ဥရောပက တောသူဋ္ဌေး နိုင်ငံလေးဝယ်

နော်ဝေလို့ ဆိုလိုက်ရင် အာတိတ် စက်ဝိုင်းကြီးနားက မြောက် အတ္တလန်တိတ် သမုဒ္ဒရာကြီးကို ခါးစောင်း တင်ထားပြီး ရှေးတုန်းက နော်ဝေဂျီယန် ပင်လယ် ဓမြကြီးတွေ မြင်ယောင်လာပြီး၊ အခုခေတ်ဆို ကမာ္ဘ့ နံပါတ်(၁) လူ့အခွင့်ရေး နိုင်ငံ အဖြစ် ကျော်ကြားလှလို့ သိကြပါတယ်။

ရေနံ နဲ့ သင်္ဘော တည်ဆောက်ရေး လုပ်ငန်းတွေမှာ ကမာ္ဘပေါ် တူမတူအောင် ထင်ရှား စီးပွားဖြစ် ချမ်းသာလွန်းကာ ဥရောပမှာ သဘာဝ တောတောင် အရိုင်းအလှတွေနဲ့ တောသူဋ္ဌေး နိုင်ငံလေးမို့ သူတကာတွေက လာချင်အောင် မျက်စေ့ စပါးမွှေး စူးကြသတဲ့။ နော်ဝေ နိုင်ငံကို တရားဝင် အလုပ်လုပ်ခွင့် ပါမစ်နဲ့ ရောက်လာတဲ့သူ အများစုကတော့ ကွန်မြူနစ် စံနစ်ကနေ အမှန်မြင်ပြီး ဒီမိုကရေစီ စံနစ်ဆီ ကောက်ကောက်ပါအောင် လိုက်သွားတဲ့ ပိုလန်နိုင်ငံက အများဆုံးဖြစ်ပါတယ်။ အိမ်နီးချင်း စကင်ဒီနေးဗီးယား နိုင်ငံတွေ ဖြစ်တဲ့ ဆွီဒင်နဲ့ ဒိန်းမတ် နိုင်ငံတွေကနေ နော်ဝေ ကိုလာပြီး အလုပ်လုပ် ကြတဲ့ သူတွေလဲ ရှိပါတယ်။ စကင်ဒီနေဗီးယား နိုင်ငံက သူတွေကတော့ တချိန်တုန်းက ဒိန်းမတ် အင်ပါယာ အောက်မှာ အတူ နေခဲ့ကြဖူးလေတော့ နော်ဝေ စကားနဲ့ သိပ်မကွာလှဖူးလေ၊ ဘာသာစကားရော လူမှု ဆက်ဆံရေးမှာ အခက်အခဲ သိပ်မရှိကြလို့ သူတို့ အတွက်တော့ မထောင်းသာပါဖူး။

နော်ဝေ စကား မတတ်ရင် နော်ဝေမှာ အလုပ်ရဖို့ခက်တယ် ဆိုပေမယ့် ပိုလန်နိုင်ငံက လူတွေကျတော့ အင်္ဂလိပ်လိုပြောပြီး အလုပ် လုပ်နေကြသားပဲ? ဒီထက် ပိုသိချင်လို့ အကြောင်းအရင်း စုံစမ်း မေးမြန်းကြည့်တော့ သူတို့က လုပ်ငန်းပိုင်းမှာ ကျွမ်းကျင်ကြပြီး အလုပ် ကြိုးစားကြတယ်လို့ ဆိုပြန်တယ်။ သူတို့ကတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ စက်ရုံမှာ အောက်ခြေ လုပ်ငန်းတွေနဲ့ 3Dလို့ လူသိများတဲ့ ညစ်ပတ်မယ်၊ ကြမ်းမယ်၊ အန္တရာယ်များမယ် ဒီလို လုပ်ငန်းတွေမှာ များကြပါတယ်။

နော်ဝေမှာ အလုပ် လုပ်ဖို့ နော်ဝေစကား ကျွမ်းကျင်ရမယ်။ ပညာရး အရည်အချင်း လက်မှတ်လိုမယ်။ ပြီးတော့ အာဖာရင်း လို့သူတို့ခေါ်တဲ့ လုပ်ငန်း ကျွမ်းကျင်မှု အထောက်အထား ( အမှန်တော့ လုပ်ငန်း ကျွမ်းကျင်ကြောင်း ထောက်ခံစာပါ) လိုပါ့မယ်။ ပိုလန်က လူတွေကတော့ (အာဖာရင်း) လုပ်ငန်း ကျွမ်းကျင်ပြီး တရားဝင် ပါမစ် ရတဲ့ သူတွေရော၊ တရားမဝင် ခိုးဝင်ပြီး အလုပ်ခိုးလုပ်တဲ့ သူတွေရော မနည်းကြပါဘူး။ တရားမဝင် ၀င်လာတဲ့ သူတွေကတော့ စွက်ဂျော့ လို့ခေါ်တဲ့ အချိန်ပိုင်း တရားမဝင် လုပ်ငန်းတွေမှာ ခိုး အလုပ် လုပ်ကြတာ များပါတယ်။ အဲဒီ အလုပ်တွေကတော့ အိမ်သန့်ရှင်းရေး လုပ်ငန်း၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်း၊ စာသောက်ဆိုင် သန့်ရှင်းရေး၊ အခြားအောက်ခြေသိမ်း အလုပ်တွေ ဖြစ်ကြပါတယ်။

နော်ဝေ နိုင်ငံထဲမှာ တရားဝင် နေထိုင်ခွင့်ရတဲ့ သူတစ်ယောက်က တနာရီမှာ လုပ်အားခ အနည်းဆုံး အခြေခံလစာ နော်ဝေ ခရိုနာငွေ ၁၂၈ (၀င်ငွေခွန် မဖြတ်ရသေး) ရပါတယ်။ တရားမဝင် ခိုးလာသူတွေက တချို့ဆို တနာရီကို ခရိုနာ ၅၀ နဲ့ ၀င်လုပ်သူ က လုပ်ကြပါတယ်။ တချို့ဆိုင်တွေက တနာရီကို ၆၀ မျိုး၊ ၈၀ -မျိုး ရကြသူတွေလည်း ရှိပါတယ်။ တရားဝင် သတ်မှတ်တဲ့ ဈေးတွေတော့ မရနိုင်ကြပါဘူး။ နိုင်ငံပေါင်းစုံက တရားမဝင် ခိုးဝင်လာကြတဲ့ သူတွေ သောင်းချီပြီး ရှိနေကြတော့ ဘာပြဿနာမှ မဖြစ်ရင် ဒီလိုပဲ သာမန်လူတွေလို သွားသွားလာလာ နေထိုင် လုပ်ကိုင်နေကြတာပဲ။ နော်ဝေမှာက မြန်မာနိုင်ငံမှာလို ညဘက် ရှောင်တခင် ဧည့်စာရင်း စစ်တာတို့ ဘာတွေ ညာတွေမှ မရှိတာပဲကိုး။ ကံဆိုးရင်တော့ မသင်္ကာရင် မူးယစ်ဆေး ဝင်ရှာတာနဲ့ ကြုံပြီး တရားမဝင် လူမိရင် လူဝင်မှုကြီးကြပ်ရေး က ဖမ်းပြီး ပြန်ပို့တာတွေတော့ ရှိပါတယ်။ လမ်းသွားရင်း စစ်ဆေးလို့ရှိရင် ပါ့(စ်)ပို့တ် အိမ်မှာကျန်ခဲ့တယ်လို့ ပြောလို့ ဆင်ခြေပေးရင် အတင်းအကြပ် စစ်ဆေးတာတို့ နော်ဝေမှာ လုပ်လေ့ ဖမ်းလေ့ မရှိပါဘူး။ လူ့အခွင့်အရေး နံပါတ်(၁)လေ သိတယ် မဟုတ်လား၊ အဲတာကြီးကယ်လို့၊ တလောတုန်းက အော်စလိုမြို့တော်မှာ ညဘက် အိမ်တအိမ် မီးလောင်တော့ လူ ၄-ယောက် မီးလောင်ပြီး သေသွားတယ်။ လူစာရင်း စစ်တော့ တရားမဝင် ခိုးဝင်လာပြီး အလုပ် လုပ်နေတဲ့ ပိုလန် နိုင်ငံသားတွေလို့ အာဏာပိုင်က မှတ်ချက်ချတယ်။ အမည်ပျောက် ၊ နိုင်ငံပျောက် ဖြစ်နေလို့ လူသေမှုလောက်နဲ့ပဲ စာရင်း ဖျောက်လိုက်ရတယ်။

နော်ဝေမှာ တရားဝင် နေတဲ့သူ မှန်သမျှ ဘယ်မှာနေကြောင်း မြို့နယ် အုပ်ချုပ်ရေး ရုံးတွေမှာ၊ ပြီးတော့ အိုးအိမ် ဦးစီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေး ရုံးမှာ တရားဝင် စာရင်းပေး အကြောင်းကြားရတယ်။ အဲဒီရုံးတွေ ကမှ နယ်မြေ ရဲစခန်းတွေမှာ တရားဝင် စာရင်းမှတ်တမ်း သွင်းပေးရတယ်။ တရားမဝင် ခိုးဝင်လာတဲ့ သူတွေက အဲဒီလို လုပ်လို့ မဖြစ်နိုင်ကြဘူးလေ။ ဒီလူတွေက တရုတ် စားသောက်ဆိုင်တို့ ၊ ထိုင်း စားသောက်ဆိုင် တို့မှာဖြစ်စေ၊ နော်ဝေ တွေရဲ့ နွေရာသီမှာ ဥယျာဉ်ခြံလုပ်ငန်းတွေ၊ ကိုယ်ပိုင် အိမ်ခြံဝင်းတွေက ပန်းခြံငယ် သန့်ရှင်းရေး လုပ်ငန်းမှာ များကြပါတယ်။ အဲဒီ လုပ်ငန်းတွေက လူလိုမှ နာရီနဲ့တွက်ပြီး အလုပ်သမား ခေါ်ကြတာ များပါတယ်။ ပုံမှန် မဟုတ်တော့ ဘယ်ကိုက်ပါ့မလဲ၊ သူတို့ကတော့ တရား မဝင်အလုပ်ဆိုတော့ ၀င်ငွေခွန် ပေးစရာ ဆောင်စရာ မလိုဘူးပေါ့။

နော်ဝေမှာက တနှစ်မှာ နွေရာသီလို့ ခေါ်တဲ့ ဂျွန် ၊ ဂျူလိုင် ၊ ဩဂုတ်လ တွေမှာ တရားမဝင် အလုပ်သမား တွေရော ၊တရားဝင် ဗီဇာ အလုပ် လုပ်ခွင့်ပါမစ်နဲ့ လာသူတွေရော အဝင်များတဲ့ ကာလပါ။နော်ဝေက မေလက စပြီး နှင်းပျော်လို့ အပူဓါတ်လေး ဝင်လာတော့ Summer Job လို့ခေါ်တဲ့ နွေရာသီအလုပ်က မေလ ကစပြီး လှုပ်ရှားမှု စကြတာ များပါတယ်။ တခြား အချိန်တွေဖြစ်တဲ့ စက်တင်ဘာ၊ အောက်တိုဘာ ဆိုရင် အအေးဓါတ်က ၀င်လာပြီမို့ တချို့ နေရာတွေမှာ ဆိုရင် အောက်တိုဘာလ မှာ နှင်းက စကျ ချင်နေပြီ၊ နော်ဝေ မြောက်ပိုင်းမှာ ဆို ရင် ဧပြီလကုန်တဲ့ အထိ နှင်းက ကျချင်နေတုန်း။ နှင်းကျပြီ ဆိုရင် ကွင်းပြင် မြေကြီးပေါ်က စိုက်ပျိုးရေး လုပ်ငန်းတွေ ရပ်ကြရပြီလေ။ ပလပ်စတစ် အမိုး၊ အကာတွေ ကာရံထားတဲ့ ရုံကြီးတွေ တည်ဆောက်ပြီး စိုက်ပျိုးရေး လုပ်တာတွေက ၁၂ ရာသီ ရှိပေမယ့် အမြဲတမ်း အလုပ်ဆိုတော့ နော်ဝေ သားတွေနဲ့ နော်ဝေထဲ တရားဝင် နေခွင့်ရတဲ့ သူတွေပဲ အလုပ်ပြန် ခန့်ကြတာ များပါတယ်။

မြန်မာနိုင်ငံက တရားဝင် အလုပ် လုပ်ခွင့်ပါမစ်နဲ့ လာတဲ့သူတွေ မရှိသလောက် အလွန်ရှားပါတယ်။ ဒီဗွီဘီ အုပ်စုကတော့ နိုင်ငံရေးအသံလွှင့် အထူးဋ္ဌာနဆိုတော့ ချွင်းချက် ထားရမှာပေါ့။ တခြား သူတွေကတော့ နော်ဝေမှာ မြန်မာနိုင်ငံသား အလုပ် လုပ်ခွင့် ပါမစ်ရတဲ့သူ အလွန်ရှာမှ ရှားပါ။ ဒါမေမယ့် ဗဟုသုဖြစ်ဖွယ်ပေါ့ အိမ်နီးချင်း နိုင်ငံတခုကနေ Work Permit လာ လျှောက်ဖူးတဲ့ သူတယောက်တော့ ရှိခဲ့ဖူး ပါတယ်။ သူကတော့ ဂျပန် အစားအစာဖြစ်တဲ့ ဆူရှီပညာရှင် တယောက်ပါ၊ လုပ််ငန်း ကျွမ်းကျင်သူတစ်ယောက် အဖြစ်နဲ့နေတာပါ၊ သူ နော်ဝေကို အလည်ဗီဇာ နဲ့ ရောက်လာတယ်၊ ပြီးတော့ နော်ဝေမှာ ပါ့(စ်)ပို့တ် ဗီဇာသက်တမ်း မကုန်ခင် အလုပ်ရှာကြည့်တယ်။ အလုပ်က ရတယ်။

ခက်တာက သူက ပြည်ပကနေ တရားဝင် ၀ပ်ပါမစ် လျှောက်ပြီး လာတဲ့သူ မဟုတ်ဖူး။ ဒီတော့ သူကို တရားဝင် အလုပ်လုပ်ခွင့်ပေးနို်င် မပေးနိုင် အလုပ်ရှင်ကို မေးကြည့်တယ်။ အလုပ်ရှင်က သူလုပ်ငန်း ကျွမ်းကျင်မှုကို သဘောကျတယ်။ အလုပ် ခန့်ချင်တယ်။ ဒါပေမယ့် သူက ဂျပန် စားသောက်မှုကျောင်းက တရားဝင် ရခဲ့တဲ့ ကျောင်းဆင်းလက်မှတ် မရှိဘူး။ ပြီးတော့ ဂျပန်လူမျိုး တစ်ယောက်လဲ မဟုတ်ဘူုး၊ ဂျပန်လူမျိုး ဖြစ်ခဲ့ရင်တော့ စားသောက်မှု ကျောင်းဆင်း လက်မှတ်မရှိရင်လဲ သူ့လူမျိုး ရိုးရာအစား အသောက်ဆိုတော့ တမျိုးတမည် စဉ်းစားပြီး၊ တရားဝင် အလုပ်ပေးခွင့် နော်ဝေ ဥပဒေအရ ရှိတယ်ပေါ့။ ဒီတော့ သူကို အလုပ်ရှင် က တရားဝင် အလုပ်လုပ်ခွင့် ထုတ်ပေးနိုင်တဲ့ အချက်အလက်တွေ နဲ့ မကိုက်ညီဖူး ဖြစ်နေပြန်တယ်။

ဒီတော့ တရားမဝင် အလုပ် လုပ်မလား ? မေးတယ်။ လစာကတော့ တနာရီ ခရိုနာ ၁၀၀ ၀န်းကျင် အထက်လောက် ရမယ်ပေါ့။ ပညာရှင် အနေနဲ့ ဆိုရင်တော့ တနာရီ ခရိုနာ ၂၀၀ အထက်လောက်မှာ ရနိုင်ပါ့မယ်။ ဒီတော့ သူက တရားမဝင်နေပြီး တရားမဝင် အလုပ် လုပ်မယ်ဆိုရင် နဖူးတွေ့ ဒူးတွေ့ တွေ့မယ့် အရာတွေကတော့ …

  • မကျန်းမာလို့ ဆေးကုသမယ် ဆိုရင် အခက်အခဲတွေ မုချကြံုရမယ်။
  • ပါ့(စ်)ပို့တ် ပြပြီး ခရီးသွားလက်မှတ် ဝယ်ရမယ့် ကိစ္စတွေမှာ ပြဿနာကြုံရမယ်။
  • ပြဿနာ ဖြစ်တိုင်း တရားမဝင်သူဖြစ်လို့ အချိန်မရွေး နှင်ထုတ် ခံရနိုင်တယ်။

ဒီတော့ သူနဂိုရ် လာရာလမ်းကို ပြန်သွားပြီး အလုပ် တခါလုပ်ဖို့ ရှာရပြန်ပေဦးမယ်။ အကယ်၍များ အဆင်ပြေခြင်း ဆိုတာ ကလည်း အမြဲတမ်း ကိုယ့်ဖက်မှာ ရှိပေဦးမှ၊ လက်ရှိတော့ မြန်မာနိုင်ငံ ထဲကနေ ပညာသင်ခွင့် လျှောက်ကြပြီး နော်ဝေမှာ ကျောင်းတက်လို့ ဘွဲ့ရတဲ့အခါ ဆက်အလုပ် လုပ်ခွင့်ရကြပြီး လွန်စွာ အဆင်ပြေတဲ့ သူတချို့ ရှိနေကြပါတယ်။ အနည်းအကျဉ်းပါ။ သူတို့ကတော့ ပညာသင်ခွင့် စာချုပ်အရ မိခင်နိုင်ငံမှာ ပြန်အလုပ် မလုပ်ကြပဲ နော်ဝေမှာ ဆက်အလုပ် လုပ်ကြရင် ပညာသင်ထောက်ပံ့ကြေး ပြန်လျှော်ရပြီး အလုပ်လုပ်ခွင့် ရကြတယ်လို့ သိရပါတယ်။ နောက်ထပ် ဒီထက် အဖြစ်အပျက် စုံတာလေးတွေက နောက်တပတ်မှပဲ ရေးပါဦးမယ်။

နော်လီမိုင်

LEAVE A REPLY

Please enter your comment!
Please enter your name here