယခု ကျယ်ကျယ်ပြောခဲ့ ရကြပြီ၊ ဒါတင်ပဲလား မကသေး၊ ပုဂ္ဂလိက အရေးကလည်း သတင်းမွှေး လှသား၊ ဘုန်းကြီးက လူ့စည်း၊ ဘီလူးစည်း မစောင့်တော့ လူတွေကလည်း စည်းမစောင့် ချင်ကြတော့ ဒါကြောင့် ဗုဒ္ဓဘာသာ အသိုင်းအဝိုင်း ကြားတွင်လည်း ဦးဥတ္တရ မှာ ကမာ္ဘ့ သာသနာပြုလား ? အခြောက် သာသနာပြုလား ? ဟုပင် မတော်ရာ နောက်ပြောင်သည် အထိ ဖြစ်ခဲ့ရသည်။

ယခုလို မိမိရေးသည်ကို စာဖတ်သူတို့ လွန်သည်ဟု ထင်မည်လော၊ သာသနာစောင့်သူကို စော်ကားသည်၊ ဟီရိဩတ္တပ္ပ တရား ခေါင်းပါးသည်ဟု ဆိုချင်ကြ ချေမည်၊ အမှန်တော့ ထင်သလို မဟုတ်ချေ ယခင်ကပင် အင်တာနက် အွန်လိုင်းများတွင် ဤဘုန်းတော်ကြီးနှင့် ပါတ်သက်၍ ဒုတိယအိမ် စာပေမှ အောင်မျိုးဝင်း တို့၊ ဖင်လန်နိုင်ငံမှ စာရေးသူ ငြိမ်းချမ်းအောင်တို့ အပြင် နောက် ၃ဦး လောက်ရေး၍ တားခဲ့ဖူးသည်၊ မရ။

မြန်မာနိုင်ငံလုံး ဆိုင်ရာ ဒီမိုကရက်တစ် ကျောင်းသား တပ်ဦးတွင် တချိန်က မြန်မာ့ ဒီမိုကရေစီ အရေး တိုက်ပွဲများ အတွက် ပါဝင် တိုက်ပွဲဝင်ခဲ့သည့် ရဲဘော်များသည် ယခု အချိန်တွင် နိုင်ငံတကာသို့ ပြန့်နှံ့ ရောက်ရှိနေသည်မှာ ဥရောပ နိုင်ငံများတွင်လည်း အပါအဝင် ဖြစ်သည်၊ အများအားဖြင့် ဆိုသော် နော်ဝေး၊ ဖင်လန်၊ ဒိန်းမတ်၊ ဆွီဒင်၊ ဘယ်လ်ဂျီယန် နှင့် နယ်သာလန် အစရှိသော နိုင်ငံများအပြင် အင်္ဂလန်တွင်ပင် ကျောင်းသား ရဲဘော်ဟောင်းများ ဒု နှင့် ဒေး ရောက်ရှိနေကြသည်။

နီးစပ်ရာ ထိုနိုင်ငံများမှ တိုက်ဖော်တိုက်ဖက် ရဲဘော်ရဲဘက်များအား ဦးဥတ္တရ အကြောင်းနှင့် ၎င်းနိုင်ငံများတွင် ဓမ္မယံသီ ဘုန်းကြီး ကျောင်းများ အကြောင်းအား မေးမြန်းရာတွင် ဖင်လန်နိုင်ငံတွင် နေထိုင်သော ကိုငြိမ်းချမ်းမှ ၎င်းတို့ နိုင်ငံတွင်လည်း ဦးဥတ္တရမှ ဒကာမွေး ဆရာမွေးကာ ကတိအထပ် ထပ်ပေးလျှက်။ ဘာမှ ဖြစ်မလာကြောင်း။ သူ့အနေနဲ့ ဘုန်းကြီးကိစ္စအား ဝင်ရောက် မစွက်ဖက်ချင်ကြောင်း၊ တခါ အင်တာနက်တွင် ရေးသားပြီး သတိပေးဖူးကြောင်း၊ ဖင်လန်မှာ ဘုန်းကြီးနဲ့ ဂေါပက အဖွဲ့ဝင်အချို့က ဗုဒ္ဓဘာသာဝင် စစ်စစ်တွေကို လိမ်လည်သည်ဟု ထင်ကြောင်း၊ ကျောင်းထိုင် ဘုန်းကြီးလည်း ယခုအချိန်ထိ မရှိသေးကြောင်း ဦးဥတ္တရလည်း ကြွလာသည်ဟု မကြားမိကြောင်း၊ လှူထားသည့် ငွေများမှာလည်း ပျောက်ဆုံးနေကြောင်း သို့မဟုတ် ဘဏ္ဍာရေးမှူး သို့မဟုတ် ဂေါပက တဖွဲ့လုံးမှ အလွှဲသုံးစား လုပ်ထားတာလည်း ဖြစ်နိုင်ကြောင်း၊ ထင်မြင်ချက်ပေးသည်။

ဂေါပကအဖွဲ့အား ငွေကြေးကိစ္စကို မေးမြန်းပါက မင်းတို့လှူထားတဲ့ ငွေပမာဏ လောက်ကို မပြောနဲ့ ငါတို့ဘုန်းကြီးက သုံးဆ ပြန်ပေးလိုက်မယ်ဟု ဂေါပက အတွင်းရေးမှူး ကိုကျော်ဌေး မှ အလှူခံပိုက်ဆံအား အရပ်ထဲ ငွေတိုး ချေးစားသူ၏ ငွေကြေးဆိုင်ရာ ပြဿနာလို ပစ္စလက္ခ ရဲရဲတင်းတင်ပင် တာဝန်ခံကြောင်း ပြန်ဖြေတတ်သည်၊ မကျေနပ်ပါက ဘဏ္ဍာရေးမှူး ကိုခင်ကျော် ထံတွင် အလှူငွေ ပြန်တောင်းခံနိုင်ကြောင်း ပြောဆိုပြန်သေးသည်၊ မည်သူ တဦးတယောက်မျှ ဘာမှ မသိရှိရကြောင်း မိမိအား ပြောကြားခဲ့သေးသည်၊ ကိုငြိမ်းချမ်းသည် မိမိကိုသာ ပြောသည့် အကြောင်းများဖြစ်ပြီး မိမိမှာမူ ယခုကဲ့သို့ စာရေးမည်ကို ကိုငြိမ်းချမ်း မသိဟု ထင်၏။

နယ်သာလန် နိုင်ငံတွင် မနက်ဖန် ကျောင်းကိစ္စနှင့် ပါတ်သက်ကာ ဆွေးနွေးပါတော့မည်၊ ထိုအချိန် မတိုင်မီပင် ရိုဟင်ဂျာ အရေးလည်း အချိန်မီပင် ရောက်လာ၏၊ မိမိတို့ အနေဖြင့် မေးရပါတော့မည်၊ ဓမ္မဝိဟာရ ကျောင်းထိုင် ဆရာတော် ဦးဥတ္တရ ၊ ရိုဟင်ဂျာ နာမည်ခံ မွတ်စလင်ဘာသာဝင် များနှင့် မည်ကဲ့သို့ အဆက်အစပ် ရှိပါသလဲ ? အင်္ဂလန်နိုင်ငံတွင် ခိုလှုံခွင့် တောင်းခံမည့် မွတ်စလင် ဘာသာဝင်များအား ရိုဟင်ဂျာ ထီးမိုးကာ ဝထ္ထုယူ အကူညီပေးမှုမှာ ကမာ္ဘ့သာသနာပြု အလုပ်ပေလော? ဥရောပ တကြောရှိ နိုင်ငံများတွင် မည်သည့် အချိန်၌ ဆရာတော် ဦးဥတ္တရမှ တရားဝင် ကျောင်းထိုင် ဆရာတော် ရှာပေး နိုင်ပါမည်လည်း၊ ဤကျောင်းထိုင်မရှိ ကျောင်းများတွင် အခြား ရဟန်းသံဃာ များအား မိမိတို့မှ ပင့်လျှောက်ပါက အဘယ့်ကြောင့် ဓမ္မယံသီကျောင်းတွင် တည်းခိုခွင့် မရှိရသည် ကိုလည်း မေတ္တာရှေ့ထား ဖြေကြားနိုင်ပါစေဟု သခွပ်ပင်မှ မီးတကျီကျီ လုပ်ကာ ဥရောပတွင် သာသနာတော် နေ၊ လ သဖွယ် ထွန်းလင်းစေရန် ရည်သန်လျှက် သာသနာဝင်များမှ ဆုမွန်ချွေလျှက်။

မေတ္တာများစွာဖြင့်

ထွန်းထွန်းဦး { နယ်သာလန် }

 

ဤဆောင်းပါးသည် စာရေးသူ၏ အာဘော်သာ ဖြစ်ပြီး လူထုအသံ ဝဘ်ဆိုဒ် မည်သို့မှ သက်ဆိုင်မှု အလျဉ်းမရှိ။

အယ်ဒီတာ 

LEAVE A REPLY

Please enter your comment!
Please enter your name here