တရုတ်နိုင်ငံ အဓိကရုဏ်း ဖြစ်ရာဒေသတွင် လုံခြုံရေးများ တင်းကြပ်ထား

alt

လူမျိုးရေး အုံကြွမှု အဓိကရုဏ်းများ ငြိမ်သက်သွားပြီ ဖြစ်သော်လည်း တရုတ် စစ်တပ်နှင့် ရဲများသည် အူရမ်ကွီ မြို့အတွင်း လုံခြံုရေး ထူထပ်စွာ ချထားဆဲ ဖြစ်ကြောင်း သိရှိရသည်။

အူဂါနှင့် ဟန်တို့ကြား သွေးချောင်းစီး လက်စားချေ သတ်ဖြတ်မှု များအား တရုတ် အစိုးရက အင်အားသုံး ဟန့်တား ခဲ့ပြီးနောက် ထိုဒေသ များတွင် အခြေအနေကို ဆက်လက် စောင့်ကြည့် နေပြီး စစ်သည် အင်အားကိုလည်း အများအပြား တပ်ဖြန့် ထားလိုက်ရသည်။ လူ(၁၅၆)ဦး ထက်မနည်း သေဆုံးခဲ့သည့် လူမျိုးရေး အဓိကရုဏ်းများကို ရဲနှင့်စစ်တပ်က နှိမ်နင်းပြီးနောက် ဇူလိုင်လ (၈)ရက်နေ့မှ စပြီး မြို့၏ အခြေအနေကို ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်သော်လည်း စိတ်မချရသေးကြောင်း တရုတ် အာဏာပိုင်များက ၀န်ခံ ခဲ့ကြသည်။

ဇူလိုင်လ (၈)ရက် နေ့က ဟန် တရုတ်လူမျိုး ထောင်ဂဏန်းမျှသည် အူဂါ တို့အား သတ်ဖြတ်ရန် စုရုံးခဲ့သဖြင့် ရဲများက မေတ္တာရပ်ခံပြီး လူစု ခွဲခဲ့ရသေးသည်။ အူရမ်ကွီ မြို့တော်ဝန်က မြို့နေ လူထုအနေနှင့် တရားဥပဒေကို မချိုးဖောက်ရန် တိုက်တွန်း နှိုးဆော်ထားခဲ့သည်။ အူရမ်ကွီမြို့သည် (၃)ရက်မျှ မင်းမဲ့စရိုက်များ ဖုံးလွှမ်းခဲ့ပြီး အပြန်အလှန် သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့မှုကို တရုတ် အစိုးရက စစ်ဆေးရန် စတင် ဆောင်ရွက်နေပြီ ဖြစ်သည်။

ယခုအခါ မြို့၏ အချက်အချာ နေရာတိုင်းတွင် စည်းစနစ် ကျနစွာ စုဖွဲ့ထားသော စစ်သားနှင့် ရဲများကို တွေ့မြင်နေရကြောင်း မြို့ခံများက ပြောကြားခဲ့ကြသည်။ မြို့ခံလူ တစ်ဦးဖြစ်သည့် လီ က မြို့လယ်ခေါင်တွင် စစ်ထရပ်ကား (၄၂)စင်း ထက်မနည်း စုရုံး တပ်စွဲထားကြောင်း ပြောကြားခဲ့သည်။

အူရမ်ကွီမြို့သည် ရှင်ဂျန်းဒေသတွင် ပါ၀င်သော မြို့တစ်မြို့ဖြစ်ပြီး လူဦးရေ (၂.၃)သန်းမျှ နေထိုင်လျှက်ရှိပြီး၊ ရှင်ဂျန်းတွင် အူဂါလူမျိုး (၈)သန်းမျှ ရှိကာ ၎င်းတို့သည် နှစ်ပေါင်းများစွာ ဒေသခံ ဟန်များနှင့် လူမျိုးရေး မကြေလည်မှုများ ရှိနေခဲ့ရာမှ ယခုကဲ့သို့ လူမျိုးရေး အုံကြွ ပေါက်ကွဲခဲ့သဖြင့် ယခုကဲ့သို့ လူသတ်ပွဲများ ပေါ်ပေါက် လာရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here