မလေးရှား ထိန်းသိမ်းရေး စခမ်းတွင် ဆူပူခဲ့သည့် မြန်မာအလုပ်သမား များအား နေရာပြောင်း

alt

ယခုလ အစောပိုင်းက မလေးရှား နိုင်ငံ၊ စမှုံညှင်း ထိန်းသိမ်းရေး စခမ်းတွင် ဆူပူခဲ့ကြသည့် တရားမဝင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား (၇၀၀) အား ကွာလာလမ်ပူ လေဆိပ်ရှိ ထိန်းသိမ်းရေး စခန်းသို့ ပို့ဆောင် လိုက်ကြောင်း သိရှိ ရသည်။

ကွာလာလမ်ပူ လေဆိပ် အကြီးအကဲ ရှိုင်နူရင် ရှာရိုင်းက The Star သတင်းစာသို့ ပြောကြားခဲ့ရာတွင် ၎င်းတို့အား အနည်းဆုံး (၁)လမျှ စောင့်ကြည့်နေမည်ဟု ပါရှိပြီး၊ ထိုသူများအား အနေအထိုင်ကို ကြည့်ကာ မည်သို့ ဆက်လက် ဆောင်ရွက် ရမည်ကို ဆုံးဖြတ်မည် ဖြစ်ပြီး လောလောဆယ်တွင် ရိက္ခာ ပို့ပေးကာ မိသားစုနှင့် မိတ်ဆွေများ ထံသို့လည်း ဖုန်းခေါ်ခွင့် ပေးထားကြောင်း ရှိုင်နူရင် က ဆိုသည်။

စမှုံညှင်း ထိန်းသိမ်းရေး စခမ်းတွင် ဇူလိုင်လ (၁)ရက် နေ့က ရိက္ခာအဖြစ် ပန်းသီး အနည်းငယ်သာ ရရှိ ခဲ့ပြီးနောက် မြန်မာများက ပုန်ကန် ထကြွခဲ့ရာ စခန်းရှိ ခြံစည်းရိုးများ၊ ထိန်းသိမ်းရေး အဆောက်အအုံများ၊ အတားအဆီး အချို့တို့တွင် ပျက်စီးမှုများ ဖြစ်ပွား ခဲ့ရသည်။ ထို အခြေအနေအတွက် မြန်မာ အလုပ်သမားများကို နားလည် ပေးနိုင်သော်လည်း ၎င်းတို့၏ တုန့်ပြန်ပုံမှာ မှားယွင်းနေကြောင်း စမှုံညှင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါ ဖြစ်ရပ်အတွက် မြန်မာ သံရုံးကလည်း တစုံတရာ အကူအညီ ပေးခြင်းမျိုး မရှိခဲ့ဟု သိရှိရသည်။ ထိုဖြစ်ရပ် ဖြစ်ပွားချိန်သည် ရွှေ့ပြောင်း အလုပ်သမားများအား ပြန်လွှတ် ပေးမည့်နေ့ မတိုင်မီ (၂)ပါတ် အလိုတွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

လေဆိပ်တွင် ထိန်းသိမ်းထားသည့် ရွှေ့ပြောင်းအလုပ်သမား အရေအတွက်ကို လျှော့ချသွားရန် အစီအစဉ် ရှိနေကြောင်း ကိုမူ ရှိုင်နူရင်က အတည်ပြု ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here