ကားလို့စ် တီဗက်စ် နှင့် မန်စီးတီး အသင်း စာချုပ် ချုပ်တော့မည်

alt

ကားလို့စ် တီဗက်စ်သည် ၎င်း၏ နွေရာသီ အပမ်းဖြေ ခရီးမှ ပြန်လာပြီးနောက် မန်ချက်စတာ စီးတီးနှင့် အပြီးသတ် စာချုပ်ရန် စီစဉ်ထားပြီ ဖြစ်ကြောင်း သိရှိရသည်။

မန်ချက်စတာ ယူနိုက်တက်မှ အငှား သက်တမ်း ကုန်ဆုံး သွားသည့် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး သည် ချဲလ်ဆီး၏ ကမ်းလှမ်းမှုကို ပယ်ချကာ မန်ချက်စတာ၏ အခါးသီးဆုံး မြို့ခံပြိုင်ဘက်သို့ ပေါင်(၂၅)သန်းဖြင့် ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

တီဗက်စ် အနေနှင့် ဇူလိုင်လ (၁၃)ရက် နေ့တွင် ဆေးစစ်စမ်းသပ်မှု ခံယူမည်ဖြစ်ပြီး တပါတ်ကစားကြေး ပေါင်(၁၅၀၀၀)တန် စာချုပ်တရပ်ကို လက်မှတ်ရေး ထိုးဖွယ် ရှိနေသည်။ အသက် (၂၅)နှစ် အရွယ် တီဗက်စ်ကို ရရှိခြင်းသည် မန်ချက်စတာ စီးတီးအတွက် အလွန်အရေးပါသော အောင်မြင်မှုတစ်ခု ဖြစ်လာနိုင်ပြီး တီဗက်စ် မတိုင်မီက ဂရတ်ဘယ်ရီကို ပေါင်(၁၂)သန်း၊ ရိုကွေး ဆန်တာခရုစ်ကို ပေါင်(၁၈)သန်းတို့ဖြင့် အသီးသီး ခေါ်ယူထားခဲ့ပြီး ဖြစ်သည်။

တီဗက်စ်သည် မန်ချက်စတာ နည်းပြကြီး ဆာအဲလက် ဖာဂူဆန်အပေါ် အကြီးအကျယ် စိတ်နာနေသူ ဖြစ်ပြီး မန်ချက်စတာ ဘက်သို့ ဂိုးသွင်းပြီးတိုင်း ဖာဂူဆန်ရှေ့တွင် အောင်ပွဲခံပြမည်ဟု ကြံုးဝါး ထားသူဖြစ်ကြောင်း သိရှိရသည်။

တီဗက်စ်အား လီဗာပူး၊ ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်တို့ကလည်း စိတ်ဝင်စား ခဲ့သေးသော်လည်း ၎င်းသည် လုပ်ခလစာ အများဆုံးရသော မန်ချက်စတာ စီးတီးကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ မန်ချက်စတာ စီးတီးသည် ဂျိုးလက်စကော့၊ ကိုလိုတိုရေးနှင့် ဘရူနိုအဲဗက်စ် စသော ထိပ်တန်းခံစစ်မှူး များကိုလည်း ကြိုက်နှစ်သက် သဖြင့် စောင့်ကြည့်လျှက် ရှိနေသည်။

မန်ချက်စတာ ယူနိုက်တက် ကမူ ၎င်းတို့ထံမှ ပြောင်းရွှေ့သွားသော တီဗက်စ် နေရာတွင် ဘာစီလိုနာမှ အလွတ်ပြောင်းရွှေ့ခွင့် တောင်းခံထားသော ကင်မရွန်း တိုက်စစ်မှူး ဆမ်မြူရယ် အီတူး ကို ခေါ်ယူဖွယ်ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here