ဘောင်းဘီရှည် ၀တ်မိ၍ ဆူဒန်အမျိုးသမီး ကြိမ်ဒဏ် ချမှတ်ခံရ

alt

လူကြား ထဲတွင် ဘောင်းဘီရှည် ၀တ်မိသဖြင့် ဆူဒန် အမျိုးသမီး အချို့တို့မှာ ကြိမ်ဒဏ် အချက်(၄၀) အရိုက် ခံခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ အမျိုးသမီး တစုသည် မြို့တော် ခါတွမ်ရှိ စားသောက်ဆိုင် တဆိုင်တွင် ရှိနေစဉ် ဘောင်းဘီရှည်များ ၀တ်ဆင် ထားသဖြင့် ရဲများက ပတ်ဝန်းကျင်တွင် မလျော်မကန် ၀တ်ဆင်မှုဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မျက်မြင်များ၏ အဆိုအရ ရဲဝန်ထမ်း (၃၀) ခန့်သည် အမျိုးသမီးများ ညနေစာ စားနေသည့် ဆိုင်ထဲသို့ ခပ်ကြမ်းကြမ်း ၀င်ရောက်လာပြီး အမျိုးသမီး (၁၃)ဦး လုံးကို ဖမ်းသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပါတ် အကုန်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ဖမ်းဆီးမှု ပြီးနောက် တရားရုံးက စစ်ဆေးကာ ကြိမ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ အချို့ အမျိုးသမီး များသည် သူမ တို့တွင် အပြစ်ရှိကြောင်း ၀န်ခံခဲ့သဖြင့် ကြိမ်ဒဏ် (၁၀)ချက် မျှသာ ချမှတ် ခံရသော်လည်း အချို့မှာမူ အပြစ်ရှိသည်ဟု ၀န်ခံရန် ငြင်းဆန်သဖြင့် ကြိမ်ဒဏ်အချက် (၄၀) အထိ ချမှတ် ခံခဲ့ရသည်။

ကြိမ်ဒဏ် ခံရသည့် အမျိုးသမီးများ အနက် တဦး အပါအဝင်ဖြစ်သည့် ဂျာနယ်လစ် လူဘနာ အာမက် အယ်ဟူစိန်က သူမတို့ အတူရှိနေစဉ် ရဲများက အကြမ်းပတမ်း ၀င်ရောက်လာကာ ဖမ်းဆီးခဲ့ကြောင်း၊ သူမသည် တရားရုံးတွင် အပြစ်ရှိကြောင်း ၀န်မခံခဲ့သဖြင့် ကြိမ်ဒဏ် အချက်(၄၀) အရိုက်ခံခဲ့ရကြောင်း BBC အာရပ် အစီအစဉ်သို့ ပြောကြားခဲ့သည်။

သူမသည် ဆူဒန်ရှိ ကုလသမဂ္ဂ မစ်ရှင်တွင်လည်း အလုပ်လုပ် နေသူဖြစ်သည်။ ဆူဒန်နိုင်ငံသည် ဘာသာရေးအရ နှစ်ခြမ်းကွဲနေပြီး မွတ်ဆလင် အများစုသည် မြောက်ပိုင်းတွင် နေထိုင်ကြပြီး တောင်ပိုင်းတွင် ခရစ်ယာန်ဦးရေ ပိုများကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here