ပါကစ္စတန် ကရာချိတွင် ဆိုးဆိုးဝါးဝါး ရေလွှမ်းမိုးမှု ဖြစ်ပွား

alt

ဇူလိုင်လ (၁၇)ရက်မှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လာကာ လူ(၂၆)ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဖော်ပြခဲ့သည်။

ထို့အတူ လူ(၁၅၀) ကျော်မျှ ဒဏ်ရာ ရရှိခဲ့သလို အိုးအိမ်ပျက်စီးမှု အတော်များများ ရှိခဲ့ကြောင်းလည်း သိရှိရသည်။ ဇူလိုင်လ (၁၉)ရက် နေ့ထိ ဆက်တိုက် ရွာသွန်းသော မိုးသည် ပါကစ္စတန်၏ စီးပွားရေး မြို့တော်ဖြစ်သော ကရာချိ နှင့် ပတ်ဝန်းကျင် ဒေသများတွင် နှစ်ပေါင်း (၃၀) အတွင်း အဆိုးဆုံး ရေကြီး ရေလျှံမှုများကို ပေါ်ပေါက် လာစေခဲ့သည်။

သေဆုံး သူများအနက် အချို့တို့သည် အိမ်ပြိုကျရာမှ ပိမိပြီး သေဆုံးသလို ရေနစ် သေဆုံးသူများလည်း ပါရှိကြောင်း ကယ်ဆယ်ရေး အဖွဲ့များက ဆိုသည်။ ရမ်ဆွမ်မီတွင် (၆)ထပ်တိုက် တတိုက်လုံး ပြိုကျခဲ့သလို အိုရန်ဂျီ တွင်လည်း အိမ်ပြိုမှုများကြောင့် သေဆုံးသူ အနည်းဆုံး (၂)ဦးမျှ ရှိခဲ့သည်။ ဇူလိုင်လ (၁၈)ရက် နေ့မှစပြီး ကရာချိရှိ ဒေသ အတော်များများတွင် လျှပ်စစ်မီး ပြတ်တောက်မှုများ ပေါ်ပေါက်ခဲ့သေးသည်။

ကယ်ဆယ်ရေး တပ်ဖွဲ့များသည် ယခုအချိန်ထိ ရေတွင် မြောလာသော ရုပ်အလောင်းများနှင့် နေအိမ်ပျက်များတွင် ညပ်နေသော သေဆုံးသူ၊ ဒဏ်ရာရသူများကို ရှာဖွေ နေဆဲဖြစ်သည်။ ရေကြီးမှုကြောင့် မော်တော်ကား ရာပေါင်းများစွာ တို့သည်လည်း ကရာချိ လမ်းမများပေါ်တွင် ကြပ်ညပ်ကာ ယာဉ်ကြော ပိတ်ဆို့မှုများ ပေါ်ပေါက်ခဲ့သည်။

သတင်းများ အရ ဇူလိုင်လ (၂၀)ရက်နေ့ နံနက်ပိုင်း အထိ ကယ်ဆယ်ရေး ၀န်ထမ်းများသည် နေအိမ်များအတွင်း ၀င်ရောက်နေသော ရေများကို ဖယ်ရှားနိုင်ရေး လုံးပမ်း နေရဆဲဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here