ဒီမိုကရေစီကို သိရှိ နားမလည်သော အာဏာရှင်နှင့် သူ၏ လက်ပါးစေများ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် (လှိုင်းဘွဲ့)

ယနေ့ခေတ်တွင် နိုင်ငံအုပ်ချုပ်သူ တို့က ဒီမိုကရေစီ အကြောင်း နားမလည်လျှင် အာဏာရှင် နိုင်ငံရေး ဖြစ်သွားတတ်သည်။ ဒီမိုကရေစီကို ဘယ်တုန်းကမှ မလေ့လာ၊ လက်မခံ၊ မကျင့်သုံး သူတို့က ဒီမိုကရေစီနိုင်ငံ ဖြစ်လာအောင် လုပ်နေပါသည် ဆိုလျှင် အတော်ပင် ရီစရာ ကောင်းသည်။

လူစကား မတတ်သော ခွေးက သီချင်းဆိုသည်နှင့် တူနေတော့သည်။

 

အထက်ပါ စာစုမှာ ၁၅-၇-၂ဝဝ၉ နေ့က ကျေးစေတမန် ဘလော့ဂ်တွင် တင်ထားသော ဆောင်းပါးများကို အမှတ်မထင် ဖတ်မိရင်း

ဝေဖန်ချက် ရေးပေးခဲ့သော စာစုဖြစ်သည်။

ထိုဘလော့ဂ်ရှိ ဆောင်းပါးများမှာ လူထု ပညာပေးရေးအတွက် မဟုတ်ပဲ အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ဝါဒဖြန့် ပေးနေသည့် စာများသာ ဖြစ်နေသည်ကို တွေ့ရသည်။ ရှင်းရှင်းပြောရလျှင် ဒီမိုကရေစီနှင့် အပြောတခြား အလုပ်တခြား လမ်းလွဲနေသော န.အ.ဖ အာဏာပိုင်တို့၏ လုပ်ရပ်များ၊ ထို လုပ်ရပ်များအပေါ် တဘက်သပ် ဝါဒ ဖြန့်ချိမှုများသာ ဖြစ်သည်။

ဒီမိုကရေစီတွင် လူတဦးချင်းတိုင်း၌ လွတ်လပ်စွာ နေထိုင်ပြုမူ ပြောဆိုပိုင်ခွင့် ရှိသည်။ သို့သော် မိမိကြောင့် အခြား သူများကို မထိခိုက်စေရန် စောင့်ထိန်းရသည့် ဒီမိုကရေစီ ကျင့်ဝတ်လည်း ရှိသည်။ တိတိကျကျ ပြောရလျှင် အခြားသူတို့၏ လူ့အခွင့်အရေး၊ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ နိုင်ငံ အစ ရှိသည်တို့ကို မထိခိုက်စေရန် ရှောင်ကြဉ်ရသည်။

ကျေးစေတမန်တွင် ရှိသော တဘက်သပ် ဝါဒဖြန့် စာများကိုကြည့်လျှင် ထိုသို့ ရေးသားသူများသည် “ဒီမိုကရေစီ” အကြောင်း ကို အသေအချာ မသိပဲ ဖြီးဖြန်းနေသည်ကို အထင်းသား တွေ့ရသည်။ တဖန် ထိုစာများ ရေးသား ဖြန့်ဝေရန် ခွင့်ပြုသော အာဏာပိုင် များသည်လည်း ဒီမိုကရေစီကို စိုးစဉ်းမျှ နားမလည်ပဲ အကြောက်ကြီး ကြောက်နေကာ နည်းမျိုးစုံဖြင့် ပိတ်ဆို့လျှက် ရှိနေကြောင်း ဆက်စပ် တွေးတော၍ ရလာသည်။ ဤအတိုင်းသာ ဆက်သွားလျှင် မြန်မာနိုင်ငံ၏ အနာဂတ်မှာ အတော့်ကို စိုးရိမ်စရာ ကောင်းနေတော့သည်။

မြန်မာနိုင်ငံကား ဒီမိုကရေစီ အသွင်ပြောင်းနိုင်ရန် တော်လှန်နေသော (သို့) ကြွေးကြော်နေသော (သို့) တောင်းဆိုနေသော နိုင်ငံဖြစ်သည်။ လက်ရှိ ကမာ္ဘ့နိုင်ငံရေး အနေအထားအရ ဖြစ်စေ၊ လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေးအရ ဖြစ်စေ၊ တိုင်းရင်းသားပေါင်း များစွာ စုစည်း နေထိုင်သော မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့စရိုက်အရ ဖြစ်စေ “ဒီမိုကရေစီ” မဖြစ်မနေ လိုအပ်သည်။

ဒီမိုကရေစနစ်ကို အမှန်တကယ် ထူထောင်နိုင်မှ လူတိုင်းလူတိုင်း လူ့အခွင့်အရေး ပြည့်ဝမည်။ တရားဥပဒေ စိုးမိုးမှု ရှိမည်။ လက်ရှိတွင် နိုင်ငံကို အုပ်စိုး နေသူတို့အနေဖြင့် ဒီမိုကရေစီကို မဖြစ်မနေ လက်ခံဖို့လိုသည်။ လေ့လာဖို့ လိုနေသည်။ ကျင့်သုံးတတ်ဖို့ လိုနေသည်။

နိုင်ငံရေး လောကတွင် လူထု ထောက်ခံမှုရလျှင် မည်သူမဆို အောင်မြင်သည်။ လူထုက ဒီမိုကရေစီကို ကြိုက်သည်။ လူထု အကြိုက်ကို လိုက်မည်ဆိုလျှင် ဒီမိုကရေစီမှ တပါး အခြားဝါဒ ဖြန့်ချိစရာ မရှိကြောင်း လက်ရှိ နိုင်ငံအုပ်ချုပ်သူတို့ သာမက အလောင်းအလျာ တို့ကပါ သိထားအပ်သည်။

ဒီမိုကရေစီကို လူထုက မကြိုက်အောင်၊ လက်မခံအောင် မည်သို့မျှ ဝါဒမဖြန့်နိုင်၊ မည်သို့ပင် အာဏာသုံး၍ တားဆီး စေကာမူ မအောင်မြင်နိုင်။ ဤ အသိတရားမျိုး ကင်းမဲ့လျှက် ဆက်လုပ်နေသရွေ့ လူထု ချဉ်ဖတ်၊ လူထု၏ ရန်သူသာ ဖြစ်နေ ပေလိမ့်မည်။

လွင်အောင်စိုး

LEAVE A REPLY

Please enter your comment!
Please enter your name here