ကွန်ဒုံး သုံးခြင်းဖြင့် လိင်အင်္ဂါ ရေယုန်ကူးစက်မှု တားဆီးနိုင်

alt

လိင် ဆက်ဆံရာတွင် ကွန်ဒုံး အသုံးပြု ခြင်းသည် ရေယုန် ကူးစက်မှုကို တားဆီး ပေးကြောင်း သိရှိ ရပေသည်။ အမေရိကန်ရှိ သုတေသီများ၏ တွေ့ရှိမှု အသစ်များတွင် ကွန်ဒုံးသည်

လိင်အင်္ဂါတွင် ရေယုန်များ ဖြစ်ပွား စေနိုင်မှုကို (၃၀) ရာခိုင်နှုန်းမျှ လျှော့ချ ပေးနိုင်ကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။

ရေယုန်များ ဖြစ်ပွားစေသည့် HSV-2 ဗိုင်းရပ်စ်များသည် ကွန်ဒုံးကြောင့် လိင် ဆက်ဆံဖက်၏ အရေပြားနှင့် ထိတွေ့ရန် ခဲယဉ်း သွားသလို ကူးစက်နှုန်းလည်း ကျဆင်းသွားကြောင်း ဆီအက်တယ် ရှိ ၀ါရှင်တန် တက္ကသိုလ်မှ ဒေါက်တာအီမီလီ တီမာတင် က ပြောကြားခဲ့သည်။

မူလက ပညာရှင်များသည် ကွန်ဒုံး အသုံးပြုခြင်းဖြင့် HIV ရောဂါပိုး ကူးစက်မှုကို လျော့နည်း ကျဆင်း သွားစေသော်လည်း HSV-2 ကိုပါ ကာကွယ် ဟန့်တားနိုင်ရန် သေချာခြင်း မရှိကြောင်း ဖော်ပြ ခဲ့ကြသည်။ ယခု အခါတွင် အမျိုးသား၊ အမျိုးသမီး (၅၃၈၄) ဦးကို လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ပြီးနောက် ရလဒ် အသစ်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။

(၁၂) လမှ (၁၉) လ အတွင်း လိင် ဆက်ဆံတိုင်း ကွန်ဒုံးကို ပြည့်ပြည့်ဝဝ အသုံးချခဲ့သည် ဆိုသော သူများတွင် ရေယုန် ဖြစ်ပွားနိုင်ခြေ သာမန်ထက် (၃၀) ရာခိုင်နှုန်း လျော့နည်းနေကြောင်း ပညာရှင်များက ဆိုသည်။ ထို့ကြောင့် လိင်မှုကိစ္စ များမြောင်သူများ အနေနှင့် ကွန်ဒုံးကို တတ်နိုင်သ၍ အသုံးပြုသင့်ကြောင်း ဆရာဝန်များက အကြံပြု ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here