ခါတော်မီ အာဇာနည် မဟုတ်ပါ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် (လှိုင်းဘွဲ့)

ရွက်ဟောင်းတို့ ကြွေလွင့်ခဲ့ပြီး ရွက်သစ်တို့ ဝေဝေဆာသည့် သည်ဝသာန်ခါ ရာသီ ရောက်ချေပြီ။ စိမ်းစိုသော သစ်ပင် သစ်ခက်တို့သည်

လေပြင်းနှင့်အတူ သည်းထန်လှသော ရန်ကုန်မိုးကို အံတုရင်း ယိမ်းနွဲ့လျှက် ရှိကြသည်။ ကြပ်ညပ်လှသော ၃၉ ဘတ်စ်ကားကို စီးရင်း ဝက်တုပ်ကွေး မကြောက်၊ ကူးစက်ရောဂါ မကြောက်ဖြင့် ရန်ကုန်ထဲအသွား ရှေးဟောင်း အဆောက်ဦနီနီကြီး နံဘေး ကွေ့ဝိုက်မောင်းနှင် ချိန်တွင် လမ်းမပေါ်၌ ရေဆိုးတို့ဖြင့် လျှံနေပေပြီ။

ယိုယွင်း ပျက်စီးနေသော မြို့တော်ရန်ကုန် နေရာ အတော်များများသည် မိုးသည်းသည်း ရွာသည်နှင့် မကြာမီ ကားလမ်းတို့ ရေလျှံတက်နေ တတ်ပြီ။ ဝန်ကြီးများ ရုံးကို ပတ်ဝိုက် မောင်းနှင် ဖြတ်သန်းတိုင်း ရင်ထဲ အောက်မေ့ သတိရမိသည်မှာ ဤ အဆောက်အဦးကြီး အတွင်း အသက်စတေး ပေးဆပ် သွားရရှာသော အာဇာနည်ကြီးများ အကြောင်းပင် ဖြစ်သည်။ အော် … ဘာလိုလိုနဲ့ မကြာခဏ ဆိုလျှင်ပင် အာဇာနည်နေ့ တို့ကို တိုက်စားသွားသည်မှာ ၆၂ ခုနှစ်နှစ်ပင် တိုင်ခဲ့ချေပြီ။

အာဇာနည်နေ့ ဆိုသည်နှင့် အတူ ငယ်စဉ်တောင်ကျေး ဘဝက ကြားခဲ့ဖူးသော ဗိုလ်ချုပ်မိန့်ခွန်း အစီအစဉ် ရေဒီယို အသံလွှင့်ချက်များ။ ကျဆုံးသော အချိန် အထိမ်းအမှတ် ဥဩဆွဲသံများ နှင့် ကလေး အရွယ်ပင် ဖြစ်ချိမ့်သော်လည်း ထိုဥဩသံ ကြားသည့် အခါတိုင်း ရောက်သည့်နေရာ ကြားသည့်အချိန် သတိတရ ဖြင့် အလေးပြု ငြိမ်သက် အောက်မေ့ခဲ့ပုံများ၊ ကြက်သီး တဖြန်းဖြန်းထသည့်တိုင်အောင် ခေါင်းဆောင်ကြီး များအား အောက်မေ့ ချီးကျူး လေးစားခဲ့ပုံများကို ပုံရိပ်များသဖွယ် တလှပ်လှပ် ပေါ်ပေါက် မြင်ယောင် လာလေသည်။ အော် …….. ငယ်စဉ်က ကြံုခဲ့ရဖူးသည့် မြင့်မြတ်သော အတွေ့အကြံုတို့ ယခု မရှိတော့လေပြီ။

အာဇာနည် ဆိုတာ အဆိုတော်လား? ဟု ခေတ်လူငယ် အများစုက မေးနေကြလေပြီ။ နိုင်ငံ့ ခေါင်းဆောင်ကြီး၏ ရုပ်လွှာ ပုံရိပ် တို့ကိုပင် ခိုးကြောင် ခိုးဝှက် ဆောင်သိမ်း ချိတ်ဖွက် နေရတော့သည်။ လတ်တလော သုံးစွဲနေရသော ရှာရန် ခက်သလောက် သုံးရန်လွယ်သည့် တန်ဖိုးမဲ့ ငွေကြေးစက္ကူများ စုတ်ပြတ်သတ်ကာ မသတီဖွယ် ဖြစ်နေခြင်းကို ကြည့်ပြီး မိမိတို့ မြတ်နိုး တန်ဖိုးထားရသော ဗိုလ်ချုပ် ဖခင်၏ ပုံရိပ် ဤငွေ တို့အပေါ် မရှိတော့ သည်ကိုပင် ကြံဖန် ကျေးဇူးတင် ရအုံးတော့မည်။

အာဇာနည်ကြီးများ အကြောင်း ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့ဖူးသော မိန့်ခွန်းတချို့ကို ရှာဖွေ ဖတ်ရှုမိသည်။ မိမိတို့ လူဖြစ်နေသော ခေတ်ကို ပိုင်းခြား မိခြင်းမျှသာ။ သံဖြူဇရပ် စစ်သင်္ချိုင်း ဖွင့်ပွဲတွင် ဗိုလ်ချုပ်က ဤသို့နှယ် ပြောခဲ့သည်။

လူတဦး တယောက်ဟာ… အခြားလူတဦး တယောက်ကို နှိပ်စက် ကလူပြုတယ်၊ သွေးစုပ် ချယ်လှယ်တယ် ၊ တရား မျှတမှုကို မျက်ကွယ်ပြုတယ် ဆိုရင်… ဒါမှ မဟုတ်နိုင်ငံ တခုက အခြား နိုင်ငံတခု အပေါ် ဖိနှိပ်ခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ တရား မျှတမှု အဝဝကို ချိုးဖေါက်ခြင်း၊ ပြုမယ်ဆိုရင် ထိုလူ (သို့မဟုတ်) ထို နိုင်ငံဟာ ထို မတရားမှု အတွက် အပြစ်ဒါဏ် ခတ်မှုကို မုချမလွဲ ခံရစမြဲဘဲ ဖြစ်တယ်

လူတဦးက တဦးပေါ်မှာ ဖြစ်စေ၊ နိုင်ငံတခုက တခုပေါ်မှာ ဖြစ်စေ။ ဖိနှိပ် ချယ်လှယ်မှုတွေ ခေါင်းပုံ ဖြတ်မှုတွေ ပြုလုပ် ခဲ့ကြလို့လည်း ဒီကမ္ဘာကြီးမှာ ဒုက္ခတွေ ပင်လယ်ဝေခဲ့တာ အကြိမ်ကြိမ် ရှိခဲ့ပါပြီ။ တရားမဲ့ခြင်း ၊ ဖိနှိပ် ချယ်လှယ်ခြင်း ၊ ခေါင်းပုံဖြတ်ခြင်းတို့ ဆက်လက် တည်ရှိနေသရွေ့ တုန့်ပြန် လက်စားချေမှု တွေဟာ မကြာခဏ ပေါ်ပေါက်နေအုံးမှာပဲ…

ဗိုလ်ချုပ်သည် အမြော်အမြင် ကြီးမားစွာဖြင့် နောင်လာ နောက်သားတို့ အတွက် မှာခဲ့၏။ တရား မျှတသော မြန်မာ့လူ့ဘောင် စနစ်ကို တည်ဆောက် ကျင့်သုံးရန် ကြိုးပမ်းခဲ့၏။ သူသာ ရေတိမ် မနစ်ခဲ့လျှင်၊ မိမိတို့ မြန်မာပြည်သည် ယခုကဲ့သို့ ဖြစ်နေချိမ့်မည် မဟုတ်ဟု လေးလေးနက်နက် ယုံကြည်သည်။

သူ … မရှိတော့သော နောက်၊ ကျွနု်ပ်တို့ ဖခင် မရှိတော့သော နောက်၊ မွန်မြတ် မှန်ကန်သော လူထု ခေါင်းဆောင်တို့ မရှိတော့သည့်နောက် ယနေ့တွင် မြန်မာနိုင်ငံသား များစွာတို့သည် လူဖြစ်သော်လည်း လူလို နေနိုင်သူ၊ လူလို တွေးတော ကြံဆနိုင်သူ မဟုတ်ကြတော့ပေ။ အရာရာကို အကြောက်တရားနှင့် ယှဉ်ပြီး ကိုယ်ကျိုး အတ္တ အစွဲအတွက်သာ တွေးကြံလှုပ်ရှား တင်းတိမ် ရောင့်ရဲရင်း ဘဝများစွာတို့ ရှင်လျှက်နှင့်ပင် သေနေကြလေပြီ။

မြန်မာပြည်တွင်း မိမိတို့ လူဖြစ်သည် ဆိုကတည်းက လောကဓံ ဆိုသည်နှင့် အတူ ယဉ်ကျေးမှုအရ၊ ဘာသာရေးအရ၊ စီးပွားရေးအရ၊ ဖိနှိပ်မှုများ တွန်းအားပေးမှုများ ပြန်လည် ဝေဖန်ရန် ခက်သော ဖိစီးမှု အခြေအနေများစွာ တွေ့ကြံုခဲ့ရသည်။ ယနေ့ တိုင်လည်း မြင်ရတွေ့ နေရဆဲပင်။ လူဖြစ်နေ၍လား? … လူလို နေထိုင်ခွင့် မရသေးသည့် အုပ်ချုပ်ရေး စနစ်ကြောင့်လား? … ဘာကြောင့်တော့ သေခြာ မသိချေ၊ ဖိနှပ်ချုပ်ချယ် အနိုင်ကျင့်မှု များကတော့ ခံနေရသည်မှာ ပီပြင် သေခြာလှသည်။

မိမိတို့ လူဖြစ်နေသော ခေတ်သည် မချိတင်ကဲ ဖြစ်ဖွယ်များစွာ တွေ့ကြံု နေရသည်။

ယနေ့ပင် ဝန်ကြီးများရုံး အနားဖြတ်သန်း အသွား စီးလာသော ကားကို စိန်ပေါလ် မီးပွိုင့်လမ်းဆုံ သစ်ပင်ကြီး တပင်ခြေရင်း အုတ်ခုံပေါ်တွင် ခြေတဖက် တင်၍ ရုပ်ရှင်မင်းသား ဟန်ပန် စီးကရက်ကို တဖက်က ကိုင်ထားသော ယာဉ်ထိမ်းရဲ က ခရာ … တတွီတွီ အဆက်မပြတ် တွတ်မှုတ်၍ ကားရပ်ရန် အချက်ပြ တားဆီးပါသည်။ ကျန်တဦးက ခါးထောက်ပြီး ဒေါသ ထွက်နေဟန်ဖြင့် ကားပေါ်ပါ လူအားလုံးကို မိုက်ကြည့်ကြည့်သည်။

အမှန်တကယ် မိမိတို့ ခရီးသည် အားလုံးတွင် ဘာအပြစ်မှ ရှိသည်မဟုတ်။ အဖြစ်ကို မသိလျှင် ယာဉ်ထိမ်းရဲကျွေး ထားသော ထမင်းကို ကားစီး ခရီးသွားအားလုံးက စားထားသည့် နှယ်။

ဦးထုပ်မဆောင်း ယူနီဖေါင်း ကြေကြေ မျက်နှာက ယဉ်ကျေးမှု တစက်မှ မထွန်းကားသော ရုပ်နှင့်၊ စီးကရက်နှင့် ကွမ်းယာကို တရစပ် သုံးစွဲနေဟန် ရှိသော သူတို့ နှစ်ဦးစလုံးသည် အရက်သေစာလည်း သောက်သုံးထားသည် ထင်ရသည်။

ကားစပါယ်ယာ က ပြေးဆင်းသွားပြီး ထိုနှစ်ဦးကို မျက်နှာချိုသွေးသည်၊ ပိုက်ဆံ နှစ်ရာကို ထိုးထည့်ပေးသည်ကို ရပ်ထားသော ကားပေါ်မှ ဖြတ်ကနဲ လှမ်းတွေ့လိုက်ရသည်။ ထိုအခါ အုတ်ခုံပေါ် ခြေတဖက် တင်၍ ရင့်သီးလှသော မျက်နှာပေးဖြင့် တခြားလမ်းဖက် မျက်နှာ မူနေသော ရဲက လှည့်၍ပင် မကြည့်၊ မတူမတန်သည့်ဟန်။

ငါးရာတန် ထိုးပေးလိုက်သော အခါမှ မလိုချင် လိုချင်၊ မယူချင့် ယူချင် ဟန်ဖြင့် လှစ်ကနဲ ယူပြီး ဘောင်းဘီအိတ်ထဲ ထိုးသွင်းလိုက်သည်။ ပြီးမှ လွန်စွာ သဘောထားကြီးသည့် ဟန်ဖြင့် လက်ညိုး တငေါက်ငေါက် ထိုးကာ စကားတချို့ပြောသည်ကို ကားပေါ်မှ မိမိတို့ အားလုံး မြင်နေ တွေ့နေ ရသည်။

စပါယ်ယာလေး ကားဆီ အပြေးလာရင်း မောင်းဆရာရေ့… ဟု .. ဇောင်းထဲမှ လွတ်သော မြင်းလို ကဆုန်စိုင်း၍ အအော် … ကားကအထွက် … ခရီးသည် အချို့ထံမှ ဗျစ်တောက် ဗျစ်တောက် အသံတချို့လည်း ထွက်ပေါ်လာသည်။ စကားလုံး အချို့သည် တိုင်ပင် ကိုက်မထားပါဘဲလျှက် တူညီနေလေသည်။

အေးဓမြ……….. တွေတဲ့။

စပါယ်ယာကို လက်တို့ မေးကြည့်ပါသည်။ ဘာကြောင့် သူတို့ လက်တား ဖမ်းဆီးသလဲ ? ဆိုသောအခါ။ ဤနေရာတွင် ဘတ်စ် ကားတိုင်းက လမ်းကြောင်းကြေး ၁၀၀ ပေးနေကျ ဖြစ်ကြောင်း ယခု မိမိ တို့ကားက မပေးဘဲ မီးစိမ်းပေါ်သည့် မီးပွိုင့်ကို ဖြတ်မောင်းလာ၍ ပြန်ခေါ်ပြီး ပိုက်ဆံတောင်းခြင်း ဖြစ်ကြောင်း ရှင်းပြပါသည်။

စိတ်ထဲ ဦးဆုံး သတိရမိသည်မှာ ဤနေရာနှင့် မလှမ်းမကမ်းတွင် အသက်ဆုံးရှုံး သွားခဲ့ဖူးသော ကျွနု်ပ်တို့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ကြီးများ ကိုပင် မထောက်ထား ရက်လေတော့ သလား?။

အကြောင်းဧကန် သင့်လျော်ခြင်း ရှိသည် မရှိသည် မသိပါ။ ယနေ့ တိုင်းပြည် ပရမ်းပတာ ဖရိုဖရဲ နှင့် နေရာ တကာတွင် ယူနီဖေါင်းဝတ် ဆိုသူတိုင်းကို ကြောက်နေရခြင်းအား လုံးဝ သဘောမကျ စရာ၊ မနှစ်မြို့စရာပင်။

ပျက်စီး ယိုယွင်းသော ခေတ်ကို ဖန်တီးသည့် တရားခံသည် အုပ်ချုပ်သောသူ အဓိက ဖြစ်ပြီး နောက်ဆက်တွဲ တရားခံမှာ ထိုသို့ အုပ်ချုပ်သော သူတို့ကို လက်ခံထားသည့် တော်လှန်ပြောင်းလဲရန် မကြိုးစားသည့် ပြည်သူလူထု ကိုယ်၌ပင် ဖြစ်ပေရာ၊ မိမိတို့လည်း ဒုတိယ တရားခံ စာရင်းထဲ ပါနေသည်ဟု တနုတ်နုတ် တွေးနေမိသည်။ နောက် မျိုးဆက်သစ်တို့ အပေါ် တာဝန် ကျေပွန်ခဲ့ခြင်း အလျဉ်းမရှိသည့် လူသား မဖြစ်လိုသော မိမိမှာ လူတွေအကြား လှုပ်ရှားသွားလာရင်း ခေတ်လူငယ် တဦးအဖြစ်နှင့် လည်းကောင်း၊ တပ်မတော် မျိုးချစ်စစ်သားဟောင်း တဦးအနေဖြင့် လည်းကောင်း ထို့အတွက် ရတက်မအေး အတွေးများစွာ အရေးများစွာကို နေ့စဉ်နီးပါး တွေးတော စဉ်းစားနေတတ်သည်မှာ ကြာခဲ့ချေပြီ။

သို့တိုင် ဘာမှ လက်တွေ့ အကောင်ထည် မပေါ်လာသေးဟု မချင့်မရဲ ဖြစ်မိတိုင်း တစုံတခုကို ဝံ့ဝံ့စားစား ဆုံးဖြတ် ချင်မိသည်။ ဖေါက်ထွက်ရေး နည်းလမ်းများကို ရှာဖွေချင်မိသည်။ ပေါင်းစည်းနိုင်မည့် ကမ်းလက်များကို ရှာဖွေချင်မိသည်။ အားပေးနိုင်မည့် စွမ်းအားများကို တီထွင် ချင်မိသည်။

တခုတော့ စဉ်းစားမိသည်။ မိမိတို့ နိုင်ငံ ယခုလို ဖြစ်နေခြင်း ယနေ့လို မွတ်သိပ် ကြပ်တည်းစွာ ခံစားနေရခြင်း များ၏ အကြောင်းရင်းခံမှာ မိမိတို့ နိုင်ငံသားများ ထဲတွင် အာဇာနည် စိတ်ထား ရှိသူတို့ နည်းပါးနေ၍ ဖြစ်ကြောင်း တခုသာ တွေးမိသည်။

အာဇာနည် စိတ်ထား ရှိသူကို မျှော်နေ၍ ပြီးမည်လား? …..

စာဆို တခုကို သတိရမိသည်။

မိမိကိုယ်တိုင် မြင်ချင်သော ဖြစ်ရပ် အခြေအနေတခု ပေါ်ပေါက်ဖို့ အတွက် မိမိကိုယ်တိုင် ထိုဖြစ်ရပ်ကို အကောင်ထည်ဖေါ် ကျင့်သုံးသူ ဖြစ်ဖို့လိုသည်

ဆိုသော စာဆိုပင်။

အာဇာနည် စိတ်ထားတော့ မမှီပါ။ သို့သော်လည်း ခါတော်မီ အာဇာနည်လဲ မဟုတ်ရပါ၊ အများပြည်သူ အတွက် ဘဝအချိန် ပေးဆပ်ရင်းနှီးရမည့် မည်သည့် ဒုက္ခမျိုးကို ကြံုရပေ့စေ ရင်ဆိုင်ဖေါက်ထွက်ဖို့ အသင့်ပြင်ထားပြီးပြီဟု ယုံကြည်သည်။

ကမ်းလင့်သော လက်များ။ ပေါင်းစည်းမည့် လက်များ၊ ဖေးမမည့် လက်များ။ ပင့်တင်မည့် လက်များ။ တွဲခေါ်မည့် လက်များ၊ မိုးကာမည့် လက်များ၊ ချည်တွဲ အားဖြည့်မည့်လက်များ ပေါ်ထွက်လာအောင် ကြိုးပမ်းရေး အတွက် လူငယ်ထုကြီး တရပ်လုံးနှင့် ယှဉ်သော အင်အားစုကြီး တခု ပေါ်ထွန်းလာပါစေဟု ရည်မှန်းကာ လာမည့် နေ့သစ်များတိုင်း  နိုင်ငံရေးအသစ် ပုံစံတို့ ပေါ်ထွက်ရေးကို မျှော်လင့် နေမိတော့သည်။

တရားမျှတမှု တည်ဆောက်ရေးနှင့် ပြည်သူ့ ညီညွတ်ရေး ဆောင်ကြဉ်းနိုင်မည့် ကျယ်ပြန့်သော အင်အားစုကြီးမျိုး တခုကို လိုလိုလားလား တောင့်တ နေမိကာ မကြာမီ ခေတ်သစ်သို့ ချည်းကပ် နိုင်လိမ့်မည်ဟုလည်း လေးလေးနက်နက် ယုံကြည်နေမိသည်။

ပြည်ချစ်သား

LEAVE A REPLY

Please enter your comment!
Please enter your name here