အင်ဂျင်နီယာတဦး အဆုံးစီရင်မှု အတွက် Apple မူဝါဒ အပေါ် ရှုတ်ချမှု မြင့်တက်

alt

အသက် (၂၅)နှစ်သာ ရှိသေးသော ငယ်ရွယ်သည့် အင်ဂျင်နီယာ တဦး မိမိကိုယ်ကိုယ် အဆုံး စီရင်သွားခြင်းနှင့် ပတ်သက်ပြီး Apple ၏ ထုတ်ကုန် မူဝါဒအပေါ် နိုင်ငံတကာမှ အာရုံစူးစိုက် ရှုတ်ချမှုများ မြင့်တက် လာခဲ့သည်။

ဆန်ဒန်ယောင်း သည် တရုတ်နိုင်ငံရှိ Apple ၏ iPhone ထုတ်လုပ်ရေး စက်ရုံတခု ဖြစ်သော Foxconn တွင် အလုပ် လုပ်နေသူဖြစ်သည်။ ၎င်းသည် iPhone ၏ ထုတ်ကုန်သစ် လျှို့ဝှက် ပုံစံငယ်အချို့ကို ထိန်းသိမ်းထားရန် တာဝန်ပေးခြင်း ခံရပြီးနောက် ထို ပစ္စည်းများအနက် တခုမှာ ပျောက်ဆုံး သွားခဲ့သည်။

ယခုလ အလယ်က ဖြစ်ပွားခဲ့သော အဆိုပါ ဖြစ်ရပ်ကို ဆန်းက Foxconn တာဝန်ရှိသူ များထံ အကြောင်းကြား ခဲ့သော်လည်း ၎င်းအား မသင်္ကာသူ အဖြစ် ဖိအားပေး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ Apple သည် ၎င်း၏ ထုတ်ကုန်များနှင့် ပတ်သက်ပြီး နည်းပညာ လျှို့ဝှက်မှုကို အလွန်နက်ရှိုင်းစွာ လုပ်ကိုင်လေ့ရှိပြီး ထိုမူအတိုင်း ဆန်၏ ပစ္စည်းပျောက်မှုကိုလည်း ပြင်းထန်စွာ အရေးယူရန် ပြင်ဆင်ခဲ့သည်။

ထို့ကြောင့်လည်း တက်လမ်း ကောင်းမွန်သော လူငယ်လေးသည် (၁၂)ထပ်အမြင့် ၎င်း၏နေအိမ်မှ ခုန်ချကာ သေကြောင်း ကြံသွားခဲ့ခြင်း ဖြစ်သည်။ ဆန်း၏ သေဆုံးမှု အတွက် ၎င်းတို့တွင် တိုက်ရိုက် တာဝန်ရှိကြောင်း Foxconn က ငြင်းဆန် ထားသည့်တိုင် ပြဿနာမှာ မပြီးသေးချေ။ အထူးသဖြင့် Apple ၏ မူဝါဒများမှာ အကြီးအကျယ် ဝေဖန်မှု ခံနေရပြီး ဆန်၏ မိသားစုနှင့် မိတ်ဆွေများ ကလည်း မကျေမနပ် ဖြစ်နေကြသည်။

ထို့အတူ တရုတ်အစိုးရ တရားရေးဌာန ကလည်း ၀န်ထမ်းတဦးအပေါ် သေကြောင်း ကြံစည်သည် အထိ ဖိအားပေးခဲ့သော Foxconn ကို တရားစွဲသင့် မသင့် လေ့လာမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here