မြန်မာနှင့် မြောက်ကိုရီးယား အနုမြူ စီမံကိန်းအား ဟီလာရီကလင်တန် စိုးရိမ်ဟုဆို

alt

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က သူမ အနေနှင့် မြန်မာနှင့် မြောက်ကိုရီးယား အစိုးရ များသည် အနုမြူ စီမံကိန်းများ ပူးပေါင်း ဆောင်ရွက် မည်ကို စိုးရိမ် မိကြောင်း ၀န်ခံသွားသည်။

အနုမြူဗုံးကို အောင်မြင်စွာ စမ်းသပ်နိုင်ပြီး ဖြစ်သည့် မြောက်ကိုရီးယား နှင့် မြန်မာ စစ်အစိုးရတို့ ရင်းနှီးစွာ ဆက်ဆံ နေကြခြင်းသည် သတိပြု သင့်သည့် အခြေအနေ တရပ်ဟု ဟီလာရီက ဇူလိုင်လ (၂၂)ရက် နေ့က ပြောကြားခဲ့သည်။

အကယ်၍ မြန်မာ အစိုးရသာ အနုမြူလက်နက်များ ပိုင်ဆိုင် လာပါက ဒေသတွင်း လုံခြံုရေးနှင့် ငြိမ်းချမ်းရေး အတွက် အကြီးအကျယ် ခြိမ်းခြောက်မှု တခု ဖြစ်လာနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက သုံးသပ်သွားသည်။ သူမသည် ထိုင်းနိုင်ငံ၊ ဖူးခက် ဒေသသို့ ရောက်ရှိနေပြီး အမေရိကန်နှင့် အရှေ့တောင်အာရှ နိုင်ငံများကြား အရေးပါသော လုံခြံုရေး ဆွေးနွေးမှုများ ပြုလုပ်ရန် လာရောက်ခဲ့ခြင်း ဖြစ်သည်။

ဟီလာရီ သည် မြောက်ကိုရီးယား၏ အနုမြူ ခြိမ်းခြောက် လာမှုကြောင့် ရုရှား၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံ များနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်သွားရန် စီစဉ်ထားသည်။ မြောက်ကိုရီးယား အနေနှင့် စစ်အစိုးရ အုပ်ချုပ်နေသည့် မြန်မာနိုင်ငံသို့ အနုမြူ နည်းပညာများ လက်ဆင့် ကမ်းလိုက်မည်ကို အလွန် စိုးရိမ်မိကြောင်း ထိုင်းအမျိုးသား ရုပ်မြင်သံကြားဌာန နှင့် အင်တာဗျူးတွင် ဟီလာရီက ပြောဆိုသွားခဲ့ ခြင်း ဖြစ်သည်။

မြန်မာနှင့် မြောက်ကိုရီးယား နိုင်ငံ နှစ်ခုလုံးသည် အာဏာရှင် အစိုးရများ လက်အောက်သို့ ကျရောက်နေပြီး အမေရိကန်နှင့် အနောက်အုပ်စု နိုင်ငံများ၏ ပိတ်ဆို့မှုများကို ကြံုရပြီးနောက် နှစ်နိုင်ငံ ပိုမို ရင်းနှီးလာနေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here