ကားတစင်း ဝယ်လျှင် ရိုင်ဖယ်သေနတ် အခမဲ့ရမည့် အစီအစဉ်

alt

အမေရိကန်တွင် ကားတစင်း ၀ယ်ပါက ရိုင်ဖယ်သေနတ် တလက်ကို အခမဲ့ ရယူနိုင်သော လက်ဆောင် အစီအစဉ်တခုကို မော်တော်ယာဉ် ကုမ္မဏီတခုက ကြေညာ လိုက်သည်။

ကင်းဆတ် တောင်ပိုင်းရှိ ဘတ်လာတွင် အခြေစိုက်သော Max Motors သည် ၎င်းတို့ထံမှ ထုတ်လုပ်သော ပစ်ကပ် ကားတစ်စင်း ၀ယ်ယူ သူတိုင်းအား ရုရှားလုပ် AK-47 အော်တိုမက်တစ် ရိုင်ဖယ်တလက် ပေးအပ်သွားမည်ဟု ကုမ္မဏီပိုင်ရှင် မတ်မူလာက အတည်ပြု ပြောဆိုခဲ့သည်။

ထို အစီအစဉ်ကို ဩဂုတ်လတွင် စတင် သွားမည်ဖြစ်ပြီး ယခင်ကလည်း အခြားသော ကုမ္မဏီများသည် မော်တော်ကား ၀ယ်ယူပါက သေနတ် လက်ဆောင်ပေးပြီး အရောင်းမြှင့်တင်မှုများ ပြုလုပ် ခဲ့သေးကြောင်း သိရသည်။ ပြီးခဲ့သည့် နှစ်က မော်တော်ကား အရောင်း ကိုယ်စားလှယ်များသည် တလအတွင်း မော်တော်ကား (၃၅)စီး အထိ ရောင်းချနိုင်ခဲ့ပါက ပစ္စတို သေနတ်တလက်ကို လက်ဆောင်အဖြစ် ချီးမြှင့်ခံရသည်။

အသက် (၄၉)နှစ်ရှိ မူလာက အမေရိကန်တို့၏ လက်နက် ကိုင်ဆောင်ချင်သော အလေ့အထကို အလွန်စွဲလန်း နှစ်သက်မိပြီး ယခု စီစဉ်သော သေနတ်လက်ဆောင် အစီအစဉ်သည် အောင်မြင်မှု ရရှိမည်ဟု ယူဆထားကြောင်း ပြောကြားခဲ့သည်။ သေနတ်များကို ကုမ္မဏီက လက်ဆောင် ပေးခဲ့သော်လည်း လက်နက်အတွက် အဓိက တာဝန်ရှိသူမှာ လက်နက် ကိုင်ဆောင်သူသာ ဖြစ်ကြောင်းလည်း မူလာ က ဆိုသည်။

ယခု Ak-47 များအား ရမ်းကား တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် ပေးထားခြင်း မဟုတ်ဘဲ ကိုယ့်ကိုကိုယ် ကာကွယ်ရန် အတွက်သာ လက်ဆောင် ပေးခြင်းဟုလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ ထို့အပြင် AK-47 ကျည်ဆံများသည် ၀ယ်ယူရန် အလွန် ခက်ခဲသဖြင့် လက်နက် ကိုင်ဆောင်သူများသည် ဟန်ပြ အဖြစ်သာ ခြိမ်းခြောက်၍ ရနိုင်ပြီး အန္တရာယ်ကို တွန်းလှန်နိုင်ရန်သာ ရည်ရွယ်ထားကြောင်း မူလာက ရှင်းလင်း ပြောကြားသွားသည်။

သို့သော်လည်း ကုမ္မဏီပိုင် ၀ဘ်ဆိုဒ်တွင် အဆိုပါ အစီအစဉ်အတွက် ထောက်ခံသူများ ရှိနေသလို အလွန်ရူးမိုက်သော အစီအစဉ်သာ ဖြစ်ကြောင်း မှတ်ချက်ပြု ရေးသား ခဲ့သူများကိုလည်း တွေ့ရှိနေရကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here