ဂျွန်အက်ဖ် ကနေဒီ လေဆိပ် လိပ်များကြောင့် ခရီးစဉ် နှောင့်နှေးခဲ့ရ

alt

အမေရိကန် နိုင်ငံရှိ ဂျွန်အက်ဖ် ကနေဒီ လေဆိပ်မှ လေယာဉ်ပြေး လမ်းပေါ်သို့ လိပ်များ တက်လာသဖြင့် လေယာဉ် ခရီးစဉ်အချို့ နှောင့်နှေး ခဲ့ရကြောင်း သိရှိရသည်။

ဇူလိုင်လ (၈)ရက် နေ့က ပြေးလမ်း တစ်ခုပေါ်သို့ လိပ်ကောင်ရေ (၇၈)ကောင် ထက်မနည်း ရောက်ရှိ လာခြင်းကြောင့် လေယာဉ် ခရီးစဉ်များကို ခေတ္တ ဆိုင်းငံ့ လိုက်ရပြီး မြေပြင် အမှုထမ်းများက နှေးကွေးသော တွားသွား သတ္တဝါလေးများအား လိုက်လံ ဖမ်းဆီး ရှင်းလင်း ခဲ့ရသည်ဟု ဆိုသည်။

ထို လိပ်လေးများသည် လေဆိပ်နှင့် အတော်လှမ်းသော ရေအိုင်ထဲမှ လိပ်ကလေးများ ဖြစ်နိုင်ကြောင်း လေဆိပ် တာဝန်ရှိသူများက ဆိုသည်။ လိပ်များ၏ ကောင်းမှုကြောင့် လေယာဉ် ခရီးစဉ် အချို့တို့သည် နာရီဝက်မျှ ကြန့်ကြာ သွားခဲ့သော်လည်း နောက်ပိုင်းတွင် ပုံမှန် ဖြစ်သွားကြောင်း သိရသည်။

ထိုလိပ်များကို လေဆိပ်ရှိ မျှော်စင်ပေါ်မှ အမှတ်မထင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ လေဆိပ်မှ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်ဖြစ်သူ ဂျင်ပီတာက လိပ်များသည် ရာသီဥတုကြောင့် ရွှေ့ပြောင်းခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။

ထို လိပ်များသည် ဂျမေကာ ပင်လယ်အော် အနီးမှ စတင် ပေါက်ဖွားလာသည့် စိန်ကျောခုံး လိပ်များဖြစ်ပြီး လေဆိပ် ပတ်ဝန်းကျင်တွင် အများအပြား နေထိုင်ကြကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here