ကျမသိတဲ့ မစုတို့ ဝန်းကျင်

ဆောင်းပါး သရုပ်ဖေါ် © မင်းကျော်

ဒီလိုနေ့ ရောက်ရင် တာဝါလိန်းလမ်းက အိမ်မှာရော ကုက္ကိုင်းက အိမ်ရော သူ့အဖေ ဗိုလ်ချုပ်အတွက် ဆွမ်းသွပ် အမျှဝေ နေကြပါ၊ ဇိုးကနဲ ဇတ်ကနဲ ရွာတတ်တဲ့ ရန်ကုန်မိုးတွင် မကဖူး

တပြည်လုံးမှာ အဲဒီနေ့ဆို သူ့အဖေ ကျမတို့ လွတ်လပ်ရေး ခေါင်းဆောင်ကြီး နဲ့ သူရဲကောင်း အပေါင်းအပါတွေ အတွက် ပြည်သူတွေတင် မကဖူး ရာသီဥတု ကပါ တနေ့လုံး ညိုမှိုင်းဆိုင်းလို့ ပြိုမလို ငိုမလိုကို ဖြစ်နေတတ်တာ။

မှတ်မိသေးတယ်၊ ကျမတို့ ငယ်သေးတဲ့ အချိန် ဒီလို အာဇာနည်နေ့မျိုး တာဝါလိန်းလမ်း အိမ်မှာ ဆွမ်းကပ်လို့ ဧည့်ကောင်း ဆောင်ကောင်းတွေ လာကြရင် မစုနဲ့ ကျမက ခလေးတွေဆိုတော့ လာတဲ့ ဧည့်သည် ဖိနပ်တွေ စီပေါ့၊ ဖိနပ်တွေကို အိတ်ကလေးတွေနဲ့ထည့် နံပါတ်တွေ ရေးထားပေး တတ်တာ၊ လာကြပါတယ် ဧည့်မျိုးစုံပဲ၊ တခါတော့ ဖိနပ်တွေ စီရင်း ဖိနပ်တဖက်က ရှာမရဖူး၊ မစုရော ကျမပါ ဒေါင်းတောက်အောင်ကို ရှာတာပဲ မတွေ့ခဲ့ဖူး၊ နောက်ဧည့်သည်တွေ ပြန်တော့ အဲဒီဧည့်သည် တယောက်က စစ်ပြန်ကြီး ခြေတဖက် မရှိဖူးလေ ဖိနပ်တဖက်ပဲ စီးပြီး ပြန်တော့ မစုနဲ့ ကျမတို့ ကိုယ့်အဖြစ်ကိုကိုယ် ငိုအားထက် ရယ်အားသန် ဖြစ်ပျက်ခဲ့ကြတာတွေ အခုထိ ခပ်ရေးရေး မှတ်မိ နေပါသေးတယ်။

တခါသား အာဇာနည်နေ့ ဆွမ်းကပ်ယင်း အိမ်နံဘေး လမ်းဟိုဖက် ရွှေကြက်ယက်ကျောင်းက ကိုယ်တော်တွေကို ပင့်ဖိတ်ပါတယ်၊ ရွှေကြက်ယက်က ကိုယ်တော် ဘုန်းကြီး ဝဝကြီးတပါး ဆိုရင် ဒံပေါက်ကပ်တဲ့ နှစ်တိုင်း ဆွမ်းဘုန်းပေးတာ ထမင်းစားပွဲ နံဘေးမှာ ပန်းကန်တွေကို ထပ်လို့ စီထားတာ ၁၀ချပ်လောက်ရှိပြီ ဒီတော့ ဖိနပ် စီရင်း ဆော့ ကစားနေတဲ့ မစုက ကျမကို လက်ကလေး လူမမြင်အောင် မသိမသာ ဝှက်ပြီး ဘုန်းကြီး ဘုန်းပေးတာ ၁၀ ပန်းကန်ရှိပြီလို့ ပြခဲ့ဖူးတာ တရေးရေး ပြန်မြင်ယောင်နေ မိတယ်။

ဒေါ်အောင်ဆန်းစုကြည်လို့ ခေါ်တဲ့ မစုရဲ့ အမေ ဒေါ်ခင်ကြည်နဲ့ ကျမတို့ အမေက ဝမ်းကွဲ ညီအမ တွေပါ၊ ၁၉၅၂ခုနှစ် မြောင်းမြမြို့ကြီး မီးလောင်တော့ ကျမတို့ အမေက ရန်ကုန်တက်ပြီး သူနာပြု ဆရာမလေး လုပ်မယ် ဆိုပြီး ထွက်လာခဲ့တယ်၊ ဒီအချိန် ဒေါ်ခင်ကြည်က လူမှုဝန်ထမ်း ဝန်ကြီး ဖြစ်နေပြီလေ၊ သူတို့တွေ ကုက္ကိုင်း လမ်းဆုံနားက တက္ကသိုလ်ရိပ်သာလမ်း အိမ်ပြောင်းသွားတဲ့ အထိ ဝမ်းကွဲတွေမို့ တာဝါလိန်းက အိမ်ကြီးမှာပဲ ကျမတို့ မိသားစုကို ပေးနေတာပေါ့လို့၊ ဟိုအရင် အနှစ် ၅၀ကျော်က အဖြစ်တွေကို ဒေါ်အောင်ဆန်းစုကြည်က မနီလို့ ခေါ်တဲ့ ကျောင်းဆရာမဟောင်းကြီး အန်တီနီက ကြိမ်ကုလားထိုင်ကြီး တလုံးမှာ ထိုင်လို့ ကိုလံဘီယာ မြစ်ဆီက ခပ်စိမ့်စိမ့် တိုက်ခတ်လာတဲ့ လေစိမ်းတွေနဲ့ အတူ သူစိမ်းနယ် တနယ်ခြားမှာ တခုတ်တရ ပြန်ပြောင်း ပြောပြ နေပါတော့တယ်။

တကယ် ပြောရယင် မစုတို့ တက္ကသိုလ်ရိပ်သာလမ်း ပြောင်းသွားပြီး ၅နှစ်လောက် အထိ အခု ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်လမ်းလို့ ခေါ်တဲ့ တာဝါလိန်းလမ်းအိမ် အခုလို ပြတိုက် မဖြစ်ခင် အထိ ကျမတို့ နောက်ဆုံးနေခဲ့ ကြတာပါလို့ ဆက်ဆို ပြန်ပါတယ်။ မစုတို့ အိမ်ပြောင်းသွားမှ ကုလားလင်မယား ၂ယောက် အဖေါ်ခေါ်ထားပြီး ကျမတို့ ဆက်နေ ကျန်ခဲ့တယ်။ အဲဒီ အိမ်ကြီးက အရင် ကုလားသူဋ္ဌေး အိမ်ကြီးလို့ အရပ်က ပြောကြတာ … ဟုတ်မယ်၊ ဝက်သားဟင်း ချက်ပြီဟေ့ ဆို အိမ်နောက်က မီးဖိုချောင်ထဲ လူမရှိရင် ဝက်သားဟင်းအိုးဖုံး ဖွင့်သံလိုလို ဗြောင်ဆန်နေအောင် ကြားနေရတာပဲ၊ ကျမတို့က ကလေးတွေမို့ လားမသိ ဘာမှ မတွေ့ခဲ့ မကြားခဲ့ရဖူး။

ကျမတို့ အမေ ပြောပြောနေလို့ မှတ်မိနေတာက တချို့က ပြောကြတယ်၊ ဒေါ်ခင်ကြည်က ခရိယာန်တို့ ဘာတို့ တွေပေါ့လေ၊ မဟုတ်ရပါဖူး ဧရာဝတီတိုင်းက ဗမာစစ်စစ် တွေပါ၊ ဒေါ်ခင်ကြည် တို့က မြောင်းမြ ဇာတိပေါ့၊ သူ့အဖေက ယခင်လွတ်လပ်ရေး မရမီ ကတည်းက လမ်းဗိုလ် ဦးဖိုးညှင်းပါ၊ အမေက ဒေါ်စု မြောင်းမြ ရှမ်းကုန်းပိုင်း အရပ်မှာနေကြတာ သားချင်း ၁၀ယောက် ရှိတယ်၊ အမေက တခါတလေ နောက်ပြီး မှတ်ချက်ပြုတယ် အဖိုးက အဖွားနဲ့ တခါက စကားများ ရန်ဖြစ်ပြီး ၃နှစ်လုံးလုံး စကားမပြော ခဲ့ကြဖူးတဲ့ ၊ တော်သေးတာပေါ့ ၃နှစ် စိတ်ကောက်နေလို့ တဲ့ မကောက်များ နေခဲ့ရင် သားချင်း ၁၃ယောက်တောင် ရှိမတဲ့၊ အမေက မြောင်းမြမှာ ကျောင်းလာနေလို့ ဒေါ်ခင်ကြည်တို့ အိမ်မှာနေတာတဲ့၊ အဖိုးက ဗမာစစ်ပေမဲ့ ဧရာဝတီတိုင်းက ကရင်တွေ သစ္စာရှိတာ ကြည်ညိုရင်းစွဲရှိလို့ ခရိယာန်ဘာသာထဲ ဝင်လိုက်သတဲ့၊ ဒီတော့ ကျမတို့ က အဖိုးရှေ့မှာ အာမင်၊ အဖွားရှေ့မှာ သာဓုပေါ့၊ ဒါပေမဲ့ ဒေါ်ခင်ကြည်က ဗုဒ္ဓဘာသာဝင်ပါ၊ လူတွေ ထင်ကြေးနဲ့ ပြောကြတာ ဖြစ်မယ် ထင်ပါတယ်လို့ ကျောင်း ဆရာမဟောင်းကြီး အန်တီနီက ပြောပြပါတယ်။

ကျမ တို့နဲ့ မစုတို့က ဝမ်းကွဲတွေပေမဲ့ ငယ်တုန်းကသာ တအိမ်ထဲ အတူနေခဲ့ကြတာ ဦးနေဝင်း ကန်ထုတ်လို့ သူ့အမေ ဒေါ်ခင်ကြည် အိန္ဒိယသံအမတ်ကြီး အဖြစ်နဲ့လဲ ပြောင်းသွားရော ကျမတို့လဲ ဆွေမျိုးသားခြင်း အဖြစ်က အကြောကို ပြတ်ရောပဲလို့ ဆိုတယ်၊ ကျမက ဒေါ်စုထက် ကြီးပါတယ်၊ ဒေါ်စုက မနီ…လို့ ခေါ်သူပါ၊ အောင်းဆန်းဦးနဲ့က တရွယ်ထဲပေါ့၊ သူတကာတွေ တွေးထင်နေတဲ့ အောင်ဆန်းလင်း သေတဲ့ ကိစ္စကလည်း သူတို့အဖေ ဗိုလ်ချုပ်ဆုံးပြီးမှ ဖြစ်တာပါ၊ အချို့ကတော့ ဗိုလ်ချုပ် လုပ်ကြံ မခံရခင်လို့ ထင်မြင်ပုံရတယ်၊ ဖြစ်ကြောင်းရယ် ကုန်စင်က ဒီလို တာဝါလိန်းအိမ်က ဗိုလ်ချုပ်ရှိစဉ် ကတည်းက စိုက်ထားတဲ့ ခြံစည်းရိုး အစပ်က ကင်ပွန်းချဉ်ပင်၊ ဆူးပုပ်ပင်တွေ ဝေညွတ်နေအောင် ထွက်လို့ အရိပ်ရတာကိုး၊ တရက်တော့ မောင်နှမ ၃ယောက် ဒီနေရာလေးမှာ ကစားရင်း ထမင်းစားချိန်မို့ ကုန်းကမူလေး ရှိတဲ့ ရဲတိုက်အိမ်ကြီးဆီ အားလုံး ပြန်အတက်မှာ အောင်ဆန်းလင်းက အပင်တွေ ရေလောင်းဖို့ တူးထားတဲ့ ရေကန်လေး ၁၀ပေ ဝန်းကျင် ကျော်ကျော်လေး ကျယ်ပြီး ၁၅ပေနက်တဲ့ ကန်အစပ်မှာ ကစားစရာ သေနတ်ကျန်ခဲ့လို့ ပြန်အယူ ဒီရေကန်ထဲကျ ရေနှစ်ပြီး ဆုံးတာပါပဲ လူကြီးတွေ သိတဲ့ အချိန်မှာတော့ အသက် မမီတော့ဖူးလေ။

ကျောင်းနေတော့လည်း အောင်ဆန်းဦးက တာမွေ(၄) ခေါ်တဲ့ စိန့်ဖရန့်စစ် မှာ နောက်မှ အ.ထ.က(၆) ဗိုလ်တထောင် (စိန်ပေါလ်) ကို ပြောင်းသွားတာ ကျမလည်း မစုလို စိန်ဖရန်းစစ် မှာပဲ နောက်တော့ သူ အင်္ဂလိပ် မက်သဒစ်( ဒဂုံ-၁ ) ကို ပြောင်းသွားတယ်၊ ကျမတို့ ရန်ကင်းကောလိပ် ရောက်တော့ အောင်းဆန်းဦးက ကျောင်းပေါက်ဝက လာလာစောင့်တယ် အဖြစ်က သူ့မှာ ပါတဲ့ ပေါင်မုန့်တို့ ကြက်ဥတို့ မစားချင်တော့ သူ့ထမင်းဘူး ကျမကိုပေးပြီး ကျမရတဲ့ အိမ်က မုန့်ဖိုးသူ ယူပါတယ်၊ ပြီးတော့ အဲဒီမုန့်ဖိုး ငါးမူးနဲ့ ဇီးပေါင်း ခေါ်မလား? ငရုတ်သီးတွေ ဆားတွေနဲ့ နယ်ထားတဲ့ ကတော့ထိုး ဇီးသီးကို ဝယ်, ဝယ်စားတယ်၊ တရက်ကြတော့ သူ ကျမကို ထမင်းဘူးပေးပြီး ညနေအပြန် ထမင်းဘူး ပြန်ယူဖို့ မေ့သွားတယ် ကားပေါ်ရောက်မှ ဒေါ်ခင်ကြည်ရဲ့ အမ သူတို့ရဲ့ ဂျီးဒေါ် ဒေါ်ခင်တင့်ကို ပြောတော့ ကားပြန်လှည့်ပြီး ကျမတို့ ရန်ကင်းအိမ်မှာ ထမင်းဘူးလာယူတာ ဒီအဖြစ်ကို ကျမ အဖေ သိသွားတော့ နောက်နေ့က စပြီး ကျောင်းသွားရင် အောင်ဆန်းဦး ငါးမူး၊ ကျမ ငါးမူးရပါတယ် နောက်သူအင်္ဂလန် ကျောင်းသွားတက်တော့ ကျမ သူ့အတွက်ရတဲ့ မုန့်ဖိုး သူကိုယ်စား ဆက်ရနေသေးတယ် နောက်မှ အဖေသိပြီး မပေးတော့တာ ဒီကနေ စပြီး အောင်ဆန်းဦးနဲ့ အဆက်အသွယ် ပြတ်သွားတာ သူလည်း ဆန်တီရေးဂိုးမှာ ပြောကြတယ် ကျမက အော်ရီဂန်မှာ မြေပုံအရ အထက်နဲ့ အောက်ဆိုတော့ ခရီးကဝေးတာရယ်၊ အရွယ်ကလည်းရ ကျန်းမာရေးက ချူချာတော့ ခုထိ မတွေ့နိုင်ကြ သေးဖူးလေ။

ကျမတို့လည်း ဘွဲ့ရ အလုပ်အကိုင်တွေနဲ့ အိမ်ထောင်ရေး ဝန်တာတွေ ထမ်းနေရတော့ ဆွေမျိုးခြင်း ခပ်ကင်းကင်း ဖြစ်သွားတယ်၊ ဒေါ်စုဆီနောက်ပိုင်း ညီအမတွေပဲ အဆက်အသွယ် လုပ်မယ်ဆိုတော့ အမေဖြစ်သူက တားတယ်၊ နင်တို့က အစိုးရ ဝန်ထမ်းလုပ်နေကြတာ သူက နိုင်ငံရေး လုပ်နေတာ၊ သွား မဆက်လေနဲ့ ဟိုကောင်တွေက စိတ်ချရတာ မဟုတ်ဖူး၊ နင်တို့လို ဝန်ထမ်းဆို တကယ်လုပ်မှာလို့ ပြောရှာတယ်၊ ဒါနဲ့ မဆက်ဖြစ်ပြန်ဖူး၊ နောက်ဆုံး အမေဆုံးတော့ ဒေါ်အောင်းဆန်းစုကြည်လို့ ခေါ်တဲ့ မစု အိမ် ကျမတို့ ညီအမတွေ သွားအကြောင်း ကြားတယ်၊ ကုက္ကိုင်းလမ်းဆုံ ကျော်ပြီး ပြည့်ဝ စားတော်ဆက် နားမရောက်မီ ဂိတ်ကလေးနားက ထမင်းစားမလို့ လုပ်နေတဲ့ ရဲဘော်လေးတွေနဲ့ တွေ့တော့ အကျိုးသင့် အကြောင်းသင့် ပြောပြလို့ နာရေး ဖြစ်နေတာမို့ ခွင့်တောင်းတော့ သွားခွင့်ပြုတယ်၊ ခြံဝရောက်လို့ တံခါးဖွင့် ထွက်လာတဲ့ စစ်ဗိုလ်တယောက် တွေ့ပါလေရော၊ ကျမတို့ ညီအမတွေ ပြောပြတော့ ဒီစစ်ဗိုလ်လေးက မောက်မောက်မာမာကို ပြောဆိုဆက်ဆံပြီး၊ ခင်ဗျားတို့ ဘယ်သူအမိန့်နဲ့ လာတာလဲ? ခင်ဗျား .. တို့ညီမ ဒေါ်စုကြည် က ထောင်ကျ နေတာဗျ ! ….သွား….သွား….သွား … လူမပြောနဲ့ ပုရွက်ဆိတ်တောင် မဝင်ရဖူး! လုံခြံုရေး အရမို့ ခွင့်မပြုနိုင်ဖူးလို့ ဆိုကာ ရိုင်းပြစွာ ငြင်းလွှတ်ပါတယ်၊ အပြန်ခရီး လမ်းထိပ်က ဂိတ်တဲထဲ ထမင်းစားနေတဲ့ စစ်သားတွေ ခမျာမှာ ကျမတို့ကို ခွင့်ပြုမိလို့ မအေနှမ စုံအောင် ကိုင်တုတ်နေတဲ့ စစ်ဗိုလ်ကြီးကို တွေ့လိုက်ရတယ် ဆိုရင်ပဲ၊ ေဩာ်……ဒီလို ဟီရိဩတ္တပ္ပ တရား နည်းလှတဲ့ လူမျိုးတွေ အုပ်ချုပ်နေတဲ့ နိုင်ငံမျိုး ပြည်သူတွေ တွင်းဆုံး ကျလေပေါ့လို့ ကြိမ်ခါ အဖန်ဖန် တွေးနေမိတော့တယ် ဆိုပြီး ရင်ထဲက လာတဲ့အသံနဲ့ အန်တီနီ တဆစ်ဆစ် နာကျင်သလို ပြောပြနေတော့တယ်။

ကျမတို့လို ဆွေမျိုးသားချင်း တော်သူတွေတောင် နာရေးကိစ္စ လာအကြောင်းကြားတာ ဝင်ခွင့် မပေးခဲ့တဲ့ မစုတို့ အိမ်ဝင်ခွင့် တလောကပဲ ကြားလိုက်ပါတယ် ရေဒီယိုတွေမှာ ပွက်လော ရိုက်လို့ပေါ့ အမေရိကားက ဂျွန်ဝီလျံ ယက်ထော( John William Yettaw ) ဆိုသူ တယောက်ကတော့ ဝင်လိုက် ထွက်လိုက်တာမှ လျောကနဲ လျောကနဲ ဆိုပဲ။ ဗိုလ်ချုပ်လှဋ္ဌေးဝင်းလို တပည့်တွေ နာမည်ကျော် စာရေးဆရာ နီကိုရဲလို တပည့်မျိုးတွေ မွေးထုတ်ခဲ့ဖူးတဲ့ ကျောင်းဆရာမဟောင်း အန်တီနီက စစ်ဗိုလ်ကြီးတွေကို မေးချင်စမ်း ပါဘိတဲ့ … ယက်ထော … ဘယ် အချိုး၊ ဘယ် တန်ခိုးမျိုးနဲ့ တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် (၅၄) ကို ဝင်သွားပါလိမ့်။

တွေ့ဆုံမေး – ဒူကဘာ

ယခု တွေ့ဆုံမေး ဆောင်းပါး ဖြစ်မြောက်ရန် များစွာကူညီ အမှုပြုခဲ့သူ ဦးမောင်မောင် (ဆေးမှူးကြီး) အော်ရီဂန်အား ကျေးဇူးတင်ရှိပါကြောင်း။

LEAVE A REPLY

Please enter your comment!
Please enter your name here