သမိုင်းတခေတ် နေ့ရက်များစွာ

သမိုင်း ခေတ်တခေတ် ဆိုသည်မှာ အတိတ်၊ ပစ္စုုပန်၊ အနာဂတ်များနှင့် သေချာခိုင်မာစွာ ဖွဲ့စည်း ထားခြင်းဖြစ်သည်။ အတိတ်က ပစ္စုပန်ကို ရိုက်ခတ်သည်။ ပစ္စုပန်က အနာဂတ်ကို ဖန်တီးသည်။ သမိုင်းဆိုသည်မှာ တဆက်တည်း၊ တစပ်တည်း လိမ်ညာ၍ မရစမြဲတည်း။

အတိတ်၊ ပစ္စုပန်၊ အနာဂတ်များနှင့် ဖွဲ့စည်းထားသော သမိုင်းတခေတ်ကို မည်သူကမျှ ဖုံးကွယ်၍ မရ။ ဖျက်စီး၍ မရ။ သမိုင်းလိမ်တခုကို ဖန်တီး၍ မရ။ သမိုင်းသည် သမိုင်းတခုအဖြစ်

သီးသန့် မော်ကွန်း မှတ်ကျောက်တင်ရာ အထူးနေရာတခု၌ သေချာခိုင်မာစွာ ကမာ္ဘဆုံးတိုင် တည်ရှိနေအုံးမည် ဖြစ်သည်။ ဆတ်ကနဲ ကျနော့်၏ မ.က.ဒ.တ ဘက်တံဆိပ်ကို လှမ်းကြည့် လိုက်မိသည်။ ဒါးဒါးခြင်း လှံလှံခြင်း။

သမိုင်းဆိုသည်မှာ ခေတ်တခေတ်၏ အဆိုးကို အကောင်းအဖြစ်သို့ ရောက်ရန် လူသားတို့၏ ရုန်းကန်လှုပ်ရှား အားထုတ် တိုက်ပွဲဝင် စွန့်လွှတ် ပေးဆပ်ရခြင်းပင် ဖြစ်သည်။ ကျောင်းသားများ၏ တပ်ဦး တည်ရှိရာ၊ အလံမြင့်မားစွာ လွှင့်ထူရာ၊ ကျောင်းသားများကို ကိုယ်စားပြုရာ၊ ဒီမိုကရေစီ၏ အသက် သွေးကြောဖြစ်သည့် လွပ်လပ်စွာ စုဝေးခွင့်၊ လွပ်လပ်စွာ တင်ပြ ဆွေးနွေးပိုင်ခွင့်၊ လွပ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ လွပ်လပ်စွာ ဆန့်ကျင်ကန့်ကွက် ဖေါ်ထုတ်ပိုင်ခွင့်တို့ဖြင့် ဝေဆာနေသည့် ဒီမိုကရေစီ အသက်သွေးကြော စီးဆင်းရာ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို သွေးဆာနေသည့် ဗိုလ်နေဝင်းက အမျှော်အမြင်မဲ့ ဖေါက်ခွဲ ဖျက်စီးခဲ့သည့် အတွက် မြန်မာပြည်သမိုင်း မျက်နှာစာများတွင် သွေးစွန်းမှုများ၊ သွေးညှီန့ံများစွာ စွန်းထင်း ပေကျံ ရစ်ခဲ့လေပြီ…………။ ထိုအချိန်၊ ထို နေ့ရက်မှစ၍ ယမ်းခိုး ယမ်းငွေ့များစွာဖြင့် တနိုင်ငံလုံး အမှောင်ဖုံးသွားခဲ့ ရပြီး ဒီမိုကရေစီ ဆိတ်သုန်းခဲ့ရ လေတော့သည်။

ဇူလိုင်ရ-ရက်၊ သွေးမြေသက်၍
ဖြစ်ပျက်ပေါင်းစုံ၊ ရေးတော်ပုံကြောင့်
ရင်အုံငလျင်၊ ရင်ပြင်အနီ
တက္ကသီလာ၊ မြကျွန်းသာဝယ်
ကမ္ဘာလဆန်း၊ ချိန်ဖြတ်သန်းလည်း
ဥဒါန်းမကြေ။

(အောင်စောဦး-မှိုင်းရာပြည့်)

ဇူလိုင်ရ-ရက်နေ့မှ သွေးစွန်းခဲ့သော သမိုင်း မှန်ကူကွက် တစ

ကျနော့်သူငယ်ချင်း ညီအကို နှစ်ယောက်ရှိသည်။ ညီအကို နှစ်ယောက်ထဲက အကိုက ထိသွားတယ်။ အကိုက ထိသွားတော့ အဲဒီညီက“ဟာ အကို့ ကို ထိသွားပြီ” ဆိုတော့ သွားပြေးပြီး ဖက်တော့ သူ့ညီရဲ့ ရင်ဝ တည့်တည်ကို ပစ်ထည့်လိုက်တာ ညီအကို နှစ်ယောက်စလုံး အဲဒီမှာ ပွဲခြင်း ပြီးသွားတယ် ဆိုတာကို ကျနော်တွေ့ လိုက်ရတယ်။ ကျနော်ရူးမလို ဖြစ်သွားပါတယ်။ “ဟာ……မဖြစ်နိုင်ဘူးပေါ့” လှမ်းကြည့် လိုက်တော့ သွေးသံရဲရဲ တချို့က လက်မရှိဘူး၊ တချို့က ခြေမရှိတော့ဘူး။ တချိုက နှလုံးတွေ အူတွေ အူတွေ အထွေးလိုက် အဆုပ်လိုက် ထွက်နေကြတယ်။ ကျနော်တွေ့တဲ့ သူငယ်ချင်းကို “ဟာ…….မင်း မသေသေးဘူး ဟေ့၊ အေးငါလည်း မသေဘူးကွ” ဘာညာဆိုပြီး ထွက်ပြေးကြတယ်။ အဆောင်မှာလည်း တယောက်မှ မနေရဲတော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဆောင်ကိုလည်း ပစ်တယ်။ဆန္ဒပြလို့ ပစ်တာတင် မဟုတ်ဘူး။ ဘာမဆိုင်ဘဲနဲ့ မန္တလေးအဆောင်ပေါ်က ကြည့်နေတဲ့ ကျောင်းသားတွေကို ပစ်ချတာ။ ပစ်ချတော့ “ဘုန်း“ဘုန်း“ဘုန်း“ကျောင်းသားတွေ အဲသလို ကျလာတာကို တွေ့လိုက်ရတော့ သိပ်ပြီးအံ့ဩ တုန်လှုပ်မိတယ်။ အဲဒီ နေ့ဟာ ရ-ရက် ဇူလိုင်

“သမိုင်းဝင်နေ့ဘဲ”( ကမော္ဘဇဝင်း)

သွေးစွန်းခဲ့သော သမိုင်းမှန်ကူကွက် နှစ်စ

အဓိပတိ လမ်းမကြီးပေါ်မှာ ပြေးနေကြတဲ့ ကျောင်းသားတွေဟာ သေနတ် ဒဏ်ရာတွေနဲ့ သွေးသံရဲရဲ အတုံးအရုံး ပြိုလဲကျကုန်တယ်။ မန္တလေး ကျောင်းဆောင် ပေါ်တီကိုပေါ်က ရပ်ကြည့်နေတဲ့ ကျောင်းသားကို ဂျီသရီး မောင်းပြန် သေနတ်တွေနဲ့ပစ်တာ မြေညီထပ်ကျပြီး အသက်ပျောက်သွားတယ်။ စစ်သားတွေက ကျောင်းသားတွေကို အပြေးချီတက်ပြီး တိုက်ခိုက်တာ ပင်းယဆောင် အထိရောက် လာတယ်။ အဆောင်တွေ ကိုလည်း အဝေးကနေ သေနတ်နဲ့ လှမ်းပစ်တယ်။ ကျနော့် သူငယ်ချင်း ညောင်လေးပင်က ကျည်ဆံ သုံးချက်ထိပြီး လဲသွားတယ်။ ဆေးရုံကြီးကို အချိန်မှီရောက်လို့ အသက်ရှင် နေပေမဲ့ ပါးစပ်ရွဲ့၊ ပါးကျိုးနဲ့ မျက်နှာတပိုင်း ပျက်စီးသွားရတယ်။ မြောင်းမြက ကျောင်းသား ကိုကျော်ဝင်းဟာ သေနတ် ဒဏ်ရာတွေ ရခဲ့ပြီး သူသွေးနဲ့နံရံမှာ စာရေးပြီး အသက်ထွက် သွားရှာတယ်။

(အခန်းအမှတ်(၅၀) ပင်းယဆောင် ရန်ကုန်တက္ကသိုလ် ကျောင်းသားတဦး)

၁၉၆၂ ခုနှစ်၊ ဇူလိုင်လ(ဂ)ရက်နေ့ နံနက် ၆-နာရီတွင် တက္ကသိုလ်သမဂ္ဂ အဆောက်အဦးကို ဒိုင်းနမိုက်ဖြင့် ဖြိုခွဲ ပစ်လိုက်သည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး၊ တတိုင်းပြည်လုံး၏ လွပ်လပ်ရေး သမိုင်းမှတ်တိုင်ကြီး ဖြစ်သော ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို မိုက်မဲစွာ ဖေါက်ခွဲ ဖျက်စီးလိုက်ကြသည်။ ဗိုလ်နေဝင်း အကြောင်းပြချက်သည်ကား.. ထိုအဆောက်အဦသည် ကျောင်းသားများကို အလွဲသုံးစား လုပ်ကာ ကျောင်း အာဏာပိုင်နှင့် အစိုးရကို ပုန်ကန် လှုံ့ဆော်နေသည့် အဆောက်အဦး ဖြစ်လာကြောင်းနှင့် မြေအောက်သူပုန်များ လျှို့ဝှက်ဆက်သွယ်ရာ ဌာနချုပ်ဖြစ်၍ ကြာရှည် ခွင့်မပြူနိုင်ကြောင်း နှင့်အတူ လူထုတရပ်လုံး ကိုပါ ဒါးဒါးချင်း၊လှံလှံချင်း၊ ဒုတ်ဒုတ်ချင်း စိမ်ခေါ်သွားခဲ့သည်။

ဗိုလ်နေဝင်းဟာ အပြစ်မဲ့ ကျောင်းသားတွေကို ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်ခဲ့တာလဲ ?

ဘာကြောင့် သမိုင်းဝင် တ.က.သ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဗုံးခွဲ ဖျက်စီးခဲ့တာလဲ ?

၁၉၆၂ခုနှစ် စစ်တပ်က တော်လှန်ရေးကောင်စီ အမည်ခံပြီး အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်းမှာ စစ်အာဏာရှင် စံနစ်ရဲ့ သရုပ်သကန် အမှန်ကို ရဲရဲမြင်၊ ထဲထဲဝင်ဝင် သိနေတဲ့ ကျောင်းသားတွေ အပေါ်မှာ ထားတဲ့ အာဃာတ တရားကြောင့် ဖြစ်သည်။ ကျောင်းသားတွေကို အကြမ်းဖက် နှိပ်ကွပ်အုပ်ချုပ်မှ ရမယ်ဆိုတဲ့ လက်နက်ကိုင် စစ်ဝါဒ၊ စစ်မာန တရားနဲ့ လက်နက် အားကိုးပြီး မိုက်ရူးရဲတဲ့ လူသတ်ဝါဒ တရားတွေကြောင့် ဖြစ်သည်။ ဒုတိယ အနေဖြင့် လူထုနှင့် ကျောင်းသားထု တရပ်လုံး လိုလားသည့် ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေး အဖြေရှာသည့် မူကို မကျင့်သုံးဘဲ လက်နက်အားကိုး အကြမ်းဖက် လိုမှုကြောင့် ဖြစ်သည်။

သမိုင်း မှန်ကူကွက်များ ထဲမှ အစများစွာ

ရန်ကုန် တက္ကသိုလ်ကြီးရဲ့ အသည်းနှလုံး အဓိပတိ လမ်းမပေါ်သို့ စစ်ဖိနပ်သံတွေ ကျုးကျော် ဝင်ရောက် နေပါပြီ။ သားကောင်း ရတနာ၊ သမီးကောင်း ရတနာကျောင်းတော်သူ ကျောင်းတော်သားတွေရဲ့ နီရဲတဲ့ သွေးစက် တွေ အမိတက္ကသိုလ် မြေတပြင်လုံး စွန်းထင် ပေကျန်ရစ်နေပြီ ယမ်းနံ့ ယမ်းခိုးရှုရှိုက် လိုက်ရတဲ့ ကံ့ကော်တော ဟာ ကြေကွဲစွာ အမှောင်ရိပ်မှာ တိတ်တဆိတ် မျက်ရည်ပေါက် ကြီးငယ်များပင် ကျလို့။

ဇူလိုင်လ-ဂ ရက် ဝေလီဝေလင်းမှာ အဆောင်တခုလုံး တုန်လှုပ်သွားတဲ့ ပေါက်ကွဲသံကြီး မြည်ဟည်း သံကြောင့် ကျနော်တို့ သူငယ်ချင်းနှစ်ယောက် အိပ်ရာကနေ လန့်နှိုးသွားတယ်။ သူငယ်ချင်း ၀င်းနိုင် က ကုတင်ပေါ်ကနေ လန့်ပြီး အခန်း အပြင်ဘက်ကို ထွက်ပြေးပါတယ်။ အခန်းတံခါး ကလည်း တုန်လှုပ်ပြီး ပွင့်သွားပါတယ်။ တက္ကသိုလ် အလေးမ ခန်းမဆောင်ဘက်က မိုးကောင်းကင်ကို မော့ကြည့်လိုက်တော့ မီးခိုလုံးကြီးတွေ တလှိမ့်လှိမ့် တက်နေပါတယ်။ စာရွက်စာတမ်းတွေ လေထဲမှာ ဝဲပျံပြီး မီးလောင်ပြာတွေကျ လာနေပါတယ်။ တက္ကသိုလ် အလေးမအသင်း ခေါင်မိုးတွေ ပြိုကျနေတယ်။ နံရံတွေလည်း အက်ကြောင်း တွေနဲ့ ပြိုလဲနေတယ်။ မန္တလေး ကျောင်းဆောင်ရဲ့ ကော်ရစ်ဒါလည်း အက်ကြောင်းတွေ ပေါ်လာတယ်။ တောင်ငူဆောင် တံခါးက ကျောက်တိုင်လည်း ဗုံးဒဏ်ကြောင့် အက်ကွဲသွားတယ်။ နောက် ကျောင်းသားသမဂ္ဂ အဆောက်အဦဘက်ကို လှည့်ကြည့်လိုက်တော့……….။ ပြင်းထန်တဲ့ နံရံကပ်ဗုံးကြောင့် သဲပုံစေတီ ပမာပြိုကျ ပျက်စီးသွားခဲ့ပါပြီ။

အဲဒီနောက် အဆောင်နေ ကျောင်းသားတွေဟာ ဒေါသူပုန်ထ ဆူညံလာပါတော့တယ်။

သံချောင်းတွေ ခေါက်ကြပြီး

“ စစ်အစိုးရ …အလိုမရှိ”

“စစ်အစိုးရ…အလိုမရှိ”

ကြွေးကြော်သံတွေ ကြွေးကြော်ကြပြီး ကျောင်းသား သီချင်းများ ဆိုကြ ပါတော့တယ်။

(အခန်း အမှတ်(၅၀) ပင်းယဆောင်၊ ၆၂ ရန်ကုန် တက္ကသိုလ် ကျောင်းသားဟောင်း)

၆၂ မတ်လ (၂) ရက်နေ့ ဗိုလ်နေဝင်း အာဏာ သိမ်းပြီးနောက် စစ်တပ်က မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ် လမ်းစဉ် လုပ်မည်ဟု ကြေညာပြီးနောက် တက္ကသိုလ်နှင့် ပါတ်သက်သည့် ဥပဒေအမျိုးမျိုး၊ အမိန့် အမျိုးမျိုးကို အမျိုးအမည်ပေါင်း များစွာ ထုတ်ပြန်ခဲ့သည်။ တက္ကသိုလ် ကောင်စီကိုလည်း ဖျက်သိမ်းသည်။ ဆီးနိတ်ကိုပါ ဖျက်သိမ်းသည်။ ထိုနောက် စည်းကမ်းအသစ်ကို ပြဌာန်းသည်။ ထို စည်းကမ်း အသစ်သည်ကား… ည(ဂ)နာရီ ကျော်လျှင် အဆောင်ထဲကို မည်သူမျှ မဝင်ရ။ လုံးဝအပြင် မထွက်ရ။ ကိုယ့်အခန်းမှာကိုယ် စာကြည့်ရမည်။ ထမင်းစားချိန် များကိုပါ ပြောင်းပစ်လိုက်လေ တော့သည်။

ထို့ကြောင့် ကျောင်းသားထု တရပ်လုံး အစည်းဝေးခေါ်ပြီး ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများ၊ စည်းကမ်းများကို စိမ်ခေါ် တိုက်ပွဲဝင်ခဲ့သည့် အတွက် ယခုကဲ့သို့ လူမဆန်စွာ ကျောင်းသား ရာပေါင်းများစွာ ပစ်သတ်ခံ ခဲ့ကြရလေသည်။ ၁၉၆၂ခုနှစ် ဇူလိုင် ရ-ရက်နေ့ အရေးတော်ပုံကြောင့် သမိုင်းတွင် အရေးကြီး ကိစ္စရပ်နှစ်ခု ထင်ရှားစွာ ပေါ်ပေါက် ထင်ကျန်ရစ်ခဲ့သည်။ အုပ်စိုးသူ အစိုးရက တက္ကသိုလ်မြေကို သတ်ကွင်းထားပြီး ကျောင်းသားများ ကိုသာ သီးသန့် ပစ်ကွင်း ရွေးချယ်၍ ပစ်သတ်ခဲ့ခြင်းသည် ကမ္ဘာတွင် ပထမဦးဆုံး ဖြစ်ခဲ့လေသည်။

ဒိုင်းနမိုက်နှင့် ဖေါက်ခွဲ ဖြိုချ ဖျက်စီးခြင်းကြောင့် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ပျောက်ကွယ်သွားရ ခြင်းသည်လည်း ကမ္ဘာတွင် မြန်မာပြည် တပြည်တည်းသာ ရှိသည်ဆိုသော အချက်များဖြစ်သည်။

၁၉၆၂ က အောက်ပါ သင်ခန်းစာများကို ရရှိခဲ့သည်။ ဒီမိုကရေစီ စံနစ်နဲ့ အခွင့်အလမ်းတွေကို ကျောင်းသားများက အသက်ပေး ကာကွယ်နိုင်ခဲ့သည်။ ၆၂ ကျောင်းသားများက အုပ်စိုးသူ အစိုးရ ဘယ်လဲ ဘာလဲကို မှန်ကန်စွာ အကဲဖြတ်နိုင်ခဲ့ပြီး ပြတ်သားစွာ တိုက်ပွဲဝင်နိုင်ခဲ့သည်။ ဗိုလ်နေဝင်း ဦးဆောင်ခဲ့သည့် တော်လှန်ရေး ကောင်စီသည် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ လွတ်လပ်ရေး သမိုင်းကြီး တခုလုံးကို ဖျက်စီးပစ်ခဲ့သည်။ တိုင်းပြည်၏ လွပ်လပ်ရေးသမိုင်းနှင့်၊ ဒီမိုကရေစီရေး တိုက်ပွဲများရဲ့ အခြေခံဒေသ ဖြစ်သည့် ကျောင်းသားသမဂ္ဂကို ဗုံးခွဲ ဖျက်ဆီးခဲ့သည်။ ကျောင်းသားသမဂ္ဂနှင့် အတူ ဒီမိုကရေစီ အခြေခံ အုတ်မြစ်များကိုပါ အမြစ်ကနေ ဆွဲနှုတ်ယူပစ်ခဲ့သည့် အတွက် တတိုင်းပြည်လုံး၊ လူထုတရပ်လုံး ပျက်စီး၊ နိမ့်ပါးခဲ့ရသည်။

ဒေါင်းပျိုကိုဆွတ်
ဘယ်ညာခွပ်၍
လွပ်လပ်ရလေ
တို့တတွေသည်
အိုးဝေ ကျေးဇူးပါတကား။

(မင်းသုဝဏ်)

သမိုင်းခေတ် တခေတ်ကို မည်သူတွေ ဖန်တီး ခဲ့ကြသနည်း?

နောင်တခေတ်၏ မျိုးဆက်များဖြစ်သည့် ကျောင်းသားများ ဖြစ်သည်။ ထို မျိုးဆက်များက တတိုင်းပြည်လုံး အနှံ့ မျိုးစေ့များကို ကြဲခဲ့ကြသည်။ ဖြန့်ခဲ့သည်။ ထို မျိုးဆက်များသည်ကား ကျောင်းသားသမဂ္ဂကို ခြေကုတ်ယူကာ သမဂ္ဂ အခြေခံဒေသ၌ မြန်မာပြည် လွတ်မြောက်ရေး တိုက်ပွဲကို ဆင်နွဲခဲ့ကြသည်။ လွပ်လပ်ရေး မရခင် သမဂ္ဂမှ မွေးထုတ် ပေးလိုက်သည့် ပထမဦးဆုံး ကျောင်းသား မျိုးဆက် များသည်ကား…..။ ကိုအောင်ဆန်း၊ ကိုနု၊ ကိုရာရှစ်၊ ကိုဗဟိန်း၊ ကိုဗဆွေ၊ ကိုကျော်ငြိမ်း။

လွပ်လပ်ရေးခေတ် နောက်ပိုင်း မျိုးဆက်များအဖြစ် ကိုသက်၊ ကိုဗဆွေလေး၊ ကိုတင်ထွန်း၊ ကိုလှရွေ၊ ကိုစိန်ဝင်း(ခရမ်း)။ သူတို့ သည်ကား…တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦများမှ ပထမဦးဆုံး မွေးထုတ် သန့်စင်ပေးလိုက်သည့် ဗ.က.သ၊ တ.က.သ ကျောင်းသား ခေါင်းဆောင်များ…..။

၁၉၈၈ လူထု အရေးတော်ပုံကြီးကြောင့် ၈၈ မျိုးဆက်ခေါင်းဆောင်များ ပေါ်ထွက်လာခဲ့သည်။ လူထု တိုက်ပွဲကြောင့် ဗ.က.သ ထင်ထင်ရှားရှား ပေါ်ထွက်သည်။ ထို ၈၈- မျိုးဆက် ခေါင်းဆောင်များသည် ကား……….။ မင်းကိုနိုင်၊ မိုးသီးဇွန်၊ ကိုကိုကြီး၊ ကိုအောင်ဒင်…။ ထိုမှတဆင့် မျိုးဆက် များသည်ကား..၁၉၉၆ ကျောင်းသားများ..။ ထိုမှတဆင့် မျိုးဆက် များသည်ကား..၂၀၀ရ ရွှေဝါရောင် သံဃာ တိုက်ပွဲများမှ မွေးထုတ် ပေးလိုက်သည့် တက္ကသိုလ် ကျောင်းသားမျိုးဆက်များ……….။

တ.က.သ၊ ဗ.က.သ မှ မွေးထုတ် ပေးလိုက်သည့် ပထမ မျိုးဆက်များသည်ကား နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် တိုက်ဖျက်ရေး၊ တမျိုးသားလုံး လွတ်မြောက်ရေး တိုက်ပွဲများကို အသက်စွန့်ကာ ထမ်းရွက် ခဲ့ကြလေပြီ။ ဒုတိယ မျိုးဆက်၊ တတိယ မျိုးဆက် များသည်လည်း စစ်အာဏာရှင် စံနစ်အောက်မှ ပြည်သူ တရပ်လုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊လူထုဘဝ သာယာ ၀ပြောရေး ရည်မှန်းချက်ကြီးများဖြင့် စစ်အာဏာရှင် စံနစ်ကို ရင်ကိုမြေ ကတုတ်လုပ်ကာ တိုက်ပွဲဝင်ခဲ့၊ တိုက်ပွဲဝင်နေကြဆဲ ကျိုးပမ်းနေသော ကာလဖြစ်သည်။ ယနေ့ကာလ အဓိက လုပ်ငန်းစဉ်သည်ကား…. မျိုးဆက် မပြတ်ရေးနှင့် မျိုးဆက်များကို ရှာဖွေ ဖေါ်ထုတ် လေ့ကျင့်မွေးမြူ တိုက်ပွဲဝင်ရေး ကာလဖြစ်သည်။ သမဂ္ဂကြီး ပျောက်ကွယ်ခဲ့သော်လည်း သမဂ္ဂ စိတ်ဓါတ်၊ ခွပ်ဒေါင်း စိတ်ဓါတ်၊ ကျောင်းသား စိတ်ဓါတ် ရှင်သန်နေအုံးမည်သာ ဖြစ်သည်။ အိမ်တိုင်းတွင် စစ်သားမရှိ။ အိမ်တိုင်းတွင် ကျောင်းသားများ ရှိသည်။

၁၉ရ၆ ခု ဇွန် ၂၆ရက်နေ့ နံနက် လေးနာရီ အင်းစိန်ထောင်မှာ ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်သူ ဆလိုင်းတင်မောင်ဦးကို စစ်အစိုးရက ကြိုးပေး သတ်ဖြတ်ခဲ့သည်။ သမိုင်းမှာ မကြံုစဖူး ကျောင်းသား ခေါင်းဆောင်တဦးကို ကြိုးပေး သတ်လိုက်ခြင်းသည် စစ်အာဏာရှင်တွေရဲ့ အတွေးအခေါ် နိမ့်ကျမှု၊ နိုင်ငံရေး ချွတ်ခြံုကျမှု၊ လူမဆန်မှုကို သက်သေ ပြလိုက်ခြင်း ဖြစ်သည်။ စစ်အစိုးရ သမိုင်းမှာ အမဲကွက်ကြီး ကျန်နေခဲ့သည်။ မပြီးဆုံးသေးသည့် ပြည်သူ့ လွတ်မြောက်ရေး အရေးတော်ပုံကြီး အတွက် အသက်၊ သွေးချွေးတို့နှင့် ရေးသား ကဗျည်းထိုးခဲ့တဲ့ ကျောင်းသား အာဇာနည် တဦးကြောင့် နောင် မျိုးဆက်သစ် ကျောင်းသားများ အတွက် အတုယူစရာ အရေးကြီးတဲ့ သမိုင်းမှတ်တိုင် တခုဖြစ်ခဲ့သည်။ ယခုလည်း ၈၈မျိုးဆက် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ကျိုးစွန့် အနစ်နာခံမှုများက နောင် မျိုးဆက်သစ်များ အတွက် ကြီးမားသည့် စံနမူနာ မှတ်တိုင်များ ဖြစ်နေအုံးမည်သာ……။ ကျောင်းသား ခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ရဲ့နောက်ဆုံးစကား…….မှာတော့ ။

“ ရဲဘော်တို့ လူသူမသိအောင် ငါ့ကို သတ်ဖို့ သူတို့ လုပ်နေကြတယ်”

မင်းတို့ ရဲ့ စစ်ဖိနပ်အောက်မှာ ငါ ဘယ်သောအခါမှ ဒူးမထောက်ဘူး”

သမိုင်းဆိုသည်မှာ တပတ်လည် စမြဲပင် ဖြစ်သည်။ ၁၉၆၂ခုနှစ် ကျောင်းသားသမဂ္ဂကို ဗုံးခွဲ ဖျက်စီးခဲ့သည်။ ၁၉၈၈ လူထုအရေးတော်ပုံက ထိုဖြစ်ရပ်မှန်ကို မီးမောင်း ထိုးပြခဲ့သည်။ စစ်အာဏာရှင်များ သွေးပျက် သွားခဲ့သည်။ ဗိုလ်နေဝင်း နှင့် ဗိုလ်အောင်ကြီးတို့ တယောက်နှင့် တယောက် အပြစ် ပုံချခဲ့သည်။ သမိုင်းက ကျိန်စာတိုက်တတ်သည်။ သမိုင်းတပတ်ပြန်လည် လာအုံးမည်သာ။ ၁၉၈၉ ခုနှစ် ဇူလိုင်လ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပိုစတာတခု ကျောင်းသား ပြည်သူများထဲမှာသာ မက လူထုတရပ်လုံး  ဆီသို့ ပြန်နှ့့ံ ရောက်ရှိသွားခဲ့သည်။

ထို ပိုစတာ၏ ဆောင်ပုဒ်သည်ကား………………..။

သမဂ္ဂအုတ်တို့ ပြိုလေရာ….. ဒီမိုကရေစီ အုတ်များဖြင့် အစားထိုး တည်ဆောက်မည် ဖြစ်သည်။

(၁၉၆၂ ခုနှစ်မှသည် ယခုတိုင် လွတ်မြောက်ရေး တိုက်ပွဲများတွင် ကျဆုံးသွားခဲ့သော နောင်တော် ကျောင်းသားများကို ဦးညွတ် အလေးပြုလျှက်)

ကချင်ကျော်ကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here