āအမေရိကန် Capitol အဆောက်အဦး အနီး လက်နက် ကိုင်ဆောင်လာသူအား ပစ်သတ်ခဲ့

alt

ကက်ပီတို အဆောက်အအုံ အနီးတွင် လက်နက် ကိုင်ဆောင် လာသူ တစ်ဦးအား အမေရိကန် ရဲတပ်ဖွဲ့က ပစ်သတ် ခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ (၁၅)ရက် နေ့က ဖြစ်ပွားခဲ့သော ပစ်ခတ်မှု အတွင်း သေဆုံးခဲ့သူမှာ အသက် (၃၅)နှစ် အရွယ် အမျိုးသား တစ်ဦးဖြစ်ကြောင်း ကက်ပီတို ရဲတပ်ဖွဲ့က ကြေညာသည်။ သို့သော်လည်း ၎င်းမည်သူ မည်ဝါ ဖြစ်ကြောင်းနှင့် မည်သည့် အတွက်ကြောင့် သေနတ် ယူဆောင် လာခြင်း ဖြစ်ကြောင်းကိုမူ မဖော်ထုတ် နိုင်သေးကြောင်း ကက်ပီတို လုံခြံုရေး ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ တပ်ကြပ်ကြီး ကင်ရှ်နိုက်ဒါက ပြောကြားခဲ့သည်။

ကက်ပီတိုရှေ့တွင် လမ်းပိတ်မှုအချို့ ဖြစ်ပွားခဲ့သော်လည်း ခဏအကြာတွင် အဆိုပါ အမျိုးသားအလောင်းကို သယ်ဆောင် သွားပြီးနောက် အခြေအနေ အေးဆေး ငြိမ်သက်သွားကြောင်း မျက်မြင်များက ပြောကြား ခဲ့ကြသည်။ ထိုသူသည် ပစ္စတိုတလက် ကိုင်ဆောင်လာပြီး ထိုသေနတ်ကို ပစ်ချရန် အမိန့်ပေးခြင်းအား ငြင်းဆန် ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စတင် ပစ်ခတ် ခဲ့ခြင်းဖြစ်သည်။

အခြေအနေသည် အရေးတကြီးနှင့် အလွန်လျှင်မြန်စွာ ဖြစ်ပွားခဲ့ကြောင်း ရှ်နိုက်ဒါ က ဆိုသည်။ ထိုအချိန်က ၎င်း၏ လက်ထဲတွင် ရှိနေသော လက်နက်၏ ခြိမ်းခြောက်မှု ကိုသာ ရဲအရာရှိများ အနေနှင့် စဉ်းစားနေခဲ့ပြီး အသက်ဘေးကို ကာကွယ်သည့် အနေနှင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ရှ်နိုက်ဒါက ပြောကြား သွားသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် စုံစမ်းမှုများ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here