အီရန်အစိုးရ ဆန့်ကျင် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့တို့ အကြား တိုက်ခိုက်မှုဖြစ်ပွား

alt

ဇူလိုင်လ (၉)ရက် နေ့က အီရန်နိုင်ငံ၊ တဟီရန် မြို့တော်တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် လုံခြံုရေး တပ်ဖွဲ့များ အကြား တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ကြောင်း သိရှိရသည်။

တဟီရန်တွင် သမတ မိုဟာမက် အာမက်ဒီနီဂျက်ကို ဆန့်ကျင်သော ဆန္ဒပြမှုများ ငြိမ်သက်သွားပြီး (၂)ပါတ် အကြာတွင် တကျော့ပြန် ဖြစ်ပေါ်လာသည့် လူထုအုံကြွမှုကို ရဲများက နံပါတ်တုတ်များ၊ မျက်ရည်ယို ဗုံးများနှင့် ဖြိုခွဲခဲ့ရသည်။

ဆန္ဒပြသူများ အနေနှင့် လူစုရန် ကြိုးပမ်းနေစဉ်မှာပင် ရဲများ၏ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း မျက်မြင်များက ဆိုသည်။ အီရန်ရှိ အစိုးရ ဆန့်ကျင်ရေး ၀ဘ်ဆိုဒ်များက ယခုတကြိမ် ဆန္ဒပြသူ ထောင်ဂဏန်းမျှကို ရဲများက ဖြိုခွင်းခဲ့သော်လည်း နောက်ထပ်လည်း အကြိမ်များစွာ ဖြစ်ပေါ် လာနိုင်သေးကြောင်း ကြေညာထားသည်။

မျက်မြင်တဦးက တဟီရန် တက္ကသိုလ် အနီးတွင် ကျောင်းသားများနှင့် အရပ်သားများ စုရုံးနေသည်ကို ပလတ်စတစ် ဒိုင်းများနှင့် နံပါတ်တုတ်များ ကိုင်ဆောင်ထားသည့် ရဲများက အတင်းဝင်ရောက် ရိုက်နှက်ကာ လူစုခွဲရန် ကြိုးစားရင်း အပြန်အလှန် ရန်ရှာခဲ့ကြကြောင်း ပြောကြားသွားခဲ့သည်။

ထိုနေ့ ညနေ (၅)နာရီက ဖြစ်ပွားခဲ့သော တိုက်ပွဲသည် မိနစ်(၂၀) အတွင်း ပြီးဆုံးသွားပြီး အမှတ်အသား မပါသော ဗင်ကားများပါ ရောက်ရှိလာကာ လူထုကို တိုက်ခိုက်ခဲ့သဖြင့် ထွက်ပြေး ကုန်ကြကြောင်း ထိုသူက ပြောကြားခဲ့သည်။ ထိုနေ့က မြို့လယ်ရှိ ဖာဒိုဆီ ရင်ပြင်တွင်လည်း အစိုးရအား ထောက်ခံသည့် လူငယ်တစ်စုက ဆန္ဒပြခဲ့သေးကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here