ချေမှုန်းရေး ဇူလိုင် မုန်တိုင်းများ

အချိန်ကား ….. ၁၉ရ၅ ခုနှစ်….ဇူလိုင်မိုးက တဖွဲဖွဲ မဆဲ ရှစ်ခွင်တိုင်း ဆိုင်း၍ အညှိုးနဲ့ ရွာသွန်းတော့ မလိုလို၊ တခါတရံ မိုးသက်လေပြင်းက တချက်တချက် ဖြန်းကနဲ ဝှေ့ရမ်းလိုက်ရင်များ ခပ်လှမ်းလှမ်း လယ်ကွင်းပြင်ထဲက စပါးပင်များက လေယူရာသိမ်း ယိမ်းထိုးလို့ ကကြိုးဆင်လျှက်။

မုံးကိုးချောင်း ဘေးပတ်လည် တောင်ကြော တခွင်လုံး မြူခိုးတွေ ညို့၍ ဝေနေသည်။ နှင်းမှုံ၊ မြူမှုံတွေက အရာအားလုံးကို လွမ်းခြံုသိုင်းဆိုင်းထား နေသည့်နှယ်၊ မုံးကိုး ပါတ်ဝန်းကျင် တောတောင် တခွင်လုံးမှာတော့ စိမ်းစိုနေလျက်ပင်။ ကျဆုံးသွားကြသည့် အာဇာနည် ရဲဘော်များရဲ့ အာဇာနည် ကျောက်တိုင် မလှမ်းမကမ်းမှာ မလှုပ်မယှက် ငုတ်တုပ်၊ အရှေ့မြောက် စစ်ဒေသ နိုင်ငံရေး ဌာန ရုံးခွဲထဲတွင် မိုးဒါဏ် လေဒါဏ်မမှုပဲ တကုတ်ကုတ် လှုပ်ရှားနေသူများ ရှိနေသည်။

နိုင်ငံရေး ဌာနအတွင်းမှ ရဲဘော်များ ဖြတ်သွား ဖြတ်လာ အလုပ် ဗျာများလျှက် ရှိနေသည်မှာ ပုရွက်ဆိတ်များ အစာချီသကဲ့သို့….နှယ်။ နိုင်ငံရေးဌာန၏ ဘေးပတ်လည်မှာတော့ စစ်ဦးစီးဌာန၊ ဆက်သွယ်ရေးဌာန၊ ထောက်ပံ့ရေးဌာန၊ လက်နက်ခဲယမ်း ဂိုဒေါင်နှင့် လက်နက်ပြင်ဌာန စသည့်ဌာန အသီးသီးမှ ရဲဘော်များ ကိုယ်စီ တာဝန်များဖြင့် အလုပ်များလျှက် ရှိနေကြသည်။ အာဇာနည် ကျောက်တိုင်ရှေ့ မြက်ခင်းပြင်မှာ တပ်ဖွဲ့ အသီးသီးက ရဲဘော် များ၊ ကေဒါများ၊ ရုံးဌာနမှ ရဲဘော်များ နေရာယူ စုဝေးကြလျက်။

စစ်ဒေသ နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းက အရေးကြီးသည့်၊ တိုက်ရမည့် စစ်ဆင်ရေး စီမံကိန်းတခုကို ချပြရန် ပြင်ဆင်နေသည်။ တိုက်ပွဲအတွက် ကေဒါထု တပ်သားထုကို လှုံ့ဆော်ရမည့် အစည်းအဝေးပွဲကြီး ဖြစ်သည်။ အစည်းအဝေး ပြီးသည်နှင့် တပြိုင်နက် တပ်သားထုကြီးက ” ပြည်သူ့ ဒီမိုကရေစီ တော်လှန်ရေး မုချ အောင်ရမည်” ”ဗမာပြည် ကွန်မြူနစ်ပါတီ အဓွန့်ရှည်ပါစေ” ” သံဓိဌာန်ချ.. အသက်စွန့်ရမှာ မကြောက် အောင်ပွဲကို အရယူကြ” ကြွေးကြော်သံများ က မိုးလုံးဟိန်းမျှ ညံကာ မိမိတို့ ကျရာ တာဝန်များကို ရွက်ဆောင်ရန် ရဲဘော်များ ထွက်ခွာ ခဲ့ကြတော့သည်။

ဥက္ကဌ သခင်သန်းထွန်း၊ သခင်တင်၊ အတွင်းရေးမှူး သခင်ချစ် တို့ ကျဆုံး သွားပြီးနောက် ဗမာပြည် ကွန်မြူနစ်ပါတီ ပျောက်ကြား အခြေခံ ပဲခူးရိုးမ ဒေသကြီးမှာ အပြောင်းအလဲတွေ ဖြစ်ခဲ့ရသည်။ ယာယီ ရှုံးနိမ့်မှု၊ ဆုတ်ခွာမှုတွေနဲ့ ရင်ဆိုင်နေရချိန်၊ ၁၉၆၈ ခုနှစ်က စပြီး ဒုဥက္ကဌ သခင်ဘသိန်းတင် ဦးဆောင်သည့် နယ်စပ် အခြေခံ စခန်းများဖွင့်ပြီး ရန်သူနှင့် တိုက်ပွဲများစွာ ရင်ဆိုင်ခဲ့ရသည်။ ပဲခူးရိုးမ ဒေသက ပါတီလုပ်ငန်း အရပ်ရပ်ကို သခင် ဗသိန်းတင်က လွှဲပြောင်း တာဝန်ယူခဲ့ရသည်။ လုပ်ငန်း တာဝန်သစ်နဲ့ အခြေခံဒေသ အသစ်များကို ဖေါ်ထုတ်ခဲ့သည်။ လွတ်မြောက်ဒေသများ တည်ထောင် လှုပ်ရှားခဲ့သည်။ မြေအောက်လုပ်ငန်းများ ဆက်လက် လှုပ်ရှားနေခဲ့ရ ပြန်သည်။

ပဲခူးရိုးမ တိုက်တိုင်းအောင် တပ်မှ တပ်မှူး ဗိုလ်တိုက်အောင်လဲ နယ်စပ်ဒေသသို့ တာဝန်ပြောင်းရွှေ့ အပြီး လူငယ် မျိုးဆက်သစ်များ မွေးမြူရေး တာဝန်များ ဆက်တိုက် ဆောင်ရွက်နေခဲ့သည်။ မြန်မာပြည် အရပ်ရပ်မှ ကျောင်းသားလူငယ်၊ အမှုထမ်းများ၊ အလွှာအသီးသီးမှ တိုးတက်သည့် လူငယ်များ နယ်စပ် အခြေခံစခမ်းသို့ တဖွဲဖွဲ ရောက်ရှိလာတော့ ဥက္ကဌ သခင်ဗသိန်းတင်က ဒေသဖြူက ရောက်ရှိလာသည့် တိုးတက်သည့် ကျောင်းသား လူငယ်များကို စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပေးဖို့ အတွက် စစ်ဒေသ အသီးသီးကို ညွှန်ကြားမှု ပေးခဲ့ပြီး ဖြစ်သည်။ ကျနော်တို့ ဒေသဖြူမှ လူငယ်များ တပ်စု တစုဖွဲ့ပြီး ဒေသတပ်၊ မြို့နယ်တပ်နဲ့ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြသည်။ ရုံးဌာနမှ ကေဒါများနှင့် ရဲဘော်များလည်း ပူးတွဲလှုပ်ရှားကြသည်။ ရန်သူ့ စခန်းသိမ်းပွဲ တခုကို စနစ်တကျ လေ့ကျင့် သင်ကြားခဲ့ရသည်။ လေ့ကျင်ရေး နိုင်ငံရေးမှူးမှာ ဂျပန်ခေတ် မင်္ဂလာဒုံ ပထမပါတ် ဗိုလ်သင်တန်းဆင်း ဗိုလ်သန်းရွှေ ဖြစ်သည်။ ရဲဘော်သန်းရွှေက ဂျပန်တော်လှန်ရေး အကြောင်း၊ ဘီအိုင်အေ ကာလများဆီက လွတ်မြောက်ရေးတိုက်ပွဲ အတွေ့အကြံုများ မိတ်ဆက် ပြန်ပြောင်း ပြောပြသည်။ မန္တလေး သိမ်းခဲ့ရသည့် တိုက်ပွဲ အတွေ့အကြံု တွေကိုပါ စုံစုံလင်လင် သင်ကြားပို့ချပါသည်။

ကျနော်လည်း ၁၉၇၀ခုနှစ် ရွှေရတုသဘင် လှုပ်ရှားမှုမှာ ပါ၀င်ခဲ့ပြီး ထောင်က လွတ်တော့ နယ်စပ် အခြေခံစခန်းကို ရောက်ရှိလာသည်။ အရှေ့မြောက်စစ်ဒေသ နိုင်ငံရေးဌာန ရုံးခွဲမှာ ကေဒါတယောက် အနေဖြင့် လုပ်ငန်းတာဝန် အမျိုးမျိုးကို ထမ်းဆောင်ခဲ့ရသည်။ စစ်ဒေသမှ ဦးစီးသည့် ဗိုလ်သန်းရွှေ၏ စခန်းသိမ်း လေ့ကျင့်ရေး တိုက်ပွဲ၏ ရန်သူစခမ်း ဖေါက်ခွဲရေး တပ်စိပ်မှာ တာဝန်ယူရ၍ တက်ကြွစွာ လှုပ်ရှားခဲ့သည်။ တပ်မဟာ(၂) လေ့ကျင့်ရေး ကေဒါတဦး သင်ကြားပို့ချသည့် ညတိုက်ပွဲ၊ ခြံုခိုတိုက်ပွဲများလည်း လေ့ကျင့်ခဲ့ရသည်။ ၁၉၇၅ ခုဇူလိုင် စစ်ဒေသ နိုင်ငံရေးမှူး ဦးဆောင်သည့် စစ်ဆင်ရေး စီမံကိန်းမှာ စစ်ဦးစီးဌာန၊ ညွှန်ကြားရေး အဖွဲ့မှာ တာဝန်ပေး ခံရသည်။ ဇူလိုင် စစ်ဆင်ရေး စီမံကိန်းကို တပ်မဟာ(၂) မှ တပ်ရင်း ၂ရင်း ထုတ်သုံးပြီး ပြည်သူ့စစ်၊ ဒေသတပ်နဲ့ ကျောင်းသားများ အထူးတပ်ဖွဲ့ တို့ဖြင် ဖွဲ့စည်း တိုက်ခိုက်ရန် ဖြစ်သည်။ ရန်သူ့စခန်းသိမ်း ထိုးဖေါက်ရေး တပ်ခွဲကို တပ်မဟာ (၂)မှ တာဝန်ယူ တိုက်ခိုက်ရန် တာဝန်ခွဲဝေကာ တိုက်ခိုက်ရေးအင်အား ထောင်ဂဏန်းဖြင့် ဖွဲ့စည်းထားသည်။ လက်နက်ကြီးတပ်ခွဲ၊ အမြောက်တပ်ခွဲ၊ သယ်ယူ ပို့ဆောင်ရေးတပ်စသည့် အမြဲတမ်းတပ် ပုံစံဖြင့် ချီတက် တိုက်ခိုက်ရန်ပင် ဖြစ်တော့သည်။ ကျောင်းသား တပ်ခွဲဟာ လက်နက် ခဲယမ်းမီးကျောက် အပြည့်အစုံနှင့် ရိက္ခာမကျန် တပ်ထွက်ရန် ဇူလိုင်မုန်တိုင်း တိုက်ခတ်ရန် ပြင်ဆင်လျှက် ရှိနေကြချေပြီ…။

၁၉၇၅ ခု ဇူလိုင် ၄-ရက်မှာ တပ်ဖွဲ့အသီးသီး တိုက်ပွဲဝင်ရန် အသင့်ပြင်ဆင်ပြီး ခရီးထွက်ရန် ပြင်ဆင်ကြသည်။ တပ်ကြီးတခုလုံး ခရီးဝေး၊ ခရီးပြင်း ချီတက် ထိုးစစ်ဝင်ရန် အတွက် နေရောညပါ သုံးရက် ချီတက်ရပါမည်။ မိုးတွင်း ကာလဖြစ်သဖြင့် ခရီးအပြင်းနှင်လေ မိုးရွာလေ ဖြစ်သဖြင့် အခက်အခဲ ကြီးသည်၊ မုန်းတိုင်းဟု ဆိုသဖြင့် ကြမ်းတမ်းမည်၊ ခက်ထန်မည် ဖြစ်သည်၊ မနက် စောစောကပင် ရှေ့ပြေး ကင်းတပ်က ခရီးထွက်သွားပြီ။ ထို့နောက် တနာရီခန့် အကြာမှာ တပ်အသီးသီး နေရာယူပြီး ချီတက်ကြသည်။ ဆေးတပ်ဖွဲ့မှာ အမျိုးသမီး ရဲဘော် တပ်စုတစု ပါ၀င် ချီတက်လာသည်ကို တွေ့ရသည်။ မုံးကိုး ဂွင်ကနေ တဖြည်းဖြည်းတက်ကာ မန်ကန်တောင်ကို ဖြတ်ကျော်၍ မုံးပေါ် ဂွင်အထိ အမြန် ချီတက်ရသည်။ မုံးပေါ်ဂွင်မှာ ခေတ္တရပ်နားပြီး ထမင်း ချက်စားကြသည်။ ရွှေကျင်ဝမ်း (စီဆီဝမ်း – တာပန်) တောင်ခြေမှာ နေရာယူပြီး ရှေ့ကင်းကို စောင့်နေကြရသည်။ ရွှေကျင်ဝမ်း တောင်ကြော တလျှောက် တပ်ဖွဲ့ အသီးသီး နေရာယူထားပြီး ရှေ့ခရီးအတွက် ပြင်ကြရသည်။ ရိက္ခာ ပြန်ဖြည့်ကြသည် ထိုအချိန်တွင် ညှို့မှိုင်းမှိုင်း အာကာတခွင်၌ အလင်းဆုတ်လျော့ လာခဲ့ချေပြီ။

ညနေစောင်းသည်နှင့် ရန်သူနယ်ထဲက ကားလမ်းကို အမြန်ဖြတ်ကြသည်။ ရန်သူ့ ဂွင်ထဲကို အမြန်ဆုံး ခပ်သုတ်သုတ် ထိုးဖေါက်ထွက်ရန် တတပ်လုံးကို လှုံ့ဆော်၍ ညခရီးပြင်း ချီတက်ရန်ဖြစ်သည်။ တပ်ဖွဲ့အသီးသီး နေ့ရောညပါ မိုးထဲရေထဲ ချီတက်ကြရသည်။ စိတ်ထဲမတော့ ေဩာ်ဒီနေ့ ဆိုလျှင် ဇူလိုင်-၆ရက်နေ့ ရောက်နေပြီ စိတ်ထဲ စဉ်းစားမိတုန်း အကြား အာရုံမှာတော့ လမ်းခရီးမှာ ကြမ်းလှသဖြင့် ခဏခဏ ချောလဲသံများ တဘိုင်း….ဘိုင်း … ကြားနေရသည်။ တောင်တက်ခရီးက ဒီလောက်မဟုတ်။ တောင်ဆင်းခရီးက ဝဿန်ချိန်မို့ ပိုဆိုးသည်ထင့်၊ ခြေမခိုင်သူ အချို့မှာတော့ ဖင်ဒရွတ်တိုက် ဆွဲပြီး တယောက်နဲ့ တယောက် လျောတိုက် ဆင်းကြရသည်။ မိုးရေတွေကြောင့် လမ်းခရီးက ဗွက်ပေါက်နေကာ တတောင်ဆင်း တတောင်တက် ဘာမထီ စိတ်ကြောင့် ပြည်သူ့ တပ်မတော်သားများ တိုက်ပွဲဝင်ရန် တက်ကြွ နေကြသည်။

ရှေ့တန်း ကင်းတပ်ဖွဲ့ ရန်သူ့ ဂွင်ထဲက ရန်သူ့ စခန်းအနားမှာ ရောက်နေချေပြီ။ ပြည်သူ့တပ်မတော် လှုပ်ရှားလာသည့် သတင်းကို သူတို့ သိရှိပုံ မရ။ ရန်သူ့ စခန်းက ပုံမှန် ဖြစ်နေသည်။ နမ့်ဖတ်ကာ ကားလမ်းကို ညအချိန် အမြန်ဖြတ်ကူးပြီး ခေတ္တ အနားယူကြသည်။ တိုက်ပွဲဝင်ရန် အချိန် ၄-နာရီခန့်သာ လိုတော့သည်။ ရဲဘော်များ အားလုံး အတွေးအခေါ် ပြင်ဆင်ထားကြရန် လှု့ံဆော်သည်။ ဇူလိုင်-၆ရက်နေ့ တညလုံး ရန်သူ့ဂွင်၊ ရန်သူ့စခန်း အနီးကို ထိုးဖေါက်ရေးအတွက် ပြင်ဆင်နေကြသည်။ ညသန်းခေါင် ၁၂နာရီ လောက်မှာ တပ်ဖွဲ့အားလုံး နေရာယူပြီး အနားယူ အိပ်စက်ကြသည်။ ရန်သူစခန်းကို နီးလာနေပြီ။ ဓါတ်မီး မထိုးရ။ စကားမပြောရ အသံ လုံခြံုရေးရှိဖို့ လုံခြံုရေး သတိပေးထားပြီး……….. မုန်တိုင်းထန်မည့် အချိန်ကိုသာ စောင့်နေကြရသည်။

ရင်ထဲမှာ ကိုယ်စီတော့ တောင်ကြောများလို အတွေးစ နိမ့်လိုက် မြင့်လိုက်…ရှိချေမည်။ ခပ်လှမ်းလှမ်းက တောကြော မြင့်မြင့်ကို ထိုးတက်လိုက်ရင် ရန်သူ့ စခန်းကို မြင်နိုင်စွမ်းသည်လို့ ပြောကြသည်၊ ကိုယ်တိုင် သွားကြည့်မှ  ရန်သူ့စခန်းက တပ်ခြံစည်းရိုး ကာထားသည်။ တပ်ဘေး ပတ်ပတ်လည်မှာ မြေမြုပ်မိုင်းများ မြုပ်ထားသည်။ လိုက်မြောင်းနဲ့ အခိုင်အမာ ခံကတုတ်များ ခိုင်ခိုင်ခန့်ခန့် တည်ဆောက် ထားပုံရသည်ဟု စိတ်ထဲတွေးနေမိသည်။ ထိုနေရာက ခွဲစခန်း၊ စခန်း တပ်ရင်းမှူးလည်း မကြာခဏ လာရောက်လေ့ ရှိသည်။ ရှေ့တန်း မဆုတ်တမ်း ခံစစ်စခန်း ဖြစ်သည်ဟု ဒေသခံ သတင်းပေးများက ပြောပြ၍ သိရသည်။ ကတုတ် နောက်ကြောဖက်မှာ ထွက်ပေါက်ရှိပြီး ရေဖွေးဖွေးကြားမှာ လယ်ကွက်များကို မြင်နေရသည်။ ထိုတပ်စခန်းမှာ ကွတ်ခိုင်ဗျူဟာရဲ့ ရှေ့တန်းစခန်းဖြစ်သည် နှင့်အညီ ပိုဖျက်-မန်ဘင်း တပ်စခန်းလဲ ဖြစ်သည်။ ရန်သူ တပ်ခွဲတခွဲနှင့် ပြည်သူ့စစ် ကာကွယ်ရေးတပ်စု တစုလောက် အင်အာဖြည့်ပြီး အခိုင်အမာ နေရာရယူထားသည်။ ရန်သူစခန်းရဲ့ အခြေအနေတွေနဲ့ လှုပ်ရှားမှုတွေကို ကင်းတပ်ဖွဲ့က အမြဲမပြတ် လေ့လာပြီး ညွန်ကြားရေး တပ်ဖွဲ့ကို သတင်းပေးပို့နေသည်။ ရန်သူ့တပ်က ကျနော်တို့ သတင်းကို မရရှိသေး။ ၅ရက်ဖြင့် ချီတက်ရမည့် ခရီးကို ၂ရက်ဖြင့် ချီတက်နိုင်ခဲ့သည့် ပြည်သူ့ တပ်မတော်သားများ၏ စိတ်ဓါတ်၊ဇွဲ၊သတ္တိများကြောင့် သူတို့ သတင်းမရခြင်း ဖြစ်ချေမည်၊ အလစ်အငိုက် လက်ဦးမှုကို ကျနော်တို့ တပ်ဖွဲ့က ကောင်းကောင်း ရလိုက်ပြီ ဖြစ်သည်။

ဇူလိုင်-ရ-ရက် နံနက် သုံးနာရီ တပ်ဖွဲ့ တခုလုံး ကြက်အိပ် ကြက်နှိုးလုပ်နေရာမှ အသင့် ပြင်ကြပြီ….။

လက်နက် ခဲယမ်းများကို အသင်ပြင် ထားကြသည်။ ရန်သူ့စခန်းကို အမြန်ဆုံး ကျားတက်ထိုး ကြတော့မည်။ မနက် ၄နာရီ လောက်မှာ ရန်သူ့စခန်း အနီးသို့ တဖြည်းဖြည်းချဉ်းကပ် ချီတက်လာနေကြသည်။ ညွန်ကြား ရေးအဖွဲ့နှင့် အမြောက်တပ်၊ လက်နက်ကြီးတပ် တို့ကလည်း အနီးကပ် နီးနိုင်သမျှ နီးအောင် ကပ်နေပြီ။ ရန်သူ့စခန်းကို မြင်ရပြီ………။ ကြည့်လိုက်တော့ သာမန်အခြေအနေအတိုင်း နှစ်ခြိုက်စွာ အိပ်မောကျ နေပုံရသည်။ ဇူလိုင်မုန်တိုင်း ပဏာမ တီးလုံးအဖြစ် လက်နက်ကြီး ၈၁၊ ၈၂ ဖြင့် စတင် ဧည့်ခံတော့သည်။

အုန်း…ဝုန်း…ဝုန်း …ဝုံးဒိုင်း ….ဒက်..ဒက်..ဒက် ဗုံးသံ၊ တောက်…. တောက်…တောက်.. သေနတ် အော်တိုဆွဲသံ၊ လက်နက်ကြီးသံများ ငရဲပွက်သလို မိုးလုံးညံသွားသည်။

နံနက် ငါးနာရီ ထိုးသည်နှင့်…..တပြိုင်တည်း ဝဿန်မိုးနှင့် အတူဗုံးမိုး ရွာချပစ်လိုက်သည်။ ရန်သူများနှင့် ပြည်သူ့စစ်များက လယ်ကွင်းဘက် ဆုတ်လမ်းကြောင်းကို ကသောကမျှော၊ အသားကုန် ထွက်ပြေးကြရသည်။ တင်ကြိုစောင့်နေသူ မှာတော့ အမြောက်တပ်က သူတို့ ပြေးလမ်းဆီသို့ ကြိုပြီး လက်နက်ကြီးဖြင့် ဒရစပ် ပစ်ခတ်နေသည်။ လက်နက်ကြီးဖြင့် ချေမှုန်းရေး လုပ်ပြီးသည်နှင့် တပြိုင်နက် ထိုးစစ်တပ်ဖွဲ့မှ ရဲဘော်များက ရန်သူ့ စခန်းကို အတင်းဝင် အတင်းပစ် အတင်းပြစ်ခတ် သိမ်းပိုက်သည်။ ကျနော်တို့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးများက ရန်သူထောင်ထားသည့် မိုင်းများကို ရှင်းပစ်လိုက်သည့်နှယ် ဖြစ်နေသည့် အတွက် ရဲဘော်များ ဘေးမသီ ရန်မခ၊ မိုင်းမထိခဲ့။ ပထမဦးဆုံး လိုက်မြောင်း(ရှည်လျားသော တောင်ပတ်လည် တူးထားသည့် ကတုတ်ကျင်း တူးမြောင်း) ထဲက ရန်သူတွေကို ပစ်ခတ် နှိမ်နင်း တိုက်ခိုက်ရသည်။ စက်သေနတ်သမားမှာ သေနတ်ဒဏ်ရာနှင့် လဲကျနေသည်ဟု ဖြတ်ကနဲ တွေ့လိုက်ရသည်၊ နောက် စခန်းမှူး ဗိုလ်ကြီးတယောက် ကတုတ်ကျင်းထဲမှာ မသေမရှင် လဲနေသည် ဖြစ်ပုံရသည်။ ရဲဘော် တယောက်က ရန်သူ့ လိုက်မြောင်း ကတုတ်ကျင်းထဲသို့ လောင်ချာ လက်နက်ဖြင့် ပစ်ထည့်လိုက်သည်ကို တွေ့ရပြီး အစောပိုင်းကလို တုန့်ပြန်သံတော့ မကြားရတော့ အသံ လုံးဝငြိမ်သွားသည်။ နောက် တဖြေးဖြေး စခန်းတခုလုံး လုံးဝ ငြိမ်ကျသွားသည်။

ပြည်သူ့ တပ်မတော်သားကွ၊ လက်နက်ချရင် မသတ်ဘူးကွ

အော်ဟစ်ကြသည်။

ကြက်တွေ၊ ဝက်တွေရဲ့ အော်သံများနှင့် အတူ ရန်သူထံမှ ဆဲသံ၊ ဆူသံ၊ တယောက်နဲ့ တယောက်အပြစ်ဖို့ ဆိုသံများ ကြားနေရသည်။ လောင်ချာ ပစ်ပြီးနောက် ကတုတ်တွင်းမှ ရန်သူများ လက်မြောက်ပြီး အပြင်ဘက်သို့ ထွက်လာနေသည်ကို တွေ့လိုက်ရသည်။ ဟော … တယောက်….ဟော … ဟိုမှာ တယောက်..ထွက်လာ နေပြန်ပြီ။ အားလုံးဒဏ်ရာ တွေနဲ့..။ ရန်သူ စစ်သားက ၁၅ယောက်၊ ကာကွယ်ရေး ပြည်သူ့စစ်က ၁၅ယောက်..။ “လက်နက်ချရင် မသတ်ဘူး” ဆိုသည့် အသံကလည်း ကျည်ဆံကြားမှာ ဟိုဟိုဒီဒီ က ကြားနေရဆဲ ဖြစ်သည်။ တပ်ကြပ်ကြီး တယောက် ခေါင်းမှာ သွေးသံရဲရဲနှင့်..ခြေထောက်မှာလည်း ကြီးမားသည့် ဒဏ်ရာ များစွာနှင့်…။ ပြည်သူ့ တပ်မတော်က အမျိုးသမီး ဆေးတပ်ဖွဲ့က ဆေးရဲမေက ဆေးထည့်၊ ပတ်တီး စည်းပေးသည်။ နောက် … နိုင်ငံတကာ သုံ့ပန်း ပေါ်လစီအရ ပြန်လွှတ် ပေးခဲ့သည်။ ကြေးစားစစ်သား တယောက်ကတော့ ခေါင်းမာမာနှင့် ကတုတ်ကျင်း အထဲကနေ ခံပစ်နေတာ တွေ့လိုက်ရသည်။ ဒဏ်ရာလည်း ရထားသည်၊ စိတ်ဓါတ်က မသေး၊ အာခံချင်ပုံရသည် လက်နက်က မချ။ ပြည်သူ့ တပ်မတော် ရဲဘော်တယောက်က ထိုကတုတ်ကျင်းထဲကို လက်ပစ်ဗုံး တလုံး ပစ်ထည့် ပေးလိုက်သည်။ နောက်… သေနတ်သံ ထွက်မလာတော့။

ရန်သူ့စခန်းကို သိမ်းပိုက် လိုက်ပါပြီ….။

အထူးသဖြင့် ကျနော်တို့ ကျောင်းသား အထူးတပ်ဖွဲ့ တဖွဲ့လုံး ထခုန်ကြ၊ ပေါက်ကြနဲ့ ပျှော်ရွှင် နေပါတော့သည်။

၆၂ဇူလိုင် ကျဆုံး ရဲဘော်တွေအတွက် အားရပါးရ ကလဲ့စား ချေနိုင်လိုက်သည်ကိုး၊ ဇူလိုင်-ရ-ရက် အထိမ်းအမှတ် တိုက်ပွဲ စစ်ဆင်ရေး စီမံကိန်းကြီး အောင်မြင်သွားပါပြီ။ တပ်ဖွဲ့ အသီးသီး တပ်ဆုတ်ရန် အမြန် ပြင်ဆင်ကြရသည်။ ရန်သူ့စက်က ကွတ်ခိုင် စစ်ဗျူဟာရုံးကို တပ်ကူပို့ရန် တောင်းခံနေပေမဲ့ တပ်ကူ ချက်ချင်း မပို့လာရဲဘဲ ကြောက်နေသည်။ လေကြောင်းကိုလည်း အကူအညီ တောင်းထားသည်။ မိုးနှင်းတွေ ကျနေသဖြင့် လေတပ် ဗုံးကြဲလေယာဉ်လည်း မလာရဲ…။

ရန်သူ့ စခန်းကို သိမ်းပြီး ကျနော်တို့ တပ်ဖွဲ့ တခုလုံး နောက်ကြောင်း ပြန်ဆုတ်လာကြသည်။ လက်ရ ဖမ်းဆီးမိလာသော ရန်သူ့ ကြေးစားစစ်သား ၁၂ယောက်နဲ့ ကာကွယ်ရေးစစ်သား ၁၅ယောက်ကို တပ်စုတစု ခြံရံပြီး အခြေခံဒေသကို ခေါ်ခဲ့သည်။ လွတ်မြောက်ဒေသမှာ ပြည်သူ့တပ်မတော်ရဲ့ သုံ့ပန်းပေါ်လစီ အရ ပညာပေးပြီး ပြန်လွှတ်မည် ဖြစ်သည်။ မုန်တိုင်း တခုလုံးကို အရင်းစစ်တော့ ကျနော်တို့ ပြည်သူ့ တပ်မတော်ဘက်က ၂ယောက် ကျဆုံးပြီး ၅ယောက် ဒဏ်ရာ ရခဲ့သည်။ ရန်သူ့ စခန်းမှ ကြေးစားများ ၁၅ယောက်ခန့်သာ အသက်ရှင် ကျန်ရစ်လွတ်မြောက် သွားခဲ့ပြီး ရန်သူ အများအပြား ကျဆုံးခဲ့ရသည်။ ထွက်ပြေးသူများလည်း လက်နက်ကြီး အမြောက်ဆံများကြောင့် သေဆုံးကြဦးမည်ဟု ထင်သည်။ ကျနော်တို့ တပ်ဖွဲ့ ဆုတ်ခွာပြီး ၂-နာရီလောက် အကြာမှာ ရန်သူဗုံးကြဲ လေယာဉ် လိုက်လာပြီး ဗုံးကြဲချသည်။ ကျနော်တို့ တပ်ဖွဲ့တွေ တပ်ဖျောက်ပြီး တောတောင် လျှိုမြောင်ထဲ ရောက်လို့ပင်နေချေသည်။ အထိအခိုက် မရှိခဲ့ပါ။ နောက်တနေ့ အမြန်ပြန်ဆုတ်လာရာ လွတ်မြောက်ဒေသ မုံးပေါ်မြို့နယ်ကို ရောက်ရှိလာကြပြီး တပ်အသီးသီး နေရာချ အနားယူ ကြပါသည်။ အောင်ပွဲရလာသည့် ရဲဘော်များကို ပြည်သူ့တပ်မတော် ၀ါဒဖြန့်ချီရေး အဆိုအက အဖွဲ့က ဖြေဖျော် ဧည့်ခံကြသည်။

ရန်သူ သုံ့ပန်း အယောက်၃၀ကို ပညာပေးရေး အစီအစဉ်အရ သုံ့ပန်း ပညာပေရေး လုပ်ကာ၊ နောက်တခါ ဖမ်းမိရင်လည်း လက်နက်ချရင် မသတ်ဘူး..ခင်ဗျားတို့ ကြိုက်တဲ့ နေရာကို သွားနိုင်ပါသည်ဟု ဆိုပြီး တလခန့်အကြာ ရန်သူ့ နယ်မြေဆီသို့ ပို့လိုက်ပါသည်။ ဒဏ်ရာ ရသူများကိုလည်း ဆေးကုပြီး ပြန်လွှတ် ပေးလိုက်နိုင်သည်၊ မုံးပေါ် မြို့နယ်မှာ စခန်းချပြီး တပ်ဖွဲ့အသီးသီး တိုက်ပွဲ၏ မုန်တိုင်းကို နိဂုံးချုပ်သည်။

ဆဲဗင်း-ဇူလိုင် အထိမ်းအမှတ် ချေမှုန်းရေးတိုက်ပွဲ အောင်မြင်ကြောင်း နိုင်ငံရေးမှူးက ကြေညာ လိုက်သောအခါ ရဲဘော်များ၊ အထူးတပ်ဖွဲ့မှ ရဲဘော်များ ပျော်မဆုံး ဖြစ်သွားကြသလို ကျနော့ ရင်ထဲမှာတော့ ကျောင်းတော်ကြီးကို ပြန်လွမ်း သလိုလိုနှင့်သာ ရ-၇-၁၉၆၂ ကျောင်းတော်သူ/သားတွေ အတွက် ဒီနေ့ ဒီရက် ကိုယ်တိုင်ပေးဆပ် တိုက်ခတ်ခဲ့သည့် ချေမှုန်းရေး ဇူလိုင်လ မုန်တိုင်းများ အတွက် မှတ်မှတ်ယယ ဂုဏ်ယူ နေမိသည်သာ။

(ကျဆုံးသွားသည့် သူငယ်ချင်းများကို ဂုဏ်ပြု ဦးညွတ်လျှက်)

ဘဝင်း ( ၆၂ ကျောင်းသားဟောင်း တဦး )

LEAVE A REPLY

Please enter your comment!
Please enter your name here